Tuesday, December 01, 2015

စစ်ရေးအမြင်ထက် သာလွန်သည့် အမျိုးသားရင်ကြားစေ့ရေး မဟာဗြူဟာ


ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မပြုလုပ်ခင်ကပင် “အမျိုးသား ရင်ကြားစေ့ရေးဟာ ကျွန်မတို့ ဒီမိုကရေစီရဲ့ အခြေခံပါ” ဟု ပြောကြား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ရင်ကြားစေ့ရေးအတွက် အမြော်အမြင်ကြီးကြီးဖြင့် ဆောင်ရွက်မှုအဖြစ် တွေ့ဆုံဆွေးနွေးရန် ပထမဆုံး ဆောင်ရွက်ခဲ့ခြင်းဖြင့် စစ်တပ်မှ ဗိုလ်ချုပ်ကြီးများထက် မဟာဗျူဟာ ပိုမိုကောင်းမွန်မှုကို ပြသခဲ့သည်။
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သဖြင့် မြန်မာပြည်သူများအနေဖြင့် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်တွင် နေခဲ့ရသော စစ်တပ်နှင့် ဆက်နွယ်မှုမရှိသော သမ္မတတစ်ဦး တင်မြောက်နိုင်တော့မည်ဖြစ်ပြီး အဓိပ္ပာယ်ရှိသော အမျိုးသား ရင်ကြားစေ့ရေးအတွက် လမ်းရှင်းပေးနိုင်မည်ဖြစ်သည်။

“ကျွန်မတို့ ၁၀၀ % အနိုင်ရမယ်ဆိုရင်တောင် အမျိုးသား ရင်ကြားစေ့ရေး အတွက် ဦးတည်တဲ့ အစိုးရမျိုးဖွဲ့ပါမယ်။ အနိုင်ရသူက အားလုံးယူပြီး ရှုံးသူက အားလုံး ဆုံးရှုံးရတာမျိုး မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီမှာ ဒါမျိုး မဖြစ်သင့် ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထိုရှင်းလင်းပြတ်သားသည့် ပြောကြားမှုက ဖိနှိပ်ညှင်းပမ်းမှုများ ခံခဲ့ရသည့် ပြည်သူလူထုနှင့် အုပ်ချုပ်သူ စစ်တပ်ကြား ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲများ အလွန်လိုအပ်နေသည်ကို ဖော်ပြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ မြန်မာအစိုးရများမှာ စစ်တပ်က ရွေးချယ်ခန့်ထားသူ (သို့) တိုက်ရိုက်စစ်အစိုးရများ ဖြစ်ခဲ့သည်။

အမှန်တကယ်အားဖြင့် ရွေးကောက်ပွဲတွင် NLD က အများစု အနိုင်ရခဲ့သော် လည်း လက်ရှိ အခြေခံဥပဒေအရ စစ်တပ်သည် လွှန်တော်အမတ်နေရာ ၂၅% ရယူထားသည်။ ထိုအခြေအနေက အုပ်ချုပ်သူ စစ်တပ်နှင့် ပြည်သူလူထုကြား ကွဲပြားမှုဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်က အရပ်ဖက်အုပ်ချုပ်မှုအာဏာကို အရပ်သားအစိုးရလက်အတွင်း ထည့်ပေးနိုင်ခဲ့သော်လည်း ထိရောက်သည့် အုပ်ချုပ်မှုဖြစ်ပေါ်လာရန် ပြုပြင်ပြောင်းလဲရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးတို့ ပြုလုပ်ရန် လိုအပ်သည်။

တောင်အာဖရိကနိုင်ငံတွင် အပါ့သိုက်ခေတ်လွန်ကာလ၌ နောက်ကြောင်းပြန် အရေးယူမှုများ ပြုလုပ်ရန် ဆောင်ရွက်ခြင်းအစား အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် အမှန်တရား ရှာဖွေရေးကို ဆောင်ရွက်ခဲ့သည့် နည်းလမ်းထက်ပင် သာလွန်ကာ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ၏ ဖိနိမ့်မှုလုပ်ရပ်များအတွက် အရေးယူဆောင်ရွတ်မည်မဟုတ်ဟု ကတိပြုထားသည်။

