Friday, May 09, 2014

မကွေးမြို့ မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြပွဲတွင် သတင်းယူသော သြစတြေးလျနိုင်ငံသား DVB သတင်းထောက် ပြည်နှင်ဒဏ်ပေးခံရ



မေ ၇ ရက်က မကွေးမြို့ မီဒီယာလွတ်လပ်ခွင့်ဆန္ဒပြပွဲတွင် သတင်းသွားရောက်ရယူခဲ့သော သြစတြေးလျနိုင်ငံသား DVB သတင်းထောက် Angus Watson အား ဗီဇာစည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း DVB သတင်းဌာနမှ Deputy Executive Director ဦးခင်မောင်ဝင်းက ပြောကြားသည်။
မကွေးမြို့ မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြပွဲတွင် သတင်းသွားရောက်ရယူသော အဆိုပါပြည်နှင်ဒဏ် အပေးခံရသည့် DVB သတင်းထောက်မှာ DVB Multi Media Group ၏ Business Visa ဖြင့် လာရောက်ခြင်းဖြစ်ပြီး ဂျာနယ်လစ်ဗီဇာဖြင့် လာရောက်ခြင်း မဟုတ်သည့်အတွက်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးက ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးခင်မောင်ဝင်း၏ ပြန်လည်ပြောပြချက်အရ သိရသည်။

သြစတြေးလျနိုင်ငံသား DVB သတင်းထောက်ကို မေ ၇ ရက်တွင် လူဝင်မှုကြီးကြပ်ရေးက ဗီဇာစည်းကမ်းဖောက်ဖျက် သည်ဟုဆိုကာ မကွေးမြို့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတစ်ဦးက ရန်ကုန်သို့ လာရောက်ပို့ဆောင်ခဲ့ပြီး မေ ၈ ရက်တွင် စမ်းချောင်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး အနောက်ပိုင်းခရိုင်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းအား ဗီဇာစည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ ပြည်နှင်ဒဏ်ပေးခံရသည့်ကိစ္စအပေါ် DVB သတင်းဌာနမှ တာဝန်ရှိသူများနှင့် လူဝင်မှုကြီးကြပ်ရေး၊ အနောက်ပိုင်းခရိုင် ဦးစီးအရာရှိတို့ေ ဆွးနွေးခဲ့ပြီး အထက်စေခိုင်းချက်အရ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိက ပြန်လည်ဖြေကြားခဲ့သည်ဟု DVB သတင်းဌာနမှ တာဝန်ရှိသူ များထံမှ ပြန်လည်သိရသည်။

ပြည်နှင်ဒဏ်ပေးခံရသော သြစတြေးလျနိုင်ငံသား DVB သတင်းထောက် Angus Watson သည် ဗီဇာသက်တမ်းအဖြစ် ရက် ၇၀ ရခဲ့ပြီး ယခုဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် မေ ၈ ရက်တွင် ချက်ချင်းပင် ရန်ကုန်လေဆိပ်မှ နေရပ်နိုင်ငံသို့ ပြန်ရန် စီစဉ်နေရပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်မြန်မာပြည်ကို ဧပြီ ၂၇ ရက်က စရောက်ပါတယ်။ ရောက်ကတည်းက စာနယ်ဇင်းလွတ်လပ်ခွင့် Freedom of Press နဲ့ သက်ဆိုင်တဲ့ သတင်းသုံးပုဒ်ကို ချင်းမိုင်ကရုံးအတွက် ရေးသားပေးပို့ရပါတယ်။ပြည်နှင်ဒဏ် ပေးခံရတဲ့မကွေးမြို့က မီဒီယာလွတ်လပ်ခွင့်ဆန္ဒပြပွဲ သတင်းအပါအ၀င်ပေါ့။ အခြားတိုင်းတွေမှာ ဒီလိုမဖြစ်ပါဘူး။ မကွေးတိုင်းကျမှ ဗီဇာစည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး ဖြစ်တာပါ။ မြန်မာပြည်မှာ မီဒီယာတွေကို အစိုးရက ချုပ်ကိုင်စိုးမိုးနေသ၍ မီဒီယာလွတ်လပ်ခွင့် ရနေပြီလို့ မပြောနိုင်ပါဘူး”ဟု ပြည်နှင်ဒဏ်ပေးခံရသော သြစတြေးလျနိုင်ငံသား DVB သတင်းထောက် Angus Watson က ပြောကြားခဲ့သည်။

“မေ ၇ ရက်မနက် မကွေးမြို့မှာ ပြု လုပ်ခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ နဲ့ပတ်သက်တဲ့ စီတန်းလှည့်လည် ဆန္ဒပြုရာမှာ သြစတြေးလျနိုင်ငံသား Waston Roberz ပါဝင်တာကို ဒေသအာဏာပိုင်တွေက စိစစ်တွေ့ရှိရပါတယ်။

