Thursday, September 05, 2013

မြစ်ကြီးနားနှင့် ၀ိုင်းမော်၌ ကာလရှည်ကြာ လျှပ်စစ်မီး ပြတ်တောက်နေခြင်းမှာ တိုက်ပွဲဖြစ်ပွားမှုများနှင့် သက်ဆိုင်ခြင်း မရှိဟုဆို

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ပိုင်ဆိုင်သည့် ဘူးဂါးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်မီးပေး ထားသော မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့၌ ၁၉ ရက်ကြာ လျှပ်စစ်မီးလုံးဝပြတ်တောက်နေခြင်းမှာ ယခုရက် ပိုင်းအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌လျှပ်စစ်မီးလုံးဝပြတ်တောက်နေမှုမှာ သြဂုတ် ၁၆ ရက်က စတင်ခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၄ ရက်သို့ ရောက်ရှိချိန်အထိလျှပ်စစ်မီးပြန်လည်မရရှိသေးဘဲအချိန်အကန့်အသတ်မရှိ ကြာနိုင်ကြောင်း ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၃ ခုနှစ် ဇန်န ၀ါရီလများအတွင်း အစိုးရနှင့် KIA တို့ စစ်ရေး အရှိန် မြင့်တက်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲများ ဖြစ်နေ ချိန်ကလည်း မြစ်ကြီးနားမြို့၌ လျှပ်စစ်မီးလုံးဝပြတ်တောက်မှုများ ရှိခဲ့သည်။ ထိုအချိန်က လျှပ်စစ် ဓာတ်အားပြတ်တောက်မှုမှာ တိုက်ပွဲကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ပြီး KIO ကိုယ်တိုင်ကလည်း ထိုလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အပြီးတိုင် ဖောက်ခွဲဖျက်ဆီးပစ်ရန် စဉ်းစားမှု များရှိခဲ့ကြောင်း သိရသည်။ သို့သော် ထိုလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဖြန့်ဖြူးသောလျှပ်စစ်မီး တစ်ခုတည်း ကိုသာမြစ်ကြီးနားဒေသခံများအားကိုးနေရသည့်အတွက် အပြီးတိုင် ဖျက်ဆီးခြင်း မပြုလုပ်ခဲ့ဘဲပြန်လည်ပြင် ဆင်ကာ လျှပ်စစ်မီးဖြန့်ဖြူးမှုများ ဆက်လက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယခုတစ်ကြိမ် ကာလရှည်ကြာ လျှပ်စစ်မီး လုံးဝပြတ်တောက်မှုသည် ယခုရက်ပိုင်းများအတွင်း ရှမ်းပြည်နယ်ရှိ KIA တပ်မဟာ- ၄ နယ်မြေ ပန်ဝါဒေသ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် မိုင်တိုင် ၆ အနီးနှင့် ဆွမ်ပရာဘွမ် ဒေသများတွင် ဖြစ်ပွားခဲ့သော KIA၊ ပြည်သူ့စစ်နှင့် တပ်မတော်တို့ အကြား ဖြစ်ပွား ခဲ့သော တိုက်ပွဲများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရှိရသည်။
BB-5-9
မြစ်ကြီးနားမြို့တွင် လမ်းလယ်ကျွန်းများအား ဖယောင်းတိုင်ထွန်း၍ ဆေးသုတ်နေစဉ်
"ဒီတစ်ကြိမ်ဖြစ်တဲ့ လျှပ်စစ်မီး ပြတ်တောက်မှုက တိုက်ပွဲဖြစ်တာတွေနဲ့ မသက်ဆိုင်ပါဘူး။ 
ဘူးဂါးမှာရှိတဲ့ရေစစ်ကန်ထဲမှာအမှိုက်တွေပိတ်ပြီးပိုက်ခေါင်းတွေပိတ်ဆို့ကုန်တာကြောင့် အဲဒါကိုပြင်ဆင်နေ ရတယ်လို့ သိထားပါတယ်။ ဒီရက်ပိုင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက အစိုးရနဲ့ KIA ထိပ်တိုက်တွေ့တာမျိုး မဟုတ် ဘဲ KIA နဲ့ပြည်သူ့စစ်တွေ ဖြစ်ကြတာပါ။ ပြည်သူ့စစ် ဆိုတာကလည်း တပ်မတော် လက်အောက်မှာ ပဲရှိတော့ တပ်မတော်လည်း အတူတူလို ဖြစ်သွားတာပေါ့" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
သြဂုတ် ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ အမှိုက်ပိတ်ဆို့ခြင်းများ ဖြစ်ပေါ် ကာ ရေလွှဲအမှိုက်စစ်တံခါး ကျိုးပေါက်သွားပြီး ရေတာဘိုင်ပိုက်လိုင်းတွင် အမှိုက်များစုပုံကာ စက်လည် ပတ်မှု ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရသည်။
"ရေလွှဲအမှိုက်စစ်သံဆန်ခါကျိုးပေါက်သွားတာ။ ကြာဦးမယ်။ ရှင်းလင်းပြီးရင်စက်ရုံကိုဆေးရဦးမယ်။ သံဆန် ခါ ပြန်တပ်ရဦးမယ်။ စက်ရုံကိုတော့ ထိခိုက်တာမရှိပါဘူး" ဟု ဘူးဂါးရေအားလျှပ်စစ်စက်ရုံမန်နေဂျာ ဦးနော် အွန်က ပြောကြားသည်။
ဘူးခါးရေအားလျှပ်စစ်စက်ရုံ ရေစစ်ကန်ရှင်းလင်းမှုကို အလုပ်သမား ၃၀ ခန့်ဖြင့် လုပ်ဆောင်နေပြီး သြဂုတ် ၂၀ ရက်က စက်ရုံတွင် အမှိုက်ဆယ်ရင်း စက်ရုံအလုပ်သမားတစ်ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ တစ်ဦးကို တရုတ်နိုင်ငံ ရှင်ကျီးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ဘူးဂါးလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် မြစ်ကြီးနားမြို့နှင့် ၄၇ မိုင်အကွာ တဘတ်ချောင်းပေါ်တွင် KIO ကို အဖွဲ့မှ တည်ဆောက်ထားပြီး လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည်။ ဘူးဂါးကုမ္ပဏီသည် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့ကို မီးပေးရန် ပြည်ထောင်စု အစိုးရနှင့် ၂၀၀၇ ခုနှစ်တွင် နှစ် ၂၀ စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့သည်။ ယခုအချိန်တွင် ဘူးဂါးကုမ္ပဏီက ၅၀၀ KV စက်သုံးလုံးဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေနေသော်လည်း လုံလောက်မှု မရှိပေ။ ဘူးဂါးကုမ္ပဏီသည် လျှပ်စစ်ဖြန့်ဖြူးခြင်းမှ အမြတ်ငွေ သိန်း ၁၆၀၀ ကျော် လစဉ်ရရှိသည်ဟု သိရသည်။

No comments:

Post a Comment

My Blog List