Wednesday, May 07, 2014

ဒဂုန်တာရာ အထိမ်းအမှတ်ဂူဗိမ္မာန် သြဂုတ်လတွင် အပြီးဆောက်မည်


စာရေးဆရာ ဒဂုန်တာရာ၏ သေဆုံးသည့် တစ်နှစ်ပြည့် အထိမ်းအမှတ်ဂူဗိမ္မာန်ကို အောင်ပန်းမြို့အ၀င် မယ်ခိုတောင်ပေါ်၌  ၂၀၁၄ ခုနှစ် သြဂုတ်လတွင် အပြီးသတ်တည်ဆောက်မည်ဟု ဒဂုန်တာရာ၏ တူမဖြစ်သူ ဒေါ်ရိုးရိုးက ပြောသည်။

မေလ ၆ ရက်က ပြုလုပ်သည့် ဆရာဒဂုန်တာရာ၏  (၉၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားနှင့် ဂူဗိမ္မာန်တည်ဆောက်ရေး  အခြေအနေများ ရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

“မေလ ၁၀ရက်က ဆရာဒဂုန်တာရာရဲ့မွေးနေ့။ ဒါပေမယ့် ဂူဗိမ္မာန်က အဲဒီအချိန်မပြီးသေးဘူး။ ဒါကြောင့်မို့လို့ ဆရာ့ရဲ့ တစ်နှစ်ပြည့်တဲ့အချိန်ဖြစ်တဲ့ သြဂုတ်လမှာ အပြီးသတ် တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်” ဟု ဒေါ်ရိုးရိုးက ပြောသည်။

ဒဂုန်တာရာ၏ အရိုးပြာအိုးကို ရေမျောခဲ့ပြီးဖြစ်သည့်အတွက် ယခုဆောက်လုပ်မည့် ဂူဗိမ္မာန်တွင် ကိုယ်တစ်ပိုင်းပုံ ပုံတူကြေးရုပ်ထုကို ထားရှိမည်ဖြစ်သည်။ ဂူဗိမ္မာန်ပုံစံမှာ အမိုးပါရှိပြီး အကာမှာ လေ၀င်လေ
ထွက်ကောင်းမွန်၍ လူတိုင်းကြည့်ရှုနိုင်ရန် သံပန်းများကာရံထားမည်ဖြစ်သည်။ ဂူ၏ အကျယ်မှာ ၂၅ပေ  ပတ်လည်ကျယ်ဝန်းမည်ဖြစ်သည်။

ဂူဗိမ္မာန်ကို ဒဂုန်တာရာ၏တူမဖြစ်သူ ဒေါ်သန္တာစိုးက တစ်ဦးတည်း အကုန်အကျခံ ဆောက်လုပ်ခြင်းဖြစ်ပြီး  အခြား မည်သည့် အကူအညီကိုမျှ လက်ခံခြင်း မရှိဘဲ ကုန်ကျငွေ သိန်း ၂၀၀ နှင့် ၃၀၀ ကြား ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ယင်းဂူဗိမ္မာန်ကို မတ်လက စတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး ဂူဗိမာန်ဆောက်လုပ်ရေး အတွက် ဂူဗိမ္မာန် တည်ဆောက်ရေးကော်မတီကို ဖွဲ့စည်းကာ  လုပ်ဆောင်နေခြင်း ဖြစ်သည်။

စာရေးဆရာဒဂုန်တာရာသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ ကွယ်လွန်ခဲ့သည်။

ထို့ပြင် ဒဂုန်တာရာ၏ (၉၅)နှစ်မြောက်မွေးနေ့ကိုလည်း အောင်ပန်းမြို့နယ်၊ မြို့တော်ခန်းမတွင် ကျင်းပရန်စီစဉ်ထားပြီး အခမ်းအနားတွင် ဆရာဒဂုန်တာရာ ရေးသားထားသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ၀တ္တုများအကြောင်းကို စာရေးဆရာများက စာတမ်းဖတ်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List