Friday, May 09, 2014

မျိုးစောင့်ဥပဒေ ပြဌာန်းရေး ရဟန်းသံဃာနဲ့ သက်ဆိုင်သလား


အမျိုးသားရေးဝါဒ နဲ့ ဗုဒ္ဓ၀ါဒဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ ဥပမာ - ဂေါတမဗုဒ္ဓ နဲ့ ရှင်ဒေ၀ဒတ္တ တို့ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ဝမ်းကွဲ ညီအကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်က အဂ္ဂသာဝကနှစ်ပါးကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ်ကို မရွေးချယ်ဘဲ ဗြဟ္မဏ အနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် တို့ကို သာရွေးချယ်ခဲ့ပါတယ်။ 

မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကို မကြည့်ပါဘူး။ သီလ သမာဓိ ပညာ ဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်မှာ အမျိုးမာန် အမျိုးစွဲ ထားဖို့ ဟောခဲ့တဲ့ တရား မပါဝင်ပါဘူး။ 

ရုပ်နာမ် ပရမတ်ကို ထွင်းဖေါက်မြင်တော်မူတဲ့ ဘုရားရှင်အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ ပုဂ္ဂိုလ် သတ္တဝါ ပညတ် အမြင် အပေါ် အခြေခံတဲ့ လူမျိုးစွဲ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။ 

အစွဲဆိုတာတဏှာလောဘပါ။ ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်ဟာ တဏှာကင်းရာကုန်ရာကို ကျင့်ဖို့ဟောတော် မူခဲ့တဲ့ တရားတော်သာ ဖြစ်ပါတယ်။ 

တဏှာပွားကြောင်းကို ဖြစ်စေမယ့် မည်သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာ မဟုတ်ပါဘူး။ မြတ်စွာ ဘုရား က သူ့ရဲ့ သာကီဝင် မင်းမျိုးအတွက်ကိုသာ ရည်ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။ 

မြတ်စွာဘုရားက (၃၁) ဘုံမှာ ရှိကြတဲ့ သတ္တဝါအားလုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ၀ါဒ က လူမျိုးတမျိုးတည်း၊ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတခုတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။ 

အမျိုးသားရေးဝါဒကတော့ လူမျိုးတမျိုးနဲ့သာ သက်ဆိုင်ပါတယ်။ ဗုဒ္ဓ၀ါဒ နဲ့ အမျိုးသားရေးဝါဒကို မရောထွေး သင့်ပါဘူး။ 

အမျိုးသားရေးဝါဒ စွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော် ဟုတ်သလား မဟုတ်ဘူးလား ဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ 

ဝသလသုတ္တန်ကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် မြို့ထဲသို့ ဆွမ်းခံ ကြွလာတော်မူတဲ့ ဘုရားရှင်ကို အမျိုးဇာတ်ကြောင့် မာန်မာန ထောင်လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇ
ဗြဟ္မဏရဲ့ ရဟန်းယုတ် ဦးပြည်းယုတ် သူယုတ်မာ စသည်ဖြင့် ရိုင်းစိုင်း ကြမ်းတမ်းစွာ ခေါ်ဝေါ် ပြောဆိုမှုကို အကြောင်းပြုပြီး ဟောတော်မူခဲ့ပါတယ်။ 

သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ရှေးယခင်မှ စပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှုစနစ် အားကောင်းပြီး အမျိုးသားရေးဝါဒ အလွန် ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဝသလသုတ္တန်မှ အောက်ပါ ဂါထာ နှစ်ဂါထာကို ထုတ်နှုတ် ဖေါ်ပြလိုပါတယ်။ 

ကောဓနော ဥပနာဘိ စ၊ ပါပမက္ခီ စ ယော နရော ဝိပန္နဒိဋ္ဌိ မာယာဝီ၊ တံ ဇညာ ဝသလော ဣတိ “အကြင်သူသည် အမျက် ထွက်လေ့ ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက် တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့် ပတ် တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏” န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြဟ္မဏော ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြဟ္မဏော “အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏” 

 ဒေသနာအဆုံးမှာ အဂ္ဂိကဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာဘုရားကို လေးစားကြည်ညိတဲ့ ဥပါသကာ ဒါယကာတယောက် ဖြစ်သွားခဲ့ပါတယ်။ 

ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒကို လက်ခံကျင့်သုံးရန် သင့် မသင့် လေးနက်စွာ ပြန်လည် ဆင်ခြင် စဉ်းစားသင့်ပါ တယ်။ 

ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒမှ တဖက်စွန်း အမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကို မကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့ မြန်မာပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။ 

