Wednesday, September 04, 2013

အကယ်ဒမီမိုးဒီနှင့်တွေ့ဆုံခြင်း



Wednesday, 04 September 2013

ဟာသသရုပ်ဆောင်အကယ်ဒမီမိုးဒီမှာဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်ပြီးယခုအခါတွင်ကျန်းမာရေးအနည်းငယ်မကောင်းမွန်သည့်အတွက်ဇာတ်ကားများအနည်းငယ်သာရိုက်ကူးနေပြီးရုပ်ရှင်ကားကြီးနှစ်ကားရိုက်ဖို့ စီအစဉ်ရှိပါတယ်ဟူ၍ပြောလာခဲ့သဖြင့် ယင်းနှင့် ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ဇာတ်ကားတွေဆက်တိုက်ရိုက်ဖို့ လက်ခံဖြစ်လား။

ဖြေ- အစီအစဉ်တော့သိပ်မရှိဘူး။ တစ်ကားပြီးမှ တစ်ကား လက်ခံတာပါ။ ကိုယ်က သတ်မှတ် ထားတာမဟုတ်ပါဘူး။ အဲဒီမှာ ကြိုလက်မခံထားတာက ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေရတယ်။ တော်ကြာ ကျန်းမာရေးကမကောင်းတဲ့အခါ ပျက်ကွက်မှုတွေဖြစ်မှာစိုးလို့။ ဒီတစ်ကားပြီးရင် နောက်တစ်ကား၊ တစ်လကို နှစ်ကားလောက်တော့ ရိုက်ဖြစ်တယ်။

မေး - အခုအချိန်မှာ ဘယ်လိုဇာတ်ဝင်ခန်းတွေကို အများဆုံးရိုက်ဖြစ်လဲ။

ဖြေ- အသက်အရွယ်လေးရလာတော့ များသောအားဖြင့် ဦးလေးခန်း၊ အဖေခန်းတွေ၊ ရယ်စရာအခန်းတွေပေါ့။ ဟိုတုန်းက သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေ အခန်းတွေမှာ ရယ်စရာအခန်းတွေ ရိုက်တယ်။ နေမကောင်း မဖြစ်ခင်ကပေါ့နော်။

မေး - ဦးမိုးဒီဟာသဇာတ်ရုပ်တွေ သရုပ် ဆောင်ရင် ပရိသတ်က တော် တော်လေးအား ပေးတယ်နော်။

ဖြေ - အဲဒါကတော့ ပရိသတ်ကိုက ကိုယ့်ကို ချစ်လို့ဖြစ် မှာပေါ့နော်။ သူတို့ပျော်ရင်ဦးက ဝမ်းသာတယ်။

မေး - ရုပ်ရှင်ကားကြီး ရိုက်ဖို့ရောရှိလား။

ဖြေ- ရုပ်ရှင်ကားကြီးက ရှိတော့ရှိတယ်။ ဒါပေမဲ့ ခပ်ကျဲကျဲပဲလေ။ လိုအပ်မှပဲ ဝင်ရိုက်လိုက်တယ်။ နယ်တွေမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်မယ်ဆိုရင် တောင် အရင်တုန်းကလို မသွားနိုင်တော့ဘူး။

မေး - ကျန်းမာရေးမကောင်းတော့ ဇာတ်ကားတွေကို ဘယ်လိုများရိုက်ဖြစ်လဲ။

ဖြေ- အိမ်မှာနေရင် ပျင်းတယ်။ လက်ရှိ ဦးက အိမ်မှာအကြီးဆုံးနေရာကိုယူထားတာဆိုတော့ ဦးက လူကြီးလိုပဲ။ တစ်ယောက်တည်းနေရတာ များတယ်လေ။ ပုတီးစိပ်ရင်စိပ်၊ မစိပ်ရင် ဘုရား ရှိခိုးရင်ခိုး၊ ဒါမှမဟုတ် စာဖတ်ရင် ဖတ်၊ အိမ်မှာနေရတာပျင်းတာကိုး။ ရိုက်ကွင်းပေါ်ရောက်ရင် ရိုက်ကွင်းပေါ်ကလူတွေနဲ့ ဟိုအကြောင်း ဒီအကြောင်းလေးတွေပြောကြ။ စိတ်ချမ်းသာဖို့ကောင်း တယ်။ တစ်နည်းအားဖြင့်ပြောရင် ငွေရေးကြေးရေးက သိပ်ပြီး အဓိကမဟုတ်တော့ဘူးလေ။ ပါဝင်သရုပ်ဆောင်နိုင်ရေးတွေသာ အဓိကဖြစ်တယ်။ လာအကူအညီတောင်းရင် အကုန်လုံးကို တတ်နိုင်သလောက် ကူညီလိုက်တာပေါ့။

