Saturday, December 05, 2015

သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား တရားစွဲဆိုရန်လျှောက်ထားမှု ပလပ်ခံရ


ကမာရွတ်တရားရုံးတွင် ပုဒ်မ(၅)ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းသားနှင့် ၀န်းရံသူငါးဦးအမှုတွင် နောက်တိုးတရားခံအဖြစ်သမ္မတရုံးပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းအား တရားစွဲဆိုနိုင်ရန် လျှောက် ထားမှုအား ကမာရွတ် မြို့နယ် တရားသူကြီးက ပလပ်လိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။

ကမာရွတ်တရားရုံးတွင် ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ မပိုပို၊ ကိုဂျိမ်းနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူး တို့အား ကမာရွတ်မြို့နယ်တရားရုံးတွင် ဒီဇင်ဘာလ ၄ ရက်က ရုံးထုတ်ခဲ့ပြီး ထပ်တိုး ပုဒ်မ (၁၈)အတွက် ကမာရွတ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းအား ပြန်လှန်စစ်မေးအပြီး ပြည်ထောင်စု ၀န်ကြီးအား တရားစွဲဆိုနိုင်ရန် ဦးဌေး၏ လျှောက်ထားမှုအား ပလပ်လိုက်ခြင်း ဖြစ်သည်။
“ ဒီနေ့က တရားလိုရဲမှူးကို ဆက်စစ်တာပေါ့။အရင်ထွက်ဆိုပြီးသားတွေကို တော့ သက်သေတင်တယ်။ ပုဒ်မ ၁၈ ကို ပြန်လှန် မေးခွန်းမေးတာပေါ့။ ကျွန်တော်ကတော့ ပြီးသွားပြီ။ နောက်ရုံးချိန်းကျရင်တော့ ဦးရောဘတ်စန်း အောင်တို့က ဆက်စစ်မယ်။ ကြားဖြတ်လျှောက်တဲ့ နောက်တိုးတရားခံ လျှောက်တာတော့ ရုံးတော်က ပလပ်လိုက်တယ်။ လှည်းတန်း အခင်းဖြစ်တဲ့ အချိန်မှာ သူမရှိဘူးဆိုပြီး ပလပ်လိုက် တယ်။ ကျွန်တော်တို့ကတော့ အားပေး ကူညီသူအနေနဲ့ လျှောက်တာပါ” ဟု တရား လွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးလှထွန်းသည် ဖေဖော်ဝါရီလအတွင်း ပြုလုပ်သည့် လေးပွင့်ဆိုင် သဘောတူညီချက် အရ သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများကို အရေးမယူရန် သဘောတူညီထားသော်လည်း အဆိုပါ သဘောတူညီချက် နောက်ပိုင်းတွင် ပြုလုပ်သည့် ကျောင်းသားများ၏ ဆန္ဒထုတ်ဖော်မှုများကို အရေးယူသဖြင့် ၎င်းအား နောက်တိုး တရားခံအဖြစ် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဦးဌေးက ဆိုသည်။

“ ဒီနေ့ ဦးလှထွန်းကို နောက်တိုးတရားခံအဖြစ် တင်တယ်။ ဒီဖြစ်စဉ်မှာလည်း သူမပါ ဘူး။ ဖြစ်တဲ့ အချိန်မှာ ရှိမနေဘူးဆိုပြီး ပလပ်လိုက်တယ်။ လေးပွင့် ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲမှာ ကျောင်းသားတွေကို အရေးမယူပါဘူး ဆိုပြီး လက်မှတ်ထိုးထားတဲ့ အထဲမှာ သူပါတယ်။ အခုကျောင်းသားတွေ အကုန်လုံး ကို အရေးယူထားတယ်။

သူတို့လုပ်နေတဲ့ပုံစံက တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဘယ်လောက် လွှမ်းမိုးတယ်ဆိုတာ သိသာ ထင်ရှားစေတယ်” ဟု အာမခံဖြင့် အမှုရင်ဆိုင်နေရသည့် မပိုပိုက ပြောသည်။

ကိုကျော်ကိုကိုအပါအ၀င် ကျောင်းသားနှင့် ၀န်းရံသူငါးဦးအား မတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက လှည်းတန်း စိန်ဂေဟာရှေ့မှ စိုက်ပျိုးရေးမှတ်တိုင် ရှေ့အထိ လက်ပံတန်းသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းလိုက် သည့်အတွက် ကန်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ပုဒ်မ ၁၄၃၊ ၁၄၅၊၁၄၇၊ ၅၀၅(ခ)၊ ပုဒ်မ(၁၈)တို့ဖြင့် အရေးယူထားခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ကမာရွတ်မြို့နယ်တရားရုံးက ဒီဇင်ဘာလ ၁၁ ရက်သို့ ထပ်မံချိန်းဆိုထားပြီး ရဲမှူးဇော်ဝင်းအား ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment

My Blog List