Friday, December 04, 2015

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ ဘယ်သူထိုင်မှာလဲ


ကျွန်တော်တို့ တိုင်းပြည်မှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း မိတ် ဆွေတွေနဲ့ နိုင်ငံရေးကိစ္စပြောဆို ငြင်းခုံရတာတွေဟာ ရွေးကောက် ပွဲနဲ့အတူ ပြီးဆုံးသွား ခဲ့ပြီထင်ပေ မယ့် မပြီးသေးပါဘူး။ တည်ဆဲ အစိုးရက အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်ဆိုထားပေမယ့် လက်ထဲမရောက်သေးရင် မယုံ တတ်တဲ့ မြန်မာတွေရဲ့ အကျင့် ကြောင့် ပြောရဆိုရ ဆွေးနွေးရ တုန်းပါ။
ဆွေးနွေးပွဲတိုင်းမှာ လူတိုင်း စိတ်ဝင်စားကြတဲ့အကြောင်းအရာကတော့ အစိုးရသစ်မှာ ဘယ်သူသမ္မတဖြစ်မလဲဆိုတဲ့ကိစ္စပါ။ ဂျာနယ်၊ သတင်းစာနဲ့ လူမှုကွန်ရက် တွေမှာ သမ္မတသစ်နဲ့ပတ်သက် ပြီး ထင်ကြေးအမျိုး မျိုး ပေးကြပေ မယ့် အင်န်အယ်လ် ဒီတာဝန်ရှိသူ တွေက ငြင်းပယ်ခဲ့တာကြောင့် သမ္မတဖြစ်မယ့်သူကို ခန့်မှန်းရခက်စေပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့ မြေးဖြစ်သူနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ဖို့ အပေးအယူလုပ်ခဲ့သယောင် သတင်းတွေ ထွက်ခဲ့ပါတယ်။ သူရဦးရွှေမန်းနဲ့ခပ်စိပ်စိပ်တွေ့ကြပြန်တော့လည်းဦးရွှေမန်းကို သမ္မတ တင်တော့ မယ်လို့ဆိုကြပြန်ပါရော။ ဒီဇင် ဘာ ၂ ရက်နေ့မှာ ဒေါ်စုနဲ့ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမယ်ဆိုပြန်တော့ လည်း ဒီသမ္မတသစ်အကြောင်းကိုရောက်သွားတာကြောင့် ဒီဆောင်းပါး ကိုရေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

အခြေခံဥပဒေပုဒ်မ ၅၉(စ) အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် မရှိပါဘူး။ ပထမ အကြိမ် လွှတ်တော်အစည်းအဝေး တွေမှာ ပုဒ်မ ၅၉(စ)ကိုပြင်ဆင် ဖို့ကြိုးစားခဲ့ပေမယ့် ထောက်ခံသူ ၇၅ ရာခိုင်နှုန်းမကျော်ခဲ့တဲ့ အတွက်ပြင်ဆင်ခွင့်မရခဲ့ပါဘူး။ ထောက်ခံသူ ၇၅ ရာခိုင်နှုန်းကျော်ဖို့ဆိုတာ ဟာလည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေပါဝင်မှသာဖြစ်နိုင် မယ့်အတွက် ဒေါ်စုနဲ့ကာချုပ်တို့တွေ့ ဆုံစဉ်မှာ ဆွေးနွေးညှိနှိုင်းရမယ့် အချက်တစ်ချက်ဖြစ်ဖွယ်ရှိပါတယ်။

အကယ်၍ ပုဒ်မ ၅၉(စ)ကို တပ်ချုပ်ကပြင်ဆင်ဖို့ စိတ်ဝင်စား သည့်တိုင်အောင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ အဆိုတင် သွင်းထောက်ခံပြီး ပြည်သူ့ဆန္ဒခံ ယူပွဲကျင်းပရဦးမှာဖြစ်တဲ့အတွက် အလွယ်တကူဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး။ ဒုတိယအကြိမ် လွှတ်တော်အစမှာ သမ္မတ ရွေးချယ်တင်မြှောက်ခြင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များခန့်အပ်ခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်းတို့က အရေးတကြီးပြုလုပ်ရမယ့်ကိစ္စတွေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် ဆန္ဒစောတဲ့ သူတချို့ရဲ့တွေးပုံတစ်ခုလည်းရှိ ပါသေးတယ်။ ပုဒ်မ ၅၉(စ)မှာ ပြဋ္ဌာန်းထားတာတွေမှာ မိမိ၏ဇနီး(သို့မဟုတ်) ခင်ပွန်း (သို့မဟုတ်) တရားဝင်သားသမီးနဲ့ ထိုသူတို့ရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ တိုင်းတစ်ပါးသားမဖြစ်စေရလို့ပါဝင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့သား နိုင်ငံခြားသားနှစ်ဦးကို သားအဖြစ်မှ စွန့်လွှတ်မယ်ဆိုရင် သမ္မတဖြစ်ခွင့်ရမယ်လို့ဆိုကြခြင်းပါ။

ဒီအတွေးနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတာက မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ အရ သားသမီး အဖြစ် စွန့်လွှတ်တယ်ဆိုတာ သတင်းစာထဲထည့်ပြီး အမွေပြတ် ကြေညာရုံနဲ့အထမမြောက်ပါဘူး။သားသမီးရဲ့ ဝန်ထုပ်ဝန်ပိုးကို မထမ်းလိုလို့ ရှောင်တဲ့သဘော သာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မေတ္တာ တရားနဲ့နေထိုင်သူဖြစ်တဲ့အတွက် ယောင်လို့တောင် တွေးမိမှာ မဟုတ် ပါဘူး။ မြန်မာ့ဒီမိုကရေစီအရေး အတွက် ခင်ပွန်းသည် မကျန်းမမာဖြစ်တာကိုတောင် လက်လွှတ်ခဲ့ရတဲ့သူတစ်ယောက်ကို ပြည်သူလူထုအနေနဲ့ စာနာသင့်ပါတယ်။

အခုရက်ထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မီဒီယာသမားများနဲ့ ပြောစကား တွေကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင် သူသမ္မတမလုပ် ဘူးဆိုတာ အဖြေက ရှင်းပါတယ်။ ဝါရှင်တန်ပို့စ်က လယ်လီဝေး မောက်သ်နဲ့တွေ့ဆုံစဉ်မှာ တခြား တစ်ယောက်ကို သမ္မတခန့်အပ် မှာလားမေးတော့ ဟုတ်ပါတယ် လို့ဆိုပါ တယ်။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့နိုင်ငံ့ခေါင်းဆောင်တွေသာ တက် ရတဲ့ ညီလာခံတွေမှာ သူတို့ကရှင့်ကိုရှိနေစေချင် ရင်ကောဆိုတဲ့အမေးကို လည်း ကျွန်မအဲဒီကိုသွားပါ့မယ်။ သမ္မတနဲ့အတူပေါ့၊ သူက ကျွန်မဘေးမှာ ထိုင်မှာပေါ့လို့ဆိုခဲ့ပြန်ပါတယ်။ ဒီ့ထက်ပိုရှင်းတာကတော့ ရွေး ကောက်ပွဲ မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ သူက သမ္မတအထက် ကနေပြီး အစိုးရ အဖွဲ့ကို ထိန်း ကျောင်းသွားမယ်ဆိုတာပါပဲ။

အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်သမ္မတမလုပ်ဘူးဆိုတာ သေချာသွား ပြီဖြစ်တဲ့အတွက် ဘယ်သူသမ္မတ ဖြစ်မလဲဆိုတဲ့ အမေးက ရေပန်းစားလာ ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေရဲ့အကျင့်ကလည်း သူ များက မပြောဘူးပြောလေပိုသိ ချင်လေဆိုတော့ ဒေါ်အောင်ဆန်း စုကြည်ကမပြောဘူးပြောတိုင်း ကိုယ့်ဘာသာကိုယ် စိတ်ကူးတည့်ရာ ခန့်မှန်းလာကြလေပါ။

နောက်ဆုံးသတင်းအရတော့အင်န်အယ်လ်ဒီ ခေါင်းဆောင်ဦးဉာဏ်ဝင်းက ဂျပန်သတင်းဌာနယိုမိယူရီနဲ့တွေ့ဆုံစဉ်မှာ သမ္မတလောင်းလေးဦးက ဆယ်ဦးအထိလျာထားပြီး သမ္မတဖြစ်မည့်သူသည် ယခင်နှင့်ယခုပါ စစ်ရေးအတွေ့အကြုံမရှိသူ ပါတီဝင်ဖြစ် ရမည်လို့ပြောကြားကြောင်း ဖတ်လိုက်ရပါတယ်။ နောက်ထပ်ခန့်မှန်းချင်သူတွေခန့်မှန်းလို့ရအောင် လမ်းစဖော်ပေးလိုက်တယ်ထင် ပါရဲ့။

