Friday, May 09, 2014

EU ၏ ငြိမ်းချမ်းရေး အကူအညီ ထိရောက်စွာ သုံးစွဲဟု သံအမတ်ကြီးပြော



ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် အဓိက ထောက်ပံ့နေသူ ဖြစ်သည့် ဥရောပသမဂ္ဂ (EU) ၏ ငြိမ်းချမ်းရေးအကူအညီများကို ထိရောက်စွာ သုံးစွဲနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Roland Kobia က ပြောကြားသည်။ မေလ ၉ ရက်နေ့တွင် ကျရောက်မည့် ဥရောပသမဂ္ဂနေ့ အထိမ်းအမှတ်အဖြစ် သတင်းမီဒီယာ အချို့နှင့် မေလ ၈ ရက်နေ့ က တွေ့ဆုံစဉ် The Voice ၏ မေးမြန်းမှုကို ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“EU နိုင်ငံသား တစ်ဦးချင်းစီရဲ့ အခွန်တွေကို ကျွန်တော်တို့ ပေါ့ပေါ့တန်တန် မသုံးပါဘူး။ MPC (မြန်မာငြိမ်းချမ်းရေး စင်တာ)မှာ သုံးစွဲမှု အသေးစိတ်ကို နေ့စဉ် ရုံးထိုင်ပြီး စိစစ်ခွင့်ပြုတဲ့အထိ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတာပါ။ ဒီတော့ သုံးစွဲမှုတွေကလည်း ထိရောက်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များအတွက် EU၊ ဂျပန် စသည့် နိုင်ငံကြီးများက ငွေကြေးထောက် ပံ့မှုများစွာ ပေးထားသော်လည်း အပစ်အခတ်ရပ်စဲရေး နှောင့်နှေးမှုများနှင့် MPC ၏ လုပ်ဆောင်ချက်များအပေါ် ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူ အချို့ ဝေဖန်ခဲ့ကြသည်။

မတူကွဲပြားသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ဆယ်စုနှစ်များစွာ ပဋိပက္ခ နောက်ခံများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အချိန်ယူရန်လိုအပ်ပြီး လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများမှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ကြောင်း၊ အဓိက အရေးကြီးသည့် ဆွေးနွေးပွဲများ ခပ်စိပ်စိပ် ပြုလုပ်နေသည့်အတွက် ငြိမ်းချမ်းရေး တည်ဆောက်မှု အတွက် မစိုးရိမ်သင့်ကြောင်း သံအမတ်ကြီးက ထပ်လောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တွန်းအားပေးရန် ၂၀၁၂ ခုနှစ်တွင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာသံရုံးကို ဖွင့်လှစ်ခဲ့ပြီး လက်နက်ကုန်သွယ်မှုမှအပ စီးပွားရေးပိတ်ဆို့မှု အားလုံးကို ပယ်ဖျက်ပေးခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ ဖွံ့ဖြိုးမှုကဏ္ဍစုံအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ ထောက်ပံ့ထားကြောင်း EU ၏ မှတ်တမ်း များအရ သိရသည်။

ပြုပြင်ပြောင်းလဲရေးကြောင့် နိုင်ငံတကာ၏ အထောက်အပံ့များစွာ ရရှိနေသော်လည်း အောက်ခြေအဆင့်တွင် မြင်သာသော ပြောင်းလဲမှုများ မဖြစ်ပေါ်သေးကြောင်း လေ့လာသူအချို့က ထောက်ပြကြသည်။

သို့သော်လည်း အပြောင်းအလဲအတွက် အချိန်ယူရန်လိုအပ်ကြောင်း၊ ထောက်ပံ့မှုများထိရောက်သည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူးပက်ထရစ်က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List