Thursday, December 03, 2015

NLD အနေဖြင့် ကြားနေ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးမည်ဟု ဘေဂျင်း မျှော်လင့်


ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ပြတ်ပြတ် သားသား အနိုင်ရခဲ့သဖြင့် စစ်အစိုးရကို ဆယ်စုနှစ်နှင့် ချီ၍ ကျောထောက်နောက်ခံ ပြုခဲ့သည့် တရုတ်နိုင်ငံသည် မဟာဗျူဟာ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံရှိ ယင်း၏ ဒေါ်လာဘီလီယံများစွာတန် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်လျက်ကြောင်း သိရသည်။
NLD ဦးဆောင်သည့် အစိုးရသစ် တက်လာသော်လည်း မြန်မာနိုင်ငံ သည် ဘေဂျင်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွား မည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် အဖွဲ့အစည်းများအားလုံး စုပေါင်း ကာ နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ဆောင်ကြပြီး တည်ငြိမ်သော ၊ ဟန်ချက်ညီသော ၊ ဖွံ့ဖြိုးသော ၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ် အိမ်နီးချင်းကောင်း တရုတ်နိုင်ငံ က မြင်တွေ့လိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အရာရှိက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာနိုင်ငံသည် အမေရိကန်နှင့် အနောက်နိုင်ငံများနှင့် ပိုမိုနီးကပ်သွားနိုင်ပြီး တရုတ်၏ မဟာဗျူဟာ အကျိုးစီးပွားကို လျော့ပါးစေနိုင်သည်ဟု တရုတ်က ယူဆထားသည်ဟု တရုတ်နိုင်ငံပိုင် စင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံသည် မြန်မာအတိုက်အံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် ဇွန်လတွင် ဖိတ်ခေါ်ခဲ့ပြီး တရားဝင် ဆက်ဆံရေး ထူထောင် ခဲ့သည်။ တရုတ်သမ္မတ ဇီကျင်ပင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ရာတွင် တရုတ် - မြန်မာ ဆက်ဆံရေး၏ ရေရှည်အနာဂတ်ကို ရှုမြင်ပေး ရန် တောင်းဆိုခဲ့သည်။

သမ္မတ ဇီကျင်ပင်းက “တရုတ်နဲ့ မြန်မာဟာ နီးကပ်ပြီး ရင်းနှီးတဲ့ အိမ်နီးချင်းတွေ ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် ကို ပြောကြားခဲ့ပြီး တရုတ် ကွန်မြူနစ် ပါတီနှင့် NLD တို့၏ ဆက်ဆံရေးသစ်ကို တည်ထောင် ခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေအနေသစ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက် ကို နိုင်ငံပိုင် ဂလိုဘယ်တိုင်း သတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြ ထားသည်။ “အကယ်၍ NLD အနိုင်ရခဲ့ရင် မြန်မာအစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ပိုမိုနီးစပ်သွားပြီး ဘေဂျင်းဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့ အချို့က ပြောနေကြပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေ တည်ငြိမ်ရေးနဲ့ တရုတ်မြန်မာ ဆက်ဆံရေး အနာဂတ်အတွက် ဒီပြောကြားမှုတွေက မှားယွင်းပါတယ်။ အမှန်တော့ မြန်မာစစ်အစိုးရ လက်ထက်မှာ တရုတ်ကို ထောက်ခံတဲ့မူဝါဒ ကျင့်သုံးခဲ့ပေမယ့် ၂၀၁၁ မှာ ဦးသိန်းစိန် အစိုးရ တက်လာပြီး ကတည်းက ကြားနေ၀ါဒကို ကျင့်သုံးခဲ့ပါတယ်။ ဆက်ဆံရေး ကျဆင်းတာ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အစဉ်အလာ နိုင်ငံခြားရေး ကြားနေ၀ါဒကို ကျင့်သုံးတာ ဖြစ်ပါတယ်” ဟု ထိုဆောင်းပါးက ဆိုသည်။

KHTun
Ref - Global Times
The Ladies News Journal

No comments:

Post a Comment

My Blog List