Monday, September 02, 2013

ဒုက္ခသည်များ ထောက်ပံ့မှု တိုးမြှင့်ရရှိရန် နမ်ဘီးယား ရခိုင်လာရောက်လေ့လာ

Monday, September 2, 2013
ပဋိပက္ခဒဏ်ခံရသည့် ဒုက္ခသည်များ အထောက်အပံ့များ ပိုမိုတိုးမြှင့်ရရှိစေရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားသည် စက်တင်ဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ လေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။
နမ်ဘီးယားသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မောင်တောမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများ၊ စစ်တွေရှိ ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာခဲ့ကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့ တွင် သံတွဲမြို့သို့ ဆက်လက်သွားရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် နမ်ဘီးယားသည် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့နှင့် ကချင်ပြည်နယ်တို့ကို သွားရောက် လေ့လာခဲ့သည်။
သြဂုတ်လ ၁၂ ရက်နေ့တွင် ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားကို တစ်ဖက်သတ်ဆန်သည့် အစီရင်ခံစာများကို ရေးသားသည်ဟုဆိုကာ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သော်လည်း နမ်ဘီးယား ခရီးစဉ်တွင် ဆန္ဒပြ ကန့်ကွက်မှုများ မရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
နမ်ဘီးယားသည် ရခိုင်ပြည်နယ်တွင် ပထမအကြိမ် ဖြစ်ပွားသည့် ပဋိပက္ခတွင် ရခိုင်ပြည်နယ် သို့ ရောက်ရှိ ခဲ့သည့် ခရီးစဉ် အပါအဝင် ရခိုင်ပြည်နယ်သို့ နှစ်ကြိမ်ထက်မနည်း ရောက်ရှိခဲ့ပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List