Saturday, May 10, 2014

တိုင်းရင်သား ညီနောင်ပါတီတွေ ဥပဒေကြမ်းတစ်ခု တင်သွင်းမည်


ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေကြမ်းတစ်စောင်ကို မကြာမီ လွှတ်တော်ကို တင်ပြသွားမှာဖြစ်ကြောင်း ဒီနေ့ ရန်ကုန်မြို့မှာ နှစ်ရက် ကြာကျင်းပနေတဲ့ NBF အဖွဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုမှာ နှစ်ရက်ကြာကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇိုဇမ် က အခုလို ပြောပါတယ်။

"ဗမာလူအများစုရဲ့ လွှမ်းမိုးခြင်းခံရတဲ့ ကျနော်တို့က လူမျိုးတွေဖြစ်သွားတယ်၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကာကွယ်တဲ့ဥပဒေမျိုး ဒီအချိန်မှာ လွှတ်တော်မှာလိုအပ်တယ်၊ ကျနော်ဆိုလိုတာက ဗမာလူ အများစုအနေနဲ့ သူတို့အခွင့်အရေးက ရသင့်သလောက်ရတယ်၊ အခွင့်အရေး လုံးဝမရတာကတော့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေပဲဖြစ်တယ်"

မကြာခင် ပြန်လည်စတင်တော့မယ့် လွှတ်တော်မှာ လူနည်းစုတိုင်းရင်းသား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ အဲဒီဥပဒေကြမ်းမှာပါဝင်တဲ့ လူနည်းစု တိုင်းရင်းသား ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်အပါအ၀င် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ ကာကွယ်ပေးတဲ့ ဥပဒေတွေမပါဝင်တာကြောင့် NBFအဖွဲ့က ဋ္ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကာကွယ်တဲ့ ဥပဒေကြမ်းတစ်စောင်ကို လွှတ်တော်ကို တင်ပြသွားမယ်လို့သိရပါတယ်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကို တိုင်းရင်းသား ပါတီ ၂၀ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကို ကျားဖြူပါတီ ခေါ် SNDP ၊ ချင်းအမျိုးသားပါတီ CNP ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP စတဲ့ NBF အဖွဲ့ဝင် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားတပ်ဦးက လက်ထောက်အတွင်းရေးမှူး ဒေါက်တာရွှေခါးက ဋ္ဌာနေတိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သတ်တဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဋ္ဌာနေတိုင်းရင်းသားလို့ဆိုရာမှာ နိုင်ငံတကာရဲ့ သတ်မှတ်ချက်တွေအရ သမိုင်းအစဉ်အလာရှိတဲ့ နယ်မြေ နယ်နိမိတ် သတ်မှတ်ချက်ရှိမှု၊ ယဉ်ကျေးမှု ၊ ဘာသာရေး ၊ စစ်ရေး နိုင်ငံရေးအရ လွှမ်းမိုးခံရမှု၊ ကိုယ်ပိုင် အမျိုးသားရေး ဂုဏ်ပုဒ်လက္ခဏာတွေရှိမှု စတဲ့အချက်တွေနဲ့ တိုင်းတာတယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List