Saturday, May 10, 2014

နိုင်ဂျီးရီးယား ကျောင်းသူများ ပြန်ပေးဆွဲခံရမှုအပေါ်တွင် မစ်ရှဲလ်အိုဘားမားမှ ပြစ်တင်ရှုံချခဲ့

အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ဇနီးဖြစ်သူ မစ်ရှဲလ်အိုဘားမားမှ ပြီးခဲ့သော လအတွင်းက နိုင်ဂျီး ရီးယား ကျောင်းသူများပြန်ပေးဆွဲခံရမှုကိုပြစ်တင်ရှုံချ ပြောဆိုသွားခဲ့သည်။ ပုံမှန်အားဖြင့် သမ္မတ ကတော်များသည် နိုင်ငံခြားရေးရာ မူဝါဒများအကြောင်းကို ပြောဆိုလေ့ မရှိသော်လည်း မစ္စ အိုဘားမား မှာ နိုင်ဂျီးရီးယားကျောင်းသူပေါင်း ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှုမှ လွတ်မြောက်ရေး အတွက် ဦးဆောင်ပြော ဆို လှုပ်ရှားသူဖြစ်လာခဲ့သည်။
ဧပြီလ ၁၄ ရက်နေ့က ချီဘော့တွင် ကျောင်းသူများအား ပြန်ပေးဆွဲပြီးနောက်တွင် ၅၃ ဦးပြန်လည် လွတ်မြောက်ခဲ့သော်လည်း အများအပြားမှဆက်လက်ဖမ်းဆီးခြင်းကို ခံထားရသည်။

၎င်းပြန်ပေးဆွဲမှုအတွက် အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ်အဖွဲ့မှတာဝန်ရှိကြောင်း ကြေငြာ ထားသည်။

မစ္စအိုဘားမားသည် တနင်္ဂနွေနေ့တွင် ကျရောက်မည့် အမေများနေ့အတွက် မိန့်ခွန်းပြောကြားရမည် ဖြစ် သည်။

“မစ္စအိုဘားမားဟာ ဒီပြန်ပေးဆွဲမှုအပေါ်မှာ စိတ်ဆိုးဒေါသထွက်မှုနဲ့ ကြေကွဲဝမ်းနည်းမှုကို သမီးနှစ်ယောက် မွေးထားတဲ့ အမေတစ်ယောက်အနေနဲ့ မျှဝေခဲ့တာပါ ” ဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ အဲရစ်ခ်ရှော့ဇ်မှ ပြောဆိုခဲ့သည်။

“ ဒီအမျိုးသမီးလေးတွေရဲ့ ရဲရင့်မှုဟာ စံနမူနာတစ်ခု ဖြစ်လာပြီးတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ တစ်ခြားသူတွေ ဟာလည်း အမျိုးသမီးတွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ ပညာရေးကို ရရှိအောင် တိုက်ပွဲဝင်လာကြမယ်လို့ သမ္မတကတော်က မျှော်လင့်နေပါတယ် ”ဟုလည်း ထပ်မံ ပြောကြားခဲ့သည်။

မစ္စအိုဘားမားသည် သမ္မတ အိုဘားမား၏ အပတ်စဉ် မိန့်ခွန်းပြောကြားမှုများတွင် ပါဝင်လေ့ရှိသော်လည်း ယခုအချိန်မှ ပထမဆုံး အနေဖြင့်တစ်ယောက်တည်း မိန့်ခွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယခု သီတင်းပတ်
အစောပိုင်းတွင် မစ္စ အိုဘားမားသည် “ ငါတို့ရဲ့ ကောင်မလေးတွေ ပြန်ပေး ”ဟု ရေးသားထားသည့် ကတ်ပြားကို ကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်ကူးကာ တွစ်တာတွင် တင်ခဲ့သည်။

သမ္မတ အိုဘားမားမှ ၎င်းပြန်ပေးဆွဲမှုကို စိတ်ဆိုးဒေါသထွက်စရာနှင့် ကြေကွဲဝမ်းနည်းစရာအဖြစ် ပြော ဆိုထားသည်။

နိုင်ဂျီးရီးယား အစိုးရ၏ ကယ်ဆယ်ရေး လုပ်ဆောင်မှုတွင် ကူညီထောက်ပံ့ရန် အတွက် အမေရိကန်နှင့် ဗြိတိန် ကျွမ်းကျင်သူများသည် နိုင်ဂျီးရီးယားသို့ရောက်ရှိလာကြပြီ ဖြစ်သည်။
 
နိုင်ဂျီးရီးယား သမ္မတ ဂွဒ်လက်ဂျိုနသန်မှ ပြန်ပေးဆွဲခံရသော ကျောင်းသူများသည် နိုင်ငံအတွင်းမှာပင် ရှိဆဲဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ ကင်မရွန်းသို့ရွှေ့ပြောင်းမှု မရှိသေးဟု ယုံကြည်ကြောင်း သောကြာနေ့က မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။

ကျောင်းသူများအား ပြန်ပေးဆွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ဘိုကိုဟာရမ်အဖွဲ့မှ ဝန်ခံခဲ့ပြီး အမျိုးသမီး များသည် ကျောင်းများတွင် မရှိသင့်ဘဲအိမ်ထောင်ပြုကာသာ နေသင့်ကြောင့် ပြောဆိုသွားသည်။ ဗွီဒီယို တိတ်ခွေတစ်ခုတွင် အဖွဲ့ခေါင်းဆောင် အဘူဘာကာရှီကာအူမှ ပြန်ပေးဆွဲထားသည့်ကျောင်းသူများ ကို ရောင်းချသွားမည်ဟု ခြိမ်ခြောက်ပြောဆိုထားသည်။

အနောက်တိုင်း ပညာရေးမှာ ဒုစရိုက်ပြစ်မှုဟု အဓိပ္ပာယ်ရသည့် ဘိုကိုဟာရမ်အဖွဲ့သည် ဆူပူလှုပ်ရှားမှု များကို နိုင်ငံ၏ ဘော်နိုဒေသအတွင်းတွင် ၂၀၀၉ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ ဆူပူလှုပ်ရှားမှုများ ပြုလုပ်သည့် ၂၀၀၉ ခုနှစ် တစ်နှစ်တည်းတွင်ပင် အနည်းဆုံး လူပေါင်း ၁၂၀၀ ခန့်သေဆုံးခဲ့ကြသည်ဟု ခန့်မှန်းကြသည်။

Ref: BBC
The Myanmar Aage

No comments:

Post a Comment

My Blog List