Saturday, May 10, 2014

သန်းခေါင်စာရင်း အပြီးသတ် ရလဒ် မထုတ်ပြန်မီ တိုင်းရင်းသား ပြဿ နာ ဖြေရှင်းရန် တောင်းဆို


နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း တစ်ကျော့ပြန် ကောက်ယူသည့် သန်းခေါင်စာရင်း အပြီးသတ် ရလဒ် များကို မထုတ်ပြန်မီ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ တိုင်းရင်းသား ပြဿနာများကို ဖြေရှင်းပေးရန် လိုအပ်ကြောင်း၂၀၁၄ သန်းခေါင်စာရင်း ဆိုင်ရာ ချင်အမျိုးသား အထောက်အကူပြု ကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ မေလ ၉ ရက်နေ့က လှိုင်မြို့နယ်ရှိ Gender and Development Initiative ရုံးခန်းတွင် ပြုလုပ်သည့် အဆိုပါ ကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ရာတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စာရင်းကို အခြေခံ၍ ကောက်ယူခဲ့သဖြင့် လူမျိုး သင်္ကေတ (Code) သတ်မှတ်ရာတွင် မှားယွင်းမှု၊ လွဲချော်နေမှု၊ မျိုးနွယ်စု အမည်များ ဖောင်းပွနေမှု၊ မျိုးနွယ်စုများ ကျန်ရစ်ခဲ့မှု စသည့် ပြဿ နာများကို အပြီးသတ် ရလဒ် မထုတ်ပြန်မီ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဖြေရှင်းရန် လိုအပ်ကြောင်း ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ရလဒ်ကို အခြေခံကာ သတ်မှတ်သဖြင့် ချင်းလူမျိုးတွင် မျိုးနွယ်စု ၅၃ ခု ရှိနေပြီး ယခု သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း လွဲမှားမှုများ ရှိနေသဖြင့် မျိုးနွယ်စုများ သတ်မှတ်ရာ၌ ထပ်မံလွဲမှားမည်ကို စိုးရိမ်ကြောင်း၊ သန်းခေါင်စာရင်းတွင် ဇိုမီးလူမျိုးများက သီးခြား ခွဲထွက်ရန် လုပ်ဆောင်မှု ရှိလာသဖြင့် သန်းခေါင်စာရင်းကြောင့် ခွဲထွက်ရေးများ ဖြစ်လာမည်ကိုလည်း စိုးရိမ်ကြောင်း ချင်းတိုင်းရင်းသားများက ပြောကြားသည်။

“လူမျိုးကို Code ပေးပြီး မကောက်ခဲ့ရင် အဲလောက်အထိ ဝိရောဓိ ရှိမှာ မဟုတ်ဘူး”ဟု ဆလိုင်း အိုက်ဇက်ခင်က ဆိုသည်။

သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာ မေးမြန်းခြင်း မရှိခြင်း၊ ပြည်တွင်း ရပ်ဝေး သွားနေသူများ၊ ပြည်ပတွင် ရောက်ရှိနေသူများ စာရင်း အကောက်မခံရခြင်း၊ စာရင်းကောက်မည့် ရက်နှင့် အချိန်ကို ကြိုတင်မပြောဘဲ စာရင်းကောက်ချိန်တွင် မရှိသူကို ပြန်လည် ကောက်ယူမှု မရှိခြင်း၊ ဗမာစကား ကောင်းမွန်စွာ မပြောနိုင်သည့် ဒေသများတွင် ဖြေဆိုသူများသည် မေးခွန်းကို ရှင်းရှင်းလင်းလင်း နားမလည်ဘဲ ဖြေဆိုခဲ့ရခြင်း၊ မသန်စွမ်းများနှင့် ပတ်သက်၍ သေချာမေးမြန်းမှု မရှိခြင်း၊ ဒေသအချို့တွင် လူကိုယ်တိုင် မကောက်ဘဲ အိမ်ထောင်စုစာရင်းပါ အချက်အလက်ဖြင့် ကောက်ယူခြင်း အပါအဝင် အားနည်းချက် များစွာကို တွေ့ရှိရကြောင်း ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက် အကူပြု ကော်မတီက ထုတ်ပြန်သည်။

ပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသများတွင် သန်းခေါင်စာရင်း အပြည့်အဝ မကောက်ယူနိုင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ၏ လူဦးရေစာရင်းကို ကောက်ခံ မရရှိနိုင်ခြင်း စသည့် အချက်များကြောင့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းသည် ရာနှုန်းပြည့် မပြည့်စုံနိုင်ကြောင်း ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

သန်းခေါင်စာရင်း အကျိုးဆက် ဖြစ်လာသည့် တိုင်းရင်းသား ပြဿနာများကို သန်းခေါင်းစာရင်း ရလဒ် ထွက်ပေါ် လာပါက ဖြေရှင်းသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List