Monday, September 2, 2013
မလိုလားအပ်သော စည်းမျဉ်းစည်းကမ်း ဥပဒေများကို ပယ်ဖျက်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုမြှင့်တင်ရာ ရောက်မည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအပြင် တရားစီရင်ရေး မဏ္ဍိုင်သည်လည်း အဓိကဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိတည်ဆဲ ဥပဒေအချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေ ချိုးဖောက်သကဲ့သို့ ဖြစ်သွားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် ငြိမ်းချမ်းစွာစုဝေးခွင့် လှည့်လည်ခွင့် ဥပဒေကိုလည်း ပြင်ဆင်ရန်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်တွင် အဆိုတင်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။ ယင်းဥပဒေသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးထောင်ချခဲ့သည့် ဥပဒေတစ်ခုလည်းဖြစ်ပြီး ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန်လည်း တောင်းဆိုမှုများ ရှိနေသည်။
လူတိုင်းသည် ဥပဒေဘောင်အတွင်း၌ အေးချမ်းစွာ နေထိုင်လိုကြသူများ ဖြစ်ကြောင်း၊ နိုင်ငံတွင် တရား ဥပဒေ စိုးမိုးရေး မရှိခြင်းမှာ လာဘ်ပေးလာဘ်ယူမှု ဖြစ်ကြောင်း၊ တရားစီရင်ရေး ကဏ္ဍ၌ပင် လာဘ်ပေး လာဘ်ယူမှုများ ရှိနေ၍ အုပ်ချုပ်ရေး အပိုင်းတွင် လာဘ်ပေးလာဘ်ယူမှု ရှိနေခြင်းမှာ အံ့အားသင့်ဖွယ် မဟုတ်တော့ကြောင်းလည်း လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
No comments:
Post a Comment