အဲဒီနိုင်ငံခြားသားဟာ စီးပွားရေးလုပ်ငန်းဗီဇာ (Visa No.08986, Business) နဲ့ မြန်မာနိုင်ငံကို ဧပြီ ၂၇ ရက်က ၀င်ရောက်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၂ ရက် အထိ နေထိုင်ခွင့်ပြုထားပါတယ်။သူဟာ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည် ဆန္ဒပြရမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ဒီနေ့မှာ လူဝင်မှုကြီးကြပ်ရေးက လ၀က အက်ဥပဒေပုဒ်မ(၂)အရ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်”ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၈ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ၎င်း၏ဖေ့ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။ 

ဆက်လက်၍ ၎င်းက သတင်းထောက် ဗီဇာနှင့် လာရောက်သော တရားဝင်နိုင်ငံခြားသား သတင်းထောက်များစွာ ရှိကြောင်း၊ အဆိုပါ သတင်းထောက်များသည် စီတန်းလှည့်လည်မှုအပါအ၀င် သတင်းဖြစ်ရပ်မျိုးစုံကို သတင်းရယူနေပြီး ပြည်နှင်ဒဏ်ပေးမှုမျိုး မရှိခဲ့ကြောင်းနှင့် ဒူချီးရားတန်းကျေးရွာကိစ္စကို သတင်းမှားဖြန့်သော အေပီသတင်းထောက်ပင်လျှင် မြန်မာနိုင်ငံတွင်း နေထိုင်ဆဲဖြစ်ကြောင်း ရေးသားခဲ့သည်။

ထို့ပြင် ထိုကဲ့သို့ ဗီဇာခွင့်ပြုပေးချိန်၌ ပြည်နှင်ဒဏ်ပေးခံရသော ဒီဗွီဘီသတင်းထောက်အတွက် သတင်းဌာနသည် သတင်းထောက် ဗီဇာမလျှောက်ဘဲ စီးပွားရေးလုပ်ငန်းဗီဇာနှင့်လာခြင်းကို မေးမြန်းရတော့မည်ဖြစ်ကြောင်း၊ ဒီဗွီဘီ သတင်းဌာနမှ တာဝန်ရှိသူများနှင့်လည်း ရင်းနှီးပြီး ယခုကဲ့သို့ ဗီဇာလိမ်လျှောက်ပြီးဝင်လာ၊ ပြဿနာဖြစ်တော့မှ သတင်း လွတ်လပ်ခွင့် ထိခိုက်ပါတယ်ဆိုပါက ဒီဗွီဘီသတင်းဌာန၏ ရိုးသားမှုကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်းနှင့် ပြည်နှင် ဒဏ်ပေးခံရခြင်းသည် သတင်းလွတ်လပ်ခွင့်နှင့်မဆိုင်ဘဲ ဗီဇာလိမ်လျှောက်သူ နိုင်ငံခြားသားသတင်းထောက်နှင့် သတင်း ဌာနတွင်သာ တာဝန်ရှိကြောင်း ရေးသားဖော်ပြခဲ့သည်။ 

ဦးရဲထွဋ်၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ယခုကဲ့သို့ရေးသားမှုကို ဒီဗွီဘီသတင်းဌာနမှ ဒုတိယအမှုဆောင် ဒါရိုက်တာ ဦးခင်မောင်ဝင်းက “ကျွန်တော် တစ်ညနေလုံး စမ်းချောင်းက လ.၀.က ခရိုင်ရုံးမှာရော လေဆိပ်မှာရော လ.၀.က တာဝန်ရှိသူတွေကို ဘယ်သူ့အမိန့်၊ ဘယ်ဥပဒေနဲ့ အခုလို ကျွန်တော်တို့သတင်းထောက်ကို ပြည်နှင်ဒဏ်ပေးတာလဲလို့ မေးပါတယ်။ ဘယ်သူမှ ဖြေခွင့်မရှိဘူးဆိုပြီး မဖြေပါဘူး။ အခုမှ ဦးရဲထွဋ်က ဖေ့ဘွတ်ခ်ကနေ လ၀က အက်ဥပဒေ ပုဒ်မ(၂)အရ ပြည်နှင်ဒဏ်ပေးတာပါလို့ ပြောပါတယ်။ နောက်ပြီးဆန္ဒပြပွဲမှာ သူပါဝင်တယ်ဆိုတာ လုံးဝမှားပါတယ်။ မမှန်ပါဘူး။ ဒီလိုကိစ္စတွေကို ကျွန်တော်တို့က တရားရုံးမှာပဲ ရှင်းချင်ပါတယ်။ ဖေ့ဘွတ်ခ်မှာ အငြင်းအခုံလုပ်ပြီး ရေးမနေချင်ပါဘူး။ တုံ့ပြန်ပြောစရာလည်း မရှိပါဘူး”ဟုပြော ကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List