Friday, May 09, 2014

ဆီးရီးယား အတိုက်အခံခေါင်းဆောင် အမေရိကန်အစိုးရကို လက်နက်အကူညီတောင်း


ဆီးရီးယား အတိုက်အခံခေါင်းဆောင် အာမန်ဂျာဘာက ဆီးရီးယားလေတပ်ကို တွန်းလှန်ရာမှာ ကူညီဖို့ လက်နက်တွေ ပံ့ပိုးရေး အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။သူဟာ ဆီးရီးယားတော်လှန်ရေးနဲ့ အတိုက်အခံတပ်အတွက် အမျိုးသားညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

“လေတပ်က စီးနင်းပြီး တိုင်ကီဗုံးတွေနဲ့တိုက်လို့ ကျနော်တို့ရဲ့ဘ၀က အိမ်မက်ဆိုးကြီးထဲ ရောက်နေတယ်၊ လေတပ်ကို ယှဉ်နိုင်တဲ့ လက်နက်တွေ လိုချင်တယ်” လို့ သူက ပြောပါတယ်။

“လက်နက်တွေ အများကြီး မလိုချင်ပါဘူး။ ထိရောက်မှုရှိတဲ့ လက်နက်တွေကို သင့်တော်တဲ့ ကျနော်တို့ သိတဲ့ တကယ့်ကျွမ်းကျင်သူ ပညာရှင်လက်ထဲ ထည့်ပေးမှာပါ” လို့လည်း ပြောပါတယ်။

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ တွေ့ဖို့ မျှော်လင့်ထားတဲ့ အစည်းအဝေး မတိုင်ခင် အမေရိကန် အစိုးရကခန့်အပ်တဲ့ တတ်သိပညာရှင်အဖွဲ့ဖြစ်တဲ့ အမေရိကန် ငြိမ်းချမ်းရေးအဖွဲ့ကို သူက ခုလို မှတ်ချက်ပေး ပြောလိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌရဲ့ အလည်အပတ်ခရီးစဉ်ဟာ သံတမန်ရေးရာ နိုင်ငံခြားတာဝန် အတွက် ဆီးရီးယားရဲ့ အဓိက အတိုက်အခံအုပ်စုကို အသိအမှတ်ပြုရေး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်ဆိုင်နေပါတယ်။

အမေရိကန်ကတော့ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို တိုက်နေတဲ့ သူပုန်တွေကို လူအသေ အပျောက်နဲ့ မဆိုင်တဲ့ အထောက်အပံ့တွေ အမေရိကန်ဒေါ်လာ ၂၇ သန်းဖို့ တိုးမြှင့်ပေးဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်ကို ရောက်နေတဲ့ ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ မေ ၈ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရတပ်တွေကတော့ တိုက်ပွဲတွေမှာ အသာစီးရနေပြီး အစိုးရက သမ္မတ ရွေးကောက်ပွဲကို ဇွန် ၃ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။ သမ္မတအာဆတ်ပဲ အနိုင်ရမယ်လို့ မျှော်လင့်ကြ ပါတယ်။

အမေရိကန်အစိုးရကတော့ ရွေးကောက်ပွဲတွေဟာ အများယုံကြည်လက်ခံနိုင်မှု မရှိဘူးလို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲက ဟန်ဆောင်ထားတာလို့ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List