Friday, December 04, 2015

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်လိုက်ပါခဲ့သူ မနုနုလင်းနှင့် တွေ့ဆုံခြင်း


ခေါင်းဆောင်မှုအရည်အသွေးရှိသည့်လူငယ်များကို ပြုစုပျိုးထောင် လေ့ကျင့်ပေးပြီး ပါဝင်လှုပ်ရှားခွင့်ရသည့် လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခု ဖြစ်သော အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များသင်္ဘောခရီးစဉ်(SSEAYP)သည်မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၆