Tuesday, September 03, 2013
မလေးရှားနိုင်ငံတွင် နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှစတင်၍ လုပ်ဆောင်ခဲ့သည့် အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။
ဝန်ထမ်းပေါင်း ၁၃၅၀၀၀ ဖြင့် ဖမ်းဆီးအရေးယူမည့် အဆိုပါ အထူးစီမံချက်ကို သုံးလကြာ လုပ်ဆောင်မည်ဖြစ်ရာ ယခုလို ဖမ်းဆီးခံရသူများကို နေရပ်သို့ ချက်ချင်းပြန်ပို့မည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေးဌာန၊ အမျိုးသား မှတ်ပုံတင်ဌာနနှင့် ဒေသဆိုင်ရာ ကောင်စီအဖွဲ့များကို လူဝင်မှုကြီးကြပ်ရေး ဌာနက ဦးဆောင်မည်ဟု သိရသည်။စက်တင်ဘာ ၁ ရက်မှစတင်၍ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သူ အများဆုံး ရှိနေသည့် ကွာလာလမ်ပူ၊ ဆီလန်ဂေါ၊ ပီနန်းနှင့် ဂျိုဟိုးမြို့များတွင် စတင်ဖမ်းဆီးခဲ့သည့် အဆိုပါ စီမံချက်ကြောင့် စက်တင်ဘာ ၂ ရက်ထိ တရားမ၀င် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရပြီ ဖြစ်သည်။
စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဟု ကြေညာထား ခဲ့သော်လည်း သြဂုတ် ၃၁ ရက်ကတည်းက စတင်ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃၁ ရက်တွင် ၅၀ ခန့်နှင့် စက်တင်ဘာ ၁ ရက်တွင် ၂၅၀ ခန့်ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပီနန်းမြို့၊ ကပုန်းဒေသများ၌ အဖမ်းခံနေရသည်ဟု ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
''မလေးရှား သတင်းစာတွေထဲမှာ ခုလိုဖမ်းဆီးမယ့်အကြောင်း သြဂုတ် ၁ ရက် ကတည်းကပါတာ၊ ဖမ်းတာက သြဂုတ် ၃၁ ရက်မှာ ပီနန်းမှာ စဖမ်းတာ။ ၃၁ ရက်မှာ ပီနန်းက မြန်မာ ၅၀ လောက် အဖမ်းခံရတယ်။ စက်တင်ဘာ ၁ ရက်မှာ ကွာလာလမ်ပူက (Kotaraya) ကုန်တိုက်ရှေ့မှာ ကားခြောက်စီးအပြည့် မြန်မာတွေ အဖမ်းခံရတယ်'' ဟု ဦးဆန်းဝင်းက ပြောကြားသည်။
ကွာလာလမ်ပူမြို့မှ ဖမ်းဆီးခံထားရသူများကို ကွာလာလမ်ပူမြို့ရှိ ဒါဝမ်ဆီ ရဲစခန်းနှင့် Sentul ရဲစခန်းတို့တွင် ထိန်းသိမ်းထားရှိပြီး ပီနန်းမြို့တွင်မူ ထိုသို့အဖမ်းခံရသူ မြန်မာလူမျိုးများကို မည်သည့်ရဲစခန်းတွင် ထားရှိကြောင်းနှင့် ထိုသူတို့၏ အခြေအနေကို မသိရှိရသေးကြောင်း ဦးဆန်းဝင်းက ဆက်လက် ပြောကြားသည်။
မလေးရှားရောက် မြန်မာများကို အကူအညီပေးနေသည့် သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးသီဟမောင်မောင်ကလည်း ''မြန်မာသံရုံးအနေနဲ့ သတင်းအတိအကျ မထုတ်ပြန်ပါဘူး။ ကျွန်တော် သိသလောက်က စပြီးဖမ်းတဲ့ နှစ်ရက်အတွင်း မလေးရှားရောက် မြန်မာအလုပ်သမား ၂၀၀ နဲ့ ၃၀၀ ကြားလောက်တော့ ဖမ်းဆီးထားတယ်'' ဟု ဆိုသည်။
လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ်အာလစ်အာမက်က မလေးရှားနိုင်ငံ The Star သတင်းစာသို့ ပြောကြားရာတွင် ''သူတို့မှတ်ပုံတင်ရမယ့် ကာလကို တစ်နှစ်ကျော် အချိန်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ အရေးယူ ဆောင်ရွက်ရမယ့် ကာလကို ရောက်လာပါပြီ။ ကျွန်တော်တို့ စီမံချက်ရဲ့ အဓိကပစ်မှတ်က ဂျိုဟိုးစက်မှု ဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကို ပြန်ပို့ဖို့ပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ယခုစီမံချက်ဖြင့် ဖမ်းဆီးမိထားသူများကို တရားဝင်နေထိုင်ခွင့် ပြုလုပ်ပေးခြင်း၊ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန်ခြင်းတို့ကို ခွင့်ပြုမည် မဟုတ်ဘဲ ဖမ်းမိသူများအား နေရပ်သို့ အမြန်ဆုံး ပြန်ပို့နိုင်ရန်အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသံရုံးများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယခု စီမံချက်ဖြင့် ဖမ်းမိသော အလုပ်သမားများကို နေရပ်သို့ ချက်ချင်းပြန်ပို့ သွားမည်ဖြစ်ပြီး တရားမ၀င် အလုပ်သမားများ ငှားရမ်းထားသည့် ၎င်းတို့၏ အလုပ်ရှင် များကိုလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများ ခိုးသွင်းမှုဆိုင်ရာ အက်ဥပဒေအရ ရင်းဂစ် ၅၀၀၀ သို့မဟုတ် ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ကြိမ်ဒဏ် ခြောက်ချက် သို့မဟုတ် ပြစ်ဒဏ်အားလုံး ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
အထူးစီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမား အများအပြားမှာ လုံခြုံစိတ်ချရသည်ဟု ယူဆရသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး တရားမ၀င် အလုပ်သမားများအပြင် တရားဝင်နေထိုင်ခွင့် ရရှိထားသော သူများကိုပါ ရောနှောဖမ်းဆီးမှုများ ရှိနေသည့်အတွက် ယခုအချိန်တွင် မလေးရှားရောက် မြန်မာနိုင်ငံသား အများအပြား စိုးရိမ်ထိတ်လန့် နေကြရသည်ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အရေး လိုက်ပါဆောင်ရွက် ပေးနေသူ တစ်ဦးဖြစ်သည့် မယမင်းခင်က ပြောကြားသည်။
''အခုက တရားဝင်တွေကိုပါ ရောဖမ်းနေတယ်။ ပတ်စ်ပို့စာအုပ်က ပါမစ်မှာကပ်ထားတဲ့ လိပ်စာမှာ မရှိဘဲ တခြားနယ်ရောက်နေရင် ဖမ်းတယ်၊ ပါမစ်မှာပါတဲ့ စက်ရုံလိပ်စာမှာ မဟုတ်ဘဲ တခြားစားသောက်ဆိုင်မှာ လုပ်တာမိရင်လည်း ဖမ်းတယ်။ မြန်မာ အလုပ်သမားတွေတော့ လုံခြုံမယ်ထင်တဲ့ နေရာတွေကို တိမ်းရှောင်နေကြတယ်။ တချို့လည်း တောထဲတွေပါ ၀င်ရှောင်နေကြရတယ်'' ဟု မယမင်းခင်က ပြောပါသည်။