ပြင်းထန်တဲ့ လူမျိုး ဘာသာဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုး ဖြစ်စေသလား။ ဆိုးကျိုး ဖြစ်စေ သလား ဆိုတာ ကမ္ဘာ့သမိုင်းမှာလည်း သက်သေ ပြခဲ့ပြီးပါပြီ။ 

ယခုလည်း ဆီးရီးယား အီရတ် နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ အပြစ်မဲ့ သာမာန်ပြည်သူတွေဟာ ပြင်းထန် တဲ့ လူမျိုး ဘာသာ အယူဝါဒရဲ့ သားကောင်ဘဝကို ကျရောက်နေကြရတဲ့ သတင်းတွေကို နေ့စဉ်လိုလို 
တွေ့မြင်ကြားသိနေရပါတယ်။ 

မြတ်စွာဘုရားရဲ့ သန့်စင်မွန်မြတ်တဲ့ တရားတော်ကို လူမျိုးစွဲ ဘာသာစွဲ ဆိုတဲ့ တဏှာအစွဲနဲ့ အရောင် ဆိုးတဲ့ လုပ်ရပ်မှန်သမျှဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မဇိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံတနိုင်ငံဖြစ်ပါလျှက်နဲ့ မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာ အဆင်းရဲဆုံး အမွဲတေဆုံး နိုင်ငံ ဖြစ်နေရခြင်းရဲ့ အဓိက တရားခံဟာ အာဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါဒါန် အစွဲကြောင့်ပဲ ဖြစ်ပါတယ်။ 

အာဏာကိုမစွန့်နိုင် ဖြစ်နေကြတဲ့ စစ်အာဏာရှင်မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာအပေါ် တပ်မက်မော တဲ့ တဏှာကို စွန့်ဖို့ ဟောပြော ပြသဆိုဆုံးမခြင်းသည်သာလျှင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများရဲ့ တာဝန် ဖြစ်ပါတယ်။ ထိုတာဝန်ကို ထမ်းဆောင်ခြင်းဟာ လက်ရှိ မြန်မာ့နိုင်ငံ အရေးအတွက် အလိုအပ်ဆုံးနဲ့ အရေး အကြီးဆုံးလည်း ဖြစ်ပါတယ်။ 

ယနေ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြီး ပြဌာန်းဖို့ ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေ ဆိုတာ သူတို့အတွက် လို မလို၊ အဓိက ကျ မကျ ဆိုတာ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်မယ် ထင်ပါတယ်။ 

ခေတ်ပညာတတ် ဘွဲ့ရတွေတောင် ပါဝင်တဲ့ မြန်မာအမျိုးသမီးငယ်များဟာ ဘာ့ကြောင့် ဟောင်ကောင်ကို သွားပြီး အိမ်ဖေါ်လုပ်နေကြရပါသလဲ။ 

မြန်မာအမျိုးသမီးငယ် အများစု ကြုံတွေ့နေရတဲ့ အဓိက ပြဿနာက ဘာလဲ ဆိုတာ အရိပ်အမြွက်မျှ သိချင် ရင် အထည်ချုပ်စက်ရုံ တရုံလောက်ကိုပဲ သွားကြည့်လိုက်ရင် အဖြေပေါ်မယ် ထင်ပါတယ်။ 

သူတို့အတွက် မျိုးစောင့်ဥပဒေ လို မလို ဆိုတာ သူတို့အနေနဲ့ စဉ်းစားဖို့ အချိန်ရကြမယ် မထင်ပါဘူး။ 

မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ်နေတော်မူကြတဲ့ ဆရာတော် သံဃာတော် များစွာ ရှိကြပါတယ်။ 

ထိုဆရာတော် သံဃာတော်များဟာ ရဟန်းသဃာများနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မျိုးစောင့်ဥပဒေ ဆိုတာကို မကြိုက်ပေမယ့် ရှုတ်ရှုတ်ရှက်ရှက် ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူ လိုတာကြောင့် ဒီကိစ္စအပေါ်မှာ တခွန်းတပါဒမျှ မိန့်ကြားမှု မပြုကြတာပါ။ 

မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲ ကြိုးပမ်းနေကြတဲ့ ရဟန်းသံဃာ တချို့ကို မြင်ရတော့ နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသား နိုင်ငံကို ဆင်းရဲတွင်း နက်သထက် နက်အောင် တွန်းပို့နေသလိုပါပဲ။ 

မျိုးစောင့်ဥပဒေဆိုတာ ထိုင်ခုံမြဲရေး ပဓာနတရား လက်ကိုင်ထားကြတဲ့ စစ်အာဏာရှင် မျိုးဆက် အတွက်တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာ သေချာပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List