Friday, May 09, 2014

ယင်းလပ်ရှင်နာဝပ် နေရာကို ထိုင်းစီးပွား/ကူးသန်းဝန်ကြီး အစားထိုး ဝင်ရောက်မည်


ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးတော်က မစ္စယင်းလပ်ရှင်နာဝပ်ကို အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရန် အမိန့်ချမှတ်လိုက်ပြီးနောက် အစိုးရအဖွဲ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကို ဝန်ကြီးချုပ်သစ်အဖြစ် အစားထိုးတင်မြှောက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အခြေခံဥပဒေခုံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် လာရောက် စစ်ဆေးခံခဲ့သူ ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် အတူအစိုးရ အဖွဲ့ဝင် ဝန်ကြီးအချို့သည် အခြေခံ ဥပဒေပါ အချက်များကို ချိုးဖောက် ခဲ့သောကြောင့် ရာထူးမှ နုတ်ထွက်ပေးရန် အဆိုပါ ခုံရုံးက အမိန့်ချမှတ် လိုက်ပြီးနောက် အစိုးရအဖွဲ့က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး နီဝပ်သမ်ရောင်းဘွန်ဆောင်းပိုင်ဆန်ကို ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“မစ္စယင်းလပ်ရှင်နာဝပ်ရဲ့ တာဝန်တွေကို စီးပွား/ကူးသန်းဝန်ကြီး နီဝပ်သမ် ရောင်းဘွန်ဆောင်းပိုင်ဆန်ကို ထမ်းဆောင်စေဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု ထိုင်းတရားရေး ဝန်ကြီး ပွန်သပ်တက် ပန်ဂျာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကက်ဘိနက်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်သစ် နီဝပ်သမ်ရောင်းသည် အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် တာဝန်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန်တို့ကို ထမ်းဆောင်သွားရမည် ဖြစ်သည်။

နိုင်ငံရေး ပဋိပက္ခများ ကာလအတန်ကြာ ဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလပ်ကို အခြေခံ ဥပဒေခုံရုံးက ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်ပေးရန် အမိန့်ချမှတ် လိုက်ခြင်းကြောင့် ၎င်းနှင့် ဖေ့အ်ထိုင်း ပါတီကို ထောက်ခံသူ ရှပ်နီ အင်အားစုများအား အမျက်ဒေါသ ဖြစ်စေခဲ့သည်။

သို့သော် လက်ရှိအချိန်အထိ ၎င်း၏ပါတီဦးဆောင်သော အစိုးရအဖွဲ့ အာဏာဆက်လက် တည်မြဲနေခြင်းကြောင့် ရှပ်နီအင်အားစုများ ဆူပူအုံကြွမည့် ကိစ္စကို ထိန်းသိမ်းထားနိုင်ဖွယ် ရှိသည်။

ရာထူးမှ နုတ်ထွက်ပေးရတော့မည့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် မြို့တော် ဘန်ကောက်တွင် ကြီးမား ပြင်းထန်လှသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

၎င်းသည် နိုင်ငံရေး လိပ်ခဲတည်းလည်း အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းကာ အိမ်စောင့် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရ ဖြုတ်ချရေးဟူသော ဦးတည်ချက်ဖြင့် လုပ်ဆောင်ခဲ့သည့် ‘ဘန်ကောက် ရပ်ဆိုင်းရေး’ အမည်ရ ဆန္ဒပြပွဲကြီးမှာ အောင်မြင်မှု မရှိခဲ့သော်လည်း အတိုက်အခံတို့က နောက်ဆုံးတွင် တရားဥပဒေကြောင်းအရ စိန်ခေါ် အနိုင်ယူလိုက်ခြင်း ဖြစ်သည်ဟု လေ့လာဆန်းစစ်သူ များက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List