Friday, May 09, 2014

ဗီယက်နမ် သင်္ဘောနှစ်စင်းကို တရုတ်သင်္ဘော ရည်ရွယ်ချက်ရှိရှိ ဝင်တိုက် တောင်တရုတ်ပင်လယ် တင်းမာမှုမြင့်တက်


တောင်တရုတ်ပင်လယ် အငြင်းပွား ရေပြင်တွင်းရှိ ဗီယက်နမ်သင်္ဘော နှစ်စင်းကို တရုတ်သင်္ဘောက ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့သည်ဟု ဗီယက်နမ် နိုင်ငံက စွပ်စွဲလိုက်ပြီး တောင်တရုတ် ပင်လယ်ပြင်တွင်းရှိ အငြင်းပွားမှုများ တလိပ်လိပ် မြင့်တက်လာကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 

သင်္ဘောတိုက်မှုမှာ တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့ပြီး ဗီယက်နမ်သင်္ဘောများ သိသိသာသာ ထိခိုက် ပျက်စီး သွားကာ လူခြောက်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

“လေကြောင်း အထောက်အပံ့ ရယူထားတဲ့ တရုတ်သင်္ဘောတွေက ဗီယက်နမ် သင်္ဘောတွေကို ခြိမ်းခြောက်ခဲ့ပါတယ်” ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက ဒေါ်လာသန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရေနံတွင်းတူးစင် တစ်ခုကို တောင်တရုတ် ပင်လယ် တွင်းရှိ အငြင်းပွား ရေပိုင်နက်အတွင်းသို့ ရွှေ့ပြောင်း နေရာချထားပြီး အဆိုပါ နယ်မြေအတွင်း တရုတ်နှင့် ဗီယက်နမ် ရေတပ်သင်္ဘော ဒါဇင်နှင့်ချီကာ တပ်စွဲရောက်ရှိနေသည်။

“သေနတ်တစ်ချက်မျှ မပစ်ရသေးပါဘူး။ တရုတ်က အရင်မပစ်ရင် ဗီယက်နမ်က ပစ်မှာမဟုတ်ပါဘူး” ဟု အမည်မဖော်လိုသူ ဗီယက်နမ် ရေတပ်အရာရှိ တစ်ဦးက ပြောကြားသည်။

ဗီယက်နမ်သင်္ဘောကို ဝင်တိုက်သည်ဆိုသော စွပ်စွဲချက်ကို တရုတ်နိုင်ငံက လက်ရှိအချိန်ထိ ဖြေရှင်း ထားခြင်းမရှိသော်လည်း တရုတ် ရေနံတွင်းတူးစင် ရွှေ့ပြောင်းမှုသည် ဗီယက်နမ်၊ အမေရိကန် စသည့်နိုင်ငံ များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့ သည်။

“တရုတ်ရဲ့အချုပ်အခြာ အာဏာပိုင်နယ်မြေတွင်းက တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကို အမေရိက စောဒက တက်ပိုင်ခွင့် မရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတိပေးလိုက်သည်။

တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်ဒေသ တစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း ထုတ်ဖော် ပြောကြားထား သဖြင့် ဗီယက်နမ်၊ ဖီလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့နှင့် အငြင်းပွားမှုများ ပေါ်ပေါက်နေ သည်။

ထို့အပြင် ရေနံတွင်းတူးစင် စေလွှတ်မှုသည် စီးပွားရေးရာ ဆုံးဖြတ်ချက် မဟုတ်ဘဲ အမေရိကန်၏ အာရှ မဟာဗျူဟာကို တုံ့ပြန်ရန် စီစဉ်ထားသည့် တရုတ်ဗဟိုအစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက် ဖြစ်နိုင်ကြောင်း ဘေဂျင်း ရှိ ရေနံ အရာရှိတစ်ဦးက ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားက တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ဂျပန်နှင့် ဖိလစ်ပိုင် နိုင်ငံများသို့ ခရီးလှည့်လည်သွားလာပြီးနောက် တရုတ် ရေနံတွင်းတူးစင်အရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၁၉၇၉ ခုနစ်တွင် စစ်ဖြစ်ခဲ့သော တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံသည် နယ်စပ်ဒေသ အငြင်းပွားမှုများကို ဘေးဖယ်သွားရန် ကြိုးပမ်းလျက်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ယခု တစ်ဖန် အငြင်းပွားမှုများက ထပ်မံပေါ်ပေါက်လာပြန်ပြီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List