Monday, September 02, 2013

အသားပိုပါလာသည့် ကလေးငယ် ခွဲစိတ်ကုသနိုင်ရန် အလှူငွေလို အပ်နေဆဲဖြစ်

Monday, September 2, 2013
တင်ပါးတွင် မွေးရာပါအသားပိုတစ်ခု ပါလာသောလသားအရွယ် ကလေးငယ်တစ်ဦး ခွဲစိတ်ကုသနိုင်ရန် အတွက် အလှူငွေ လိုအပ်နေဆဲဖြစ်ကြောင်း ယင်းကလေးငယ်ကို ဆေးရုံပို့ပေးသူ တောင်ငူဒေသခံများက စက်တင်ဘာ ၁ ရက်က မဇ္ဈိမကိုပြောသည်။
ယင်းကလေးငယ်မှာ တောင်ငူခရိုင်ဖြူးမြို့နယ် ဗိုလ်ချုပ်ရပ်ကွက်မှဖြစ်ပြီး ယခုနှစ် မေ ၁ ရက်ကမွေးဖွားခဲ့ပြီး မိဘများမှာ ဦးအေးမင်းထွန်းနှင့် ဒေါ်ဖြူဖြူအေးတို့ ဖြစ်သည်။ ကလေးငယ်ကို ဖြူးမြို့ ပြည်သူ့ဆေးရုံကြီး တွင် ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး တင်ပါးဆုံအနောက်ဘက်တွင် မွေးရာပါအသားပိုတစ်ခု ပါလာခဲ့ သည်။ နောက်ပိုင်းတွင် ပိုမိုကြီးထွား လာသည့်အတွက် ရန်ကုန်မြို့၊ ရန်ကင်းကလေးဆေးရုံကြီးသို့ သြဂုတ် ၃၁ ရက်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။ ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့သူ ဒေသခံကိုဟန်မင်းဦးက “ သြဂုတ် ၂၉ ရက်မှာ တောင်ငူဆေးရုံကြီးကို ကလေးဖျားပြီး ဆေးရုံတက်တော့မှ တွေ့ရတာပါ။ ကလေးရဲ့တင်ပါးအနောက်က အသားပိုကြီးက တစ်ပေနီးပါးရှိတယ်။ ဒါနဲ့ကလေး မိဘတွေကို မေးကြည့်တော့မှ ငွေကြေး အဆင်မပြေဘူးဆိုတာ သိရ တယ်။ ဒါ ကြောင့်မိတ်ဆွေ သူငယ်ချင်း အချို့နဲ့ တိုင်ပင်ပြီး ငွေစုပြီး ရန်ကင်းကလေးဆေးရုံကြီးကို တင်ပေးခဲ့ပါတယ်” ဟုပြောသည်။
လက်ရှိတွင် အနယ်နယ်အရပ်မှ ပေးပို့လှူဒါန်းသော ငွေကျပ်ဆယ်သိန်းကို ကလေးမိဘများသို့ ပေးအပ်ခဲ့ပြီး ခွဲစိတ် ကုသ၍ရမည်၊ မရမည်ကို မသိရှိရသေးကြောင်းနှင့် စက်တင်ဘာ ၂ ရက်တွင် စမ်းသပ်စစ်ဆေးမှု အဖြေထွက်ရှိမည်ဖြစ်ကြောင်းလည်း ကူညီပေးခဲ့သူများက ဆိုသည်။
လိုက်ပါကူညီသူ ကိုကျော်စွာက “ကလေးအတွက် ခွဲစိတ်ကုသဖို့အတွက် အလှူငွေလိုတယ်။ စေတနာ ရှင်တွေ အနေနဲ့ အမြန်ဆုံးဆက်သွယ်လို့ရအောင် ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်ပေးချင်တာပါ။ ကလေး မိဘတွေ ကတော့ စီးပွားရေးမပြေလည်ကြဘူး” ဟုဆိုသည်။
အဆိုပါကလေးငယ်အတွက် ထောက်ပံ့လှူဒါန်းလိုသူများသည် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံကြီး ဒုတိယထပ် ခွဲစိတ်ဆောင်သို့ ဆက်သွယ်နိုင်သကဲ့သို့ ကူညီပေးသူများဖြစ်သည့် ဦးသူရ ဖုန်း-၀၉၄၂၈၁၁ ၄၈၇၈ နှင့် ဦးကျော်စွာ ဖုန်း-၀၉၇၃၁၆၂၇၈၅ သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List