ကျွန်တော့်အနေနဲ့ကတော့ သမ္မတသစ်ဘယ်သူဖြစ်မယ်ဆို တာထက် သူဘယ်လိုတိုင်းပြည် အကျိုးသယ်ပိုးမယ်ဆိုတာကို ငွေရောင်ပိတ်ကား ပေါ်မှာ စောင့် မျှော်ကြည့်ချင်ပါတယ်။ ရာထူးတို့၊နာမည်တို့တွေဟာ ပညတ်ချက် တွေပါ။ ရာထူးဆိုလို့ ကျွန်တော် တို့တိုင်းပြည်ဟာ ရာထူးနန္တရနဲ့ နှစ်ပေါင်း ၅၀ ကျော်ကြာ ရေပန်း စားခဲ့တဲ့အကြောင်း ပြောချင်ပါ တယ်။

ရပ်ကွက်ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးကအစ သြဇာကြီး လွန်းတဲ့အတွက် အဲဒီနေရာကို မက်မောသူအများကြီးပါ။ ဓာတ် ဆီဆိုင်ကဆီပန့်ကိုင်က ဝင်ငွေ ကောင်းတယ်ဆိုလို့ ဘွဲ့ရတွေ တောင် ဝင်လုပ်ကြခဲ့တဲ့အဖြစ် တွေပါ။ ညွှန်မှူး၊ ညွှန်ချုပ်၊ ဝန်ကြီးဆိုသူတွေဟာ သူတို့ကိုယ်တိုင် မက သားသမီး တွေပါ ကုမ္ပဏီ ထောင်တဲ့အဆင့်အထိ ကြွယ်ဝခဲ့ကြပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ သူတို့နာမည်တွေသာမက သူတို့သားသမီးနာမည်နဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ မှတ်သားမိလာကြပါတယ်။

တိုင်းပြည်တစ်ပြည်မှာ အမှန် တကယ်သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန် သောအုပ်ချုပ်ရေး ရှိလာပြီဆိုရင် ပြည်သူတွေဟာ အုပ်ချုပ်သူတွေအကြောင်း ကို မေ့သွားကြပါလိမ့်မယ်။ အုပ်ချုပ်သူတွေက ကိုယ်ကျိုးစီးပွားမရှာကြတဲ့ အခါ ပြည်သူတွေကလည်း သူတို့အကြောင်းကိုစဉ်းစားဖြစ်မယ်မထင်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဆိုတဲ့ဂုဏ်ပုဒ်ဟာ အရမ်းဆွဲ ဆောင်မှုရှိနေတယ်လို့မမြင်ဘူး။ကိုယ့်နိုင်ငံအတွက်အမှန်တကယ်အလုပ်လုပ် နိုင်တဲ့ အခွင့်အရေးရ လာဖို့ပဲလိုလားတယ်လို့ဆိုခဲ့တာ ဖြစ်ပါတယ်။

အဲသလို ဘယ်သူကသမ္မတ လုပ်လုပ်၊ ဝန်ကြီးချုပ်လုပ်လုပ် တိုင်းပြည်အုပ် ချုပ်သူတွေ သမာ သမတ်ရှိလာတဲ့အခါ ကျွန်တော် တို့မိတ်ဆွေအပေါင်း အသင်းတွေ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်ထိုင်တဲ့အခါမှာလည်း ထိုသူ တွေအကြောင်းကို ပြောဆိုဖို့မလို ဘဲ မိသားစုတွေအကြောင်းနဲ့ တခြားဗဟုသုတရဖွယ်ရာအကြောင်း တွေကိုသာ ပြောဆိုကြရမှာဖြစ်တဲ့ အတွက် လူ့အဖွဲ့အစည်းဟာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိ မလဲလို့ တွေးရင်း ပီတိဖြစ်ရပါ တယ်။

မိတ်ဆွေများခင်ဗျား . . .ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် တစ်ယောက် ပါ။ တိုင်းပြည်အတွက် ပေးဆပ် မယ့်သူဖြစ်တဲ့အတွက် ကျွန်တော် တို့အားလုံး ပေးအပ်ခဲ့ပြီးပြီမဟုတ်လား။ သူ့ဘေးနားမှာထိုင်မယ့် သူ ကို သူကိုယ်တိုင်ရွေးချယ်မှာဖြစ် တဲ့အတွက် အဲဒီကိစ္စကို မစဉ်းစား မပူပန်ရအောင်လားဗျာ။
7Day News Journal

No comments:

Post a Comment

My Blog List