နိုင်ငံရေးအာဏာ ကိုင်ဆွဲထားဆဲဖြစ်သော စစ်တပ်နှင့် ပြန်လည်ရင်ကြားစေ့ ရေးအတွက် ထိုမဟာဗျူဟာမြောက် ခြေလှမ်းမှာ မဖြစ်မနေ လိုအပ်သည်။ တနည်းအားဖြင့် အလုံးစုံ သင်ပုန်းချေရေး နည်းလမ်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

NLD အစိုးရသစ်အနေဖြင့် လွှတ်တော်တွင် အမတ်နေရာ ၄ ပုံ ၁ ပုံကို ထိန်းချုပ်ထားသည့် စစ်တပ်မှ ကိုယ်စားလှယ်များနှင့်လည်း တွဲဖက် လုပ်ကိုင်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတည်ငြိမ်အေး ချမ်းမှုကို ခြိမ်းခြောက်မှုအဖြစ် စစ်အစိုးရ၏ အကြောင်းပြ ထိန်းသိမ်းခြင်းကို ခံခဲ့ရသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် စစ်အစိုးရဟောင်း၏ ဖိနှိပ်ညှဉ်းပမ်းမှု ခံခဲ့ရသူများနှင့် တူညီသည့် အတွေ့အကြုံများစွာ ရှိနေသည်။

၁၅ နှစ်ကြာမျှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရပြီး ဆိုးဝါးစွာ ပြုမူ ဆက်ဆံခံခဲ့ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်ငန်းစဉ် တွင် အမျိုးသားရင်ကြားစေ့ရေးမှာ အရေးအပါဆုံး သော့ချက်အဖြစ် ပါဝင်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စစ်တပ်ပြုပြင်ပြောင်းလဲရေးအတွက် အမျိုးသား ရင်ကြားစေ့ရေးမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်လျက်ရှိသည်။

NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း တောင်ပြိုကမ်းပြို အနိုင်ရခဲ့ သည်။ သို့သော် ထိုစဉ်က စစ်အစိုးရက အာဏာလွှဲပြောင်းပေးရန် ငြင်းဆိုခဲ့သည်။ ထိုဥပမာက ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများ အတွက် သင်ခန်းစာတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတစ်ခုအနေဖြင့် တိုးတက်လိုပါက အုပ်ချုပ်သူဟောင်းနှင့် အသစ်တို့အကြား ဆွေးနွေးမှုရှိရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

အကူးအပြောင်းကာလဆိုင်ရာ တရားမျှတမှုနှ့င့် ပတ်သက်လျှင် (တရားမျှတမှု၊ အမှန်တရား၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး (သို့) ယင်းတို့အား မည်သည့် ပေါင်းစပ်မှုပုံစံမဆို) နိုင်ငံတစ်ခု၏ ဆောင်ရွက်ပုံမှာ ခွင့်လွှတ်ခြင်းအပေါ် အမြဲအခြေခံခြင်းမရှိပေ။ မြန်မာနိုင်ငံ၏ ဖြစ်စဉ်တွင်မူ လက်ရှိ နိုင်ငံရေးနှင့် လက်တွေ့ကန့်သတ်ချက်များအရ သင်ပုန်းချေခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ယူထားသည်။

