ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် နှစ်ဖက်အပြန်အလှန် သဘောထားဖလှယ်နိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ တစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ သဘောတူလိုက်ကြပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလို ပြောပါတယ်။
"သူတို့လည်း သူ့နည်းသူ့ဟန်နဲ့ ဆောင်ရွက်နေကြပါတယ်၊ ကျနော်တို့လည်း ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ ဆောင်ရွက်နေပါတယ်၊ သို့သော်လည်းပဲ ဒီလိုတွေ့ဆုံညှိနှိုင်းပြီး ပူးပေါင်းအဖြေရှာရင် ပိုကောင်းတာပေါ့၊ ကျနော်တို့ သိထားတဲ့အချက်တွေကို သူတို့ကို ပြန်ပြီးတော့ပြောပြတယ်၊ အဓိကကတော့ဗျာ ငြိမ်းချမ်းရေးမြန်မြန်ရချင်တာပေါ့၊ အဲဒါကြောင့်မို့ သိထားတဲ့အချက်တွေကို ဖလှယ်တာဖြစ်ပါတယ်၊ တစ်လကို တစ်ခါပေါ့ ၈၈ အဖွဲ့နဲ့ ကျနော်တို့ လုပ်ငန်းကော်မတီနဲ့ ဒီမှာတွေ့ပြီးတော့ သတင်းတွေကို ဖလှယ်ပြီးတော့ ဆောင်ရွက်ဖို့ ညှိနှိုင်းတာဖြစ်ပါတယ်"
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ နှစ်ဘက်မျှတတဲ့ အချက်တွေပါဝင်ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ၀ိုင်းဝန်းကြိုးစားသွားမယ်လို့ ဒီနေ့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက ပြောပါတယ်။
"အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာ တစ်ဖက်ဘက်ကို သာသွားစေတာမျိုး မဟုတ်ဘဲနဲ့ နှစ်ဖက်မျှတတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ဖြစ်လာဖို့ အရေးကြီးပါတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့အနေနဲ့ကတော့ နှစ်ဖက်စလုံးမှာ ဘယ်လိုဖြစ်သင့်သလဲဆိုတာကို နှစ်ဖက်စလုံးကို အကြံပေးပြုပြီးတော့ ပါဝင်သွားမှာဖြစ် တယ်၊ ပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲထဲမှာလည်း ဆက်ပြီး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်သွားအောင် ၈၈ အနေနဲ့ ကြိုးစားသွားမှာပါ"
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဟာ လာမယ့် မေလ ၁၃ ရက်နေ့မှာ ကေအိုင်အိုနဲ့ မြစ်ကြီးနားမြို့မှာတွေ့ဆုံပြီး ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ဒုက္ခသည်တွေအရေးကိုလည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
RFA Burmese
No comments:
Post a Comment