Friday, September 06, 2013

မန္တလေးတန်ဖိုးနည်းအိမ်ရာ စီမံကိန်း ခုနစ်လအတွင်း အပြီးတည်ဆောက်မည်

Friday, September 6, 2013
မန္တလေးမြို့တော်တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို လာမည့် ၂၀၁၄ ခုနှစ် မတ်လ တွင် အပြီးတည်ဆောက်၍ ရောင်းချပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်တွင် တည်ဆောက်မည့် အဆိုပါ စီမံကိန်းသည် မမ-၁၅နှင့် မမ-၂၆ တွင် တိုက်ခန်းပေါင်း ၁၃၄၄ ခန်းပါဝင် မည်ဖြစ်ကာ အဆောက်အအုံပေါင်း ၅၇ လုံးကို ပထမအဆင့်အနေနှင့် တည်ဆောက်သွား မည်ဖြစ်ပြီး ဆောက်လုပ် မှု ပြီးစီးပါက အဆိုပါ မြေနေရာများတွင် ရောင်းမှားဝယ်မှား ဖြစ်ခဲ့သူများကို ဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အခုစီမံကိန်းစနေပါပြီ။ သိပ်မကြာခင်မှာ အတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ ရောင်းမှား၊ ဝယ်မှား ဖြစ်ခဲ့တဲ့သူတွေကို ခေါ်ယူပြီး ဆွေးနွေးမယ်။ ရောင်းမှား၊ ဝယ်မှားဖြစ်ခဲ့သူ ဘယ်နှဦးရှိလဲဆိုတာ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနက စာရင်းကောက်ထားတဲ့အတိုင်း ရောင်းပေးမှာပါ။ ပိုင်ဆိုင်မှု အနေနဲ့ကတော့ မြေယာပိုင်ဆိုင်မှု မပါဘူး။ ဒါပေမဲ့ သားစဉ်မြေးဆက် ရောင်းချပိုင်ခွင့်တော့ရမယ်။ ဘယ်သူတွေဝယ်မယ် မဝယ်ဘူးဆိုတာ ခုချိန်မှာတော့ ပြောလို့မရသေးဘူး” ဟု ၎င်းကဆိုသည်။
ဆောက်လုပ်မည့် အခန်းပုံစံများမှာ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ တွင် လေးပွင့်ဆိုင် အခန်းပုံစံများဖြစ်ပြီး မမ-၁၅ တွင် ဆောက်လုပ်မည့် တိုက်ခန်းတွင် အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းနှင့် ရေချိုးခန်းနှင့် အိမ်သာတွဲလျက် အခန်းတစ်ခန်းစီ၊ မမ-၂၆ တွင် ဆောက်လုပ်မည့် တိုက်ခန်းတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်းနှင့် ရေချိုးခန်းနှင့် အိမ်သာတွဲလျက်အခန်း တစ်ခန်းစီ နှင့် အဆောက်အအုံတိုင်းတွင် အရေးပေါ် လှေကားများ ပါဝင်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
အိမ်ရာတန်ဖိုးများကို အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အလိုက် ဈေးနှုန်း ခွဲခြားသတ်မှတ် ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ပထမထပ်၏ အမြင့်ဆုံးဈေးနှုန်းမှာ ကျပ်သိန်းတစ်ရာအောက် လျော့နည်း မည် ဖြစ်ကြောင်း အဆိုပါဌာနမှူးက ထပ်မံပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List