တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့ရှိ ကျေးရွာတစ်ရွာတွင် စနေနေ့က တံတားတစ်စင်း ကျိုးကျခဲ့ရာ လူ ၁၁ ဦး သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ယခု ကျိုးကျသွားသော တံတားသည် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော တံတားဖြစ်ပြီး တရားမဝင် တည်ဆောက်ထားသော တံတားလည်း ဖြစ်သည်။
အဆိုပါ တံတားသည် တရုတ်နိုင်ငံ တောင်ပိုင်းရှိ ကွမ်ဒေါင်းပြည်နယ် ကွမ်ကျိုး မြို့တော်၏ လိုင်ကန်ကု ကျေးရွာ တစ်ရွာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ယင်းတံတား ကျိုးကျသွားခြင်းကြောင့် လူငါးဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ခြောက်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခြင်းလည်း ဖြစ်သည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်အစိုးရက စုံစမ်းစစ်ဆေးလျက် ရှိပြီး၊ တံတားတည်ဆောက်သူ ကန်ထရိုက်ကိုလည်း ဖမ်းဆီး ထားကြောင်း တရုတ်အစိုးရ မီဒီယာများတွင် ဖော်ပြထားသည်။
တံတားကျိုးကျ သွားပြီးနောက် လူ ၂၆ ယောက်မှာ တံတားအောက်ရှိ အပျက်အစီးများကြားတွင် ပိတ်မိနေပြီး၊ ကယ်ထုတ်နိုင်သူ များကို ဆေးရုံသို့ တင်ပို့ ကုသလျက် ရှိသည်။
“အရင်ကထက်စာရင် အများကြီး ပြန်ကောင်းလာပါပြီ။ ဆေးရုံကို စရောက်တုန်းကဆို မျက်စိတောင် မဖွင့်နိုင်ဘူး” ဟု အသက်ရှင် ကျန်ရစ်သူ ကျင်ကျီချုဆိုသူက ပြောကြားသည်။
အဆိုပါ တံတား တည်ဆောက်ခြင်းကို တရုတ်အစိုးရ တာဝန်ရှိသူများက အကြိမ်ကြိမ် တားမြစ် ပိတ်ပင်ခဲ့သော်လည်း ကျေးရွာနေ လူများက ပြီးခဲ့သည့် မေလ ၁ ရက် အလုပ်သမားနေ့မှ စ၍ တိတ်တဆိတ် ပြန်လည် ဆောက်လုပ်ခဲ့ပြီး ယခုကဲ့သို့ ကျိုးကျ ပျက်စီးသွားခြင်း ဖြစ်ကြောင်း တရုတ်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment