Thursday, September 05, 2013

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

Thursday, 05 September 2013
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန်ရှိသူ များနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်အနေအထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦး က ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဖြစ်သူက "ဖြစ်စဉ်ဖြစ်တယ်ဆိုတဲ့ စသိသိချင်းပဲ ရောက်ရှိနေခဲ့ပြီး အခြေ အနေကိုထိန်းထားခဲ့ပါတယ်။ ဘာမှတော့မဖြစ်ပါဘူး။ လက်ရှိတော့ ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးနေ တယ်။ ပြီးတော့ပတ်ဝန်းကျင် နေထိုင်သူတွေဆီကလည်းဆက်လက်စုံစမ်း သွားမယ်" ဟု ပြောကြားသည်။
X-5-9
ယင်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ သင်္ဃန်းကျွန်းမြို့နယ် ၂ ရပ်ကွက်ရှိ ယုဝလမ်းတွင် တည်ရှိ ပြီး ကျောင်းဆောင်နှစ်ခုဖြင့် စာသင်ကြားနေကြောင်း၊ ကျောင်းသားဦးရေ ၂၇၀ ရှိပြီး ကျောင်းဆရာ ၃၄ ဦး ရှိကြောင်း သိရသည်။ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော ဂျာမေအာ အာရဗီယာ အစ္စလာမီယာ သအ်လီမွလ် ကုရ်အာန်ကျောင်းမှ ဒုတိယကျောင်းအုပ် ဖြစ်သူက "ကျွန်တော်တို့ အနေနဲ့ကတော့ ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးတာကို ပြန်လည်ဖြေကြားတယ်။ နောက်ပြီး ဓနိမိုးထားတဲ့ကျောင်းကို သွပ်မိုးဖို့အတွက် သက်ဆိုင် ရာကိုတင်ထားခဲ့ဖူးတာမှန်ပါတယ်။ ဒါပေမဲ့ ချမပေးခဲ့ပါဘူး" ဟု ပြောသည်။
လက်ရှိတွင် ယင်းအစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ကျောင်းအုပ်ဦးခင်အောင်နှင့် အဆောင် ဆရာနှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက စစ်ဆေးနေ သည့်အပြင်  ယင်းကျောင်းဝန်းကျင်အနီး နေထိုင်သူ ငါးဦးခန့်ကိုလည်း စစ်ဆေးနေကြောင်း သင်္ဃန်းကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မီးရှို့ခဲ့သည်ဟူသော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ ၁၉၈၀ ခုနှစ်က စတင်တည်ထောင် စာသင် ကြားခဲ့ကြောင်း၊ ၎င်းစာသင်ကျောင်းရှိသော လမ်းမှာလည်း အစ္စလာမ် ဘာသာဝင်များသာ နေထိုင်ကြောင်း ပတ်ဝန်းကျင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။၎င်းအပြင် လာရောက်မီးရှို့မှု ဖြစ်ပွားခဲ့သည် ဆိုသော ဓနိမိုး စာသင်ကျောင်းကိုလည်း ၁၉၉၅ ခုနှစ်က သွပ်မိုးအဖြစ် တည်ဆောက်ရန် သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List