Tuesday, May 06, 2014

ဧပြီလအတွင်း လူသတ်မှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံး၌ တစ်ရက်လျှင် ပျမ်းမျှ ငါးဦးနှုန်းသေဆုံး



ဧပြီလအတွင်း လူသတ်မှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံး၌ တစ်ရက်လျှင် ပျမ်းမျှ လူငါးဦးနှုန်း သေဆုံးနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ စုံစမ်းသိရှိရသည်။ ဧပြီလအတွင်း တစ်နိုင်ငံလုံး၌ လူသတ်မှုဖြစ်စဉ်များကြောင့် လူ ၁၄၀ ခန့်သေဆုံးခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးတွင် ၂၂မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၉ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၆ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅ မှု၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၃ မှုစီဖြင့် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယင်းကဲ့သို့ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဉ်အများစုမှာ အရက်သေစာသောက်စားမှု၊ ဒေါသစိတ်ကြီးမှုနှင့် လူတစ်ဦးချင်းတွင် ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ရာသီဥတုအပူရှိန်ဒဏ် စသည့်အကြောင်းအရာများမှ အဓိကဖြစ်ပွားခဲ့ကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ အဆင့်မြင့်ရဲအရာရှိများက သုံးသပ်ပြောကြားခဲ့သည်။

"ဖြစ်ပေါ်နေတဲ့လူသတ်မှုတွေကို လျော့ကျဖို့ဆိုတာက တာဝန်ရှိသူတွေအနေနဲ့ ပညာပေးမှုတွေ အဆက်မပြတ်ပြုလုပ်ရမယ်။ ထိရောက်တဲ့ပြစ်ဒဏ်တွေကို ချမှတ်ရမယ်။ လက်ရှိအခြေအနေက ပြစ်မှုကျူးလွန်တဲ့သူတွေအနေနဲ့ ထောင်ထဲကနေ ခဏခဏပြန်လွတ်လာတယ်။ သူတို့တွေအနေနဲ့ ထောင်လည်းမကြောက်၊ အချုပ်လည်းမကြောက်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒါကြောင့် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူတဲ့အပြင် ထိရောက်အောင်လည်း ပြစ်ဒဏ်ပေးဖို့လိုအပ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက သုံးသပ်ပြောကြားသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်အောင်က " လူတွေကိုယ်တိုင်ကိုက အသိစိတ်ရှိရမယ်။ ပြည်သူတွေကလည်း တရားဥပဒေစိုးမိုးမှုကို သိရမယ်။ ဖြစ်ရတဲ့အကြောင်းအရင်းတွေ အများစုက အရက်နဲ့ဒေါသစိတ်တွေ အခြေခံနေတာကို တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ကံငါးပါးကို စောင့်ရှောက်ဖို့လိုပါတယ်။ လူသတ်မှုဖြစ်စဉ်တွေ လျော့ကျဖို့ဆိုရင်တော့ ရဲတပ်ဖွဲ့အနေနဲ့ အမှုကြီး ၁၀ မှုနဲ့ပတ်သက်ပြီးတော့ ကြိုတင်ကာကွယ်ဖမ်းဆီးမှုတွေကို ပိုပြီးလုပ်သင့်တယ်။ အိမ်နီးချင်းစောင့်ရှောက်မှုတွေ ပိုပြီးဖြစ်သင့်တယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့အနေနဲ့ ထိရောက်သော ဖမ်းဆီးစစ်ဆေးမှုတွေ ပိုပြီးလုပ်ဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သတိထားပြီးတော့ သတင်းပေးဖို့ တာဝန်ရှိပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၂၈ ရက်တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်တစ်ခုမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာ တွင် အမျိုးသားနှစ်ဦး အရက်သေစာသောက်စားကြစဉ် တစ်ဦးက အခြားတစ်ဦး၏ မိန်းမနှင့်သမီးဖြစ်သူအား ညစ်ညမ်းစွာပြောဆို ခဲ့သည့်အတွက် တုတ်ဖြင့်ရိုက်သတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဧပြီလအတွင်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှုငါးမျိုး၊ နာကျင်(ရိုးရိုး)၊ ယာဉ်တိုက်မှု စသည့် မှုခင်းငါးမျိုးစုစုပေါင်း ၃၀၅၆ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

တရားရုံးများအနေဖြင့် လူသတ်မှုအချို့အား ပြစ်ဒဏ်ချမှတ်ရာတွင် ပြစ်မှုထင်ရှားသော်လည်း အမြင့်ဆုံးပြစ်ဒဏ်မချမှတ်ဘဲ လျှော့ပေါ့ပြစ်ဒဏ်ချမှတ်မှုများရှိခဲ့ကြောင်း သိရသည်။

လူသတ်မှုဖြစ်စဉ်အချို့တွင် အဂတိလိုက်စားကာ ပြစ်ဒဏ်လျှော့ပေါ့ချမှတ်ခဲ့ခြင်းများရှိခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးခဲ့သူများထဲတွင် လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာဥပဒေတွင် ပုဒ်မ ၃၀၂ ၌ ပြဋ္ဌာန်းထားပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် လူသတ်မှု ကျူးလွန်ခဲ့၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂) ဖြင့် တရားခံများကို အမိန့်ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့ခြင်းမရှိဘဲ အချို့တရားခံအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး အချို့တရားခံအား ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၂) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ရာဇသတ်ကြီးပြဋ္ဌာန်းချက်များအရ သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List