Wednesday, September 04, 2013

မတည်ငြိမ်မှုများကို မဖြစ်စေရန်အတွက် မိထ်္ထီလာတွင် လွှတ်တော်အမတ်ကို ဆန္ဒပြခွင့်ပယ်ချခြင်းဖြစ်ဟု အုပ်ချုပ်ရေးမှုးပြော


Wednesday, September 4, 2013

မိထ်္ထီလာမြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကို ဆန္ဒပြရန်ဒေသခံများက စာတင်ထားရာ မတည်ငြိမ်မှုများဖြစ်ပေါ်မည်စိုးသည့်အတွက် ဆန္ဒပြမှုကို ခွင့်မပြုကြောင်း မိထ်္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုးက စက်တင်ဘာ ၃ ရက် တွင် မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်သည်ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်ကင်တားနားကမြန်မာနိုင်ငံခရီးစဉ်အတွင်း မိတ္ထီလာမြို့၌လူအုပ်စုဖြင့်အကြမ်းဖက်ခံခဲ့ရကြောင်း ပြောဆိုမှုမှာမှန်ကန်သည်ဟုမီဒီယာများတွင် ပြောကြားခဲ့သည်ယင်းသို့ပြောဆိုမှုကြောင့်ဒေသခံများကမကျေနပ်၍ဆန္ဒပြရန်စာတင်ခြင်းကိုပယ်ချခံခဲ့ရခြင်းဖြစ်သည်။

မိထ်္ထီလာခရိုင်အုပ်ချူပ်ရေးမှူးဦးတင်မောင်စိုးက“မိထ်္ထီလာမြို့ကပုဒ်မ၁၄၄ထုတ်ပြန်ထားတဲ့နယ်မြေဖြစ်တယ်။ လူသွားလမ်းတွေမှာဆန္ဒဖော်ထုတ်ကြမှာဖြစ်တဲ့အတွက်မတည်ငြိမ်မှုတွေကိုထိန်းသိမ်းတဲ့အနေနဲ့ကျွန်တော်တို့ ဆန္ဒပြခွင့်ကို ပယ်ချရခြင်းဖြစ်ပါတယ်” ဟု မဇ္ဈိမ၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

မိထ်္ထီလာတွင် လွှတ်တော်အမတ်ဦးဝင်းထိန်ကို ဒေသခံမြို့သူမြို့သားများက လူအင်အား ၁၀၀ ဖြင့် စက်တင်ဘာ ၅ ရက်တွင် ဆန္ဒပြရန်စီစဉ်ထားရာ ပယ်ချခံရသဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို စုပေါင်းတိုင်ပင်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဆန္ဒပြရာတွင်ပါဝင်မည့်သူမိထ်္ထီလာဒေသခံဦးညိုဝင်းက“သြဂုတ်၃၀ရက်ကစာတင်ထားခဲ့တာကိုမြို့နယ်ရဲမှူးနဲ့ အုပ်ချူပ်ရေးပိုင်းက ဆန္ဒပြခွင့်မရှိဘူးလို့ ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်ဆက်လက်ပြီး ကြိုးစားသွားဦးမှာပါ” ဟုပြောသည်။

မိထ်္ထီလာဒေသခံ ဒေါက်တာဆန်းလှိုင်ကလည်း “ဦးဝင်းထိန်ကို ဆန္ဒပြမယ်ဆိုပြီး ပြောနေကြတာကြာပြီ။ လူငယ်တွေကတော့အများဆုံးပြောကြတယ်။အခုစာတင်တော့ ခွင့်ပြုချက်မရခဲ့ဘူး” ဟုမဇ္ဈိမကို ပြောသည်။

မိထ်္ထီလာမြို့ ချမ်းအေးရပ်ကွက်တွင် နေထိုင်သူဒေသခံမဖြူဖြူက “(ကင်တားနားလာစဉ်က) ကားနားမှာ ရှိနေတဲ့ လူတွေအကုန်လုံးက ဒေသခံတွေပါပဲ။ သူတို့တွေ ပြောခဲ့သလို ခဲနဲ့ထု၊ ခြေနဲ့ကန်တာမရှိဘူး။ လူတွေအတင်း အုံနေတာပဲရှိခဲ့တယ်” ဟု သြဂုတ် ၁၉ ရက်ကအဖြစ်အပျက်ကို ပြန်လည်ပြောသည်။

ဆန္ဒပြခွင့်မရသော်လည်းမိတ်္ထီလာမြို့တွင်မီဒီယာများနှင့်တွေ့ဆုံကာသတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း နန်းတော်ကုန်းရပ်ကွက်နေ ဦးအောင်ရီကဆိုသည်။

အမြင်မတူသည့်လူအုပ်စုများအကြားပဋိပက္ခများဖြစ်ပွားခဲ့သည့်မိတ်္ထီလာမြို့သို့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာကင်တားနားသည်သြဂုတ်၁၉ရက်ကသွား ရောက်လေ့လာခဲ့ရာမြို့ အ၀င်တွင်ဒေသခံ ၄၀၀ ခန့်က စုပေါင်းဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲသည် အာဏာပိုင်များထံ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List