ရှေ့ဆက်ရမည့် လမ်းအဖြစ် အမျိုးသားရင်ကြားစေ့ရေးကို ရွေးချယ်ခြင်းမှာ ဆိုးဝါးစွာ ဖိနှိပ်ခံခဲ့ရမှုများကို ပြည်သူလူထုက မေ့ပစ်မည်ဟု မဆိုလိုပေ။ လူသိရှင်ကြား အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ထိုဖြစ်ရပ်များ က တိုင်းပြည်အတွက် ကြီးမားသည့် အမှတ်ရစရာများအဖြစ် တည်ရှိနေ မည်ဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် ထိရောက်စွာ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် စစ်တပ်က ဥပဒေအထက်တွင် လုပ်ဆောင်နေခြင်းမျိုး ဆက်လက်မပြုလုပ်နိုင်သည့် စစ်မှန်သော အရပ်ဘက်အုပ်ချုပ်မှုအာဏာ လိုအပ်သည်။ ထို့ကြောင့် အတွေးအမြင်နှင့် ချဉ်းကပ်ပုံသစ်များ အားဖြည့်ရန်အတွက် အမျိုးသားရင်ကြားစေ့ရေးမှာ မဖြစ်မနေလိုအပ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်လက္ခဏာတစ်ခုဖြစ်သော ရန်မူနှိပ်စက်ခဲ့သူများနှင့် တွဲဖက်လုပ်ကိုင်နိုင်ခြင်းမှာ ပြည်တွင်းပြည်ပ ထောက်ခံသူများအတွက် လမ်းကြောင်းတစ်ခု ဖြစ်စေခဲ့သည်။

NLD ၏ ရွေးကောက်ပွဲ အောင်နိုင်မှုမှာ အကျဉ်းခန်းများမှ ဖောက်ထွက်လာကာ ကျောက်တုံးများကို ကိုင်ဆောင်ထားသည့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသော အကျဉ်းသား (ပြည်သူ) လူအုပ်ကြီးနှင့် လူနည်းသော်လည်း ပိုမိုအစွမ်းထက်သည့် လက်နက်များ ကိုင်ဆောင်ထားသော အကျဉ်းထောင် အစောင့်များ ထိပ်တိုက်တွေ့နေမှုနှင့် သွင်တူသည်။ နှစ်ဖက်လုံးက ထိပ်တိုက်တွေ့ဆုံမှုကို တုန်လှုပ်လျက်ရှိပြီး နှစ်ဖက် ခေါင်းဆောင်များအနေဖြင့် တိုက်ခိုက်ခြင်းနှင့် ညှိနှိုင်းခြင်းတို့ကို ရွေးချယ်ရတော့မည် ဖြစ်သည်။

အကျဉ်းကျပြည်သူများ၏ ခေါင်းဆောင် အနေအထားနှင့်တူသော ဒေါ်အောင်ဆန်းစုကြည်က အောင်မြင်မှုနှင့် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သော သံလွင်ခတ်ကို မြဲမြံစွာ စွဲကိုင်ထားပြီး တစ်ဖက်က အလံဖြူပြလာချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းလျက်ရှိသည်။ မကြာခဏဆိုသလိုပင် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ ရလဒ်လျင်မြန်စွာ ထွက်ပေါ်လာနိုင်သည်ဟု ထင်မှတ်မှားခဲ့ရသည်။ အမှန်တကယ်တွင်မူ ရလဒ်ကောင်းရရှိရန် ကြာမြင့်တတ်သည်။

သံလွင်ခတ်ကို ကိုင်စွဲသည်ဖြစ်စေ၊ အလံဖြူကိုင်စွဲသည် ဖြစ်စေ နှစ်ဖက်တွေ့ဆုံခြင်းက တိုးတက်မှုရရန် အရေးပါသည့် အဆင့်ဖြစ်သည်။ အဓိပ္ပာယ် ပြည့်ဝသည့် အမျိုးသားရင်ကြားစေ့ရေးဖြစ်ရန်မူ လုပ်ငန်းအဆင့်များစွာကို စိတ်ရှည်စွာ အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်မှုမှာ မြန်မာနိုင်ငံအတွက် အရေးပါသည့် လိုအပ်ချက်ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ သိမ်မွေ့လွန်းလှသည့် မဟာဗျူဟာမြောက် နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေးသည်။

မောင်နိုး
The Ladies News Journal

No comments:

Post a Comment

My Blog List