မေး - ဇာတ်ကားရိုက်တဲ့အခါမှာ စက်မှုပိုင်းဆိုင်ရာတွေ တိုးတက်လာတယ်လို့ရောမြင်လား။

ဖြေ- အခုခတ်က တိုးတက်လာတာပဲ။ ဦးတို့သရုပ်ဆောင်ရတာလည်း အရင်တုန်းက နဲ့ မတူဘူးလေ။ ကင်မရာ၊ မီးပေး၊ မီးထိုးတာက အစပေါ့။ ဦးတို့ အရင်တုန်းကဆိုရင် မီးထိုးတဲ့ဇာတ်ဝင်ခန်းတွေပါရင် သိပ်ပူတာပဲ။ အခုက စက်မှုပိုင်းတွေလည်း တိုး တက်တယ်။ ဒါရိုက်တာတွေကလည်း တိုးတက်မှုအပေါ်မှာအသုံးချပြီးတော့ ဆန်း ပြားတဲ့၊ ခေတ်မီတဲ့အတွေးအခေါ်တွေနဲ့ ရိုက်ကြတယ်။ ဦးတို့ ဟိုတုန်းက ဇာတ် ကားတွေပြန်ကြည့်ရင် တော်တော်လိုပါလားဟဆိုပြီးတော့တောင် တချို့ဟာတွေ ဖြစ်သွားတယ်။ သရုပ်ဆောင်တွေမှာလည်း ဒီလိုပဲ။ တော်တော်တိုးတက်ကြပါတယ်။ အငယ်လေးတွေ တော်တော်ထွန်းကားလာတယ်။ ဟိုတုန်းက မင်းသား မင်းသမီး တွေဆိုရင် တကယ်ရင့်ကျက်တဲ့လူကြီးတွေ၊ အသက်ကြီးတဲ့သူတွေဖြစ်နေပြီ။ ရွှေဘတို့၊ ကျော်ဆွေတို့ ခေတ်ကပေါ့နော်၊

မေး - ဇာတ်ကားတွေအပေါ် ဆင်ဆာဖြတ်တဲ့အပေါ် သုံးသပ်ချက်လေးပြောပြပေး ပါဦး။

ဖြေ- သဘာဝကို သဘာဝအတိုင်းတော့ ရိုက်ကြတာပဲ။ ဒါပေမဲ့ ဆင်ဆာ ဘက်ကကြည့်ပြန်တော့လည်း သူတို့ကြည့်နေလျက်သားနဲ့ ဒါတွေ ပါလာရသ လားဆိုတာ မပြောင်းလဲသေးတဲ့ အထက်ကိုမြင်မှာကြောက်ပြီး အောက်ကိုဖိတဲ့ စနစ်ကြီးက ကျန်နေသေးတယ်သမီးရဲ့။ ကြားလူဖြစ်နေတာပေါ့နော်။ အပေါ်က လူကြီးတွေက ခွင့်လွှတ်ပါတယ်။ တော်ရုံတန်ရုံ မပြောပါဘူး။

မေး - အခုအချိန်မှာရရှိတဲ့ အနုပညာကြေးကရော အရင်နဲ့ဘာကွာလဲ။

ဖြေ- အနုပညာသမားတွေ ပေါလာတဲ့အခါ စေတနာကြေးပေါ့နော်။ သူက ဒီ လောက်နဲ့လုပ်ပေးပါ၊ ဒီလိုလေးလုပ်ပေးပါဆိုတော့လည်း အားနေတော့ အလကားနေ ရင်းနဲ့ လိုက်လျောလိုက်တာပါပဲ။ သိပ်ပြီးတော့ နည်းနည်းတင်းတင်းကျပ်ကျပ် ပင်ပန်းတဲ့ ဇာတ်ဝင်ခန်းတွေပါမယ်ဆိုရင်တော့ နည်းနည်းတိုးတောင်းရတာပေါ့။ အတိုးအလျှော့ပေါ့။ ပုံသေကြီး ဒီဈေးရမှရယ်လို့ ပုံစံမျိုးနဲ့လုပ်ထားလို့မရပါဘူး။

မေး - ရုပ်ရှင်ကားကြီးက ဘယ်လိုပုံစံမျိုးတွေရိုက်မှာလဲ။



ဖြေ- မန္တလေးမှာ ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကြီးကလည်း စီစဉ်နေတုန်းရှိသေးတယ်။ စီစဉ်နေတယ်ဆိုတာ ကားကြီးတစ်ကားက အဖက်ဖက်ကနေပြည့်စုံမှ ရိုက်လို့ရတာပေါ့။ မပြည့်စုံသေးလို့ မတည်ဖြစ်သေးဘူး။ အဲဒီမှာ ဦးပါမယ်။

မေး - ဦးမိုး ပြောစရာများရှိသေးရင် ထပ်မံပြီးပြောပေးပါဦး။

ဖြေ- ပရိသတ်ကြီးကိုမှာချင်တာက ဦးမိုးဒီကိုချစ်ရင် သနားရင် ကျန်းမာပါစေ၊ ချမ်း သာစေလို့ ဆုတောင်းပေးကြပါ။ ပရိသတ်ရဲ့မေတ္တာတရားက ဦးတို့အတွက် အင်မတန် အေးမြပါတယ်။ ချမ်းသာပါတယ်။ အခုလို ကျန်းမာရေး ပြန်ကောင်းလာတာ လည်း ပရိသတ်ရဲ့မေတ္တာတရားကြောင့်လို့ပဲ ထင်တယ်လေ။ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန် တော်တို့ကိုအမြဲတမ်းပဲ မေတ္တာပို့ပေး ကြပါလို့။

Yangon Media Group

No comments:

Post a Comment

My Blog List