ဖမ်းဆီးခံထားရသူ နိုင်ငံသားများကို ရောနှောထားရှိထားပြီး အခြားနိုင်ငံ သံရုံးများမှ ၄င်းတို့၏ နိုင်ငံသားများအား လာရောက်တွေ့ဆုံခြင်း ရွေးထုတ်ခြင်းများ ပြုလုပ်လျက် ရှိသော်လည်း မြန်မာသံရုံးကမူ လာရောက် တွေ့ဆုံခြင်းများ မရှိခဲ့ဘဲ ပရဟိတ အဖွဲ့များကသာ လာရောက် တွေ့ဆုံနေကြကြောင်းလည်း မယမင်းခင်က ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံ အလုပ်သမားအရာရှိ ဦးစိုးဝင်းက ပြောကြားရာတွင်မူ ''မြန်မာလူမျိုးမှ မဟုတ်ပါဘူး။ မလေးရှား နိုင်ငံရောက် တရားမ၀င် အလုပ်သမား အားလုံးကို ဖမ်းတာပါ။ မြန်မာ၊ အင်ဒို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းလူမျိုး အနည်းငယ်ရှိတယ်။ အော်ပရာစီ အနေနဲ့ နှစ်စဉ် ဖမ်းနေတာပါ။ အထောက်အထား မရှိရင် ဖမ်းတယ်။ အဲလိုဖမ်းမယ့် အကြောင်းကို ရုပ်သံတွေ၊ သတင်းစာတွေကနေကြိုပြီး အသိပေး ပြီးသားပါ။ အထောက်အထားရှိရင် ပြန်လွှတ်ပေးပါတယ်။ မလေးရှားနိုင်ငံ ဥပဒေအရ လုပ်တာဖြစ်တဲ့ အတွက် မြန်မာသံရုံး အနေနဲ့ရော ကျွန်တော်တို့ အလုပ်သမား အဖွဲ့အစည်းတွေ အနေနဲ့ရော ဘာမှပြောပိုင်ခွင့် စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ ဒီတော့ တရားမ၀င်မြန်မာ အလုပ်သမားဦးရေ ဘယ်လောက် အဖမ်းခံထားရလဲ ဆိုတာကို အတိအကျပြောဖို့ ခက်ပါတယ်'' ဟု ပြောကြားခဲ့သည်။
အဖမ်းခံနေရသူများနှင့် ပတ်သက်၍ ဦးဆန်းဝင်းက ဆက်လက် ပြောကြားရာတွင် ''ယနေ့အထိ မလေးရှားနိုင်ငံ မြန်မာသံရုံးကနေ ဘာအကူအညီမှ မရသေးဘူး။ အထောက်အထား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့က အကုန်ဖမ်းနေတာ။ အခုအခေါက် ဖမ်းထားတဲ့ မြန်မာတွေထဲမှာ အထောက်အထား အပြည့်အစုံရှိလဲ ဘယ်တော့ ပြန်လွှတ်ပေးမလဲ ဆိုတာ မသိရသေးဘူး။ အရင်အခေါက်တွေ ဖမ်းတုန်းကတော့ အထောက်အထားရှိပြီး အလုပ်ရှင် သူဌေးကိုယ်တိုင် သွားထုတ်တာတောင် အနည်းဆုံး ၃ ပတ် လောက်ကြာတယ်'' ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လိုသူများ အတွက် သံရုံးမှ Certificate of Identity (မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား) ထုတ်ပေးနေပြီး လူကြီးတစ်ဦးလျှင် မလေးရှား ရင်းဂစ် ၅၀၀ နှင့် ကလေးတစ်ဦးလျှင် မလေးရှားရင်းဂစ် ၁၀၀ ကုန်ကျကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ အရေအတွက် သီတဂူ အထောက်အကူပြု အဖွဲ့နှင့် ဧရာဝတီဖောင် ဒေးရှင်းစသည့် ပရဟိတ အဖွဲ့များက လိုက်ပါကူညီလျက် ရှိသည်ဟု သိရသည်။
မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်နေသူဦးရေ အများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ကြပြီး မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်သည်။ လက်ရှိအချိန်ထိ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ် သမားအရေအတွက် ၇၀၀၀၀၀ ခန့်ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င် အလုပ်သမားများ ဖြစ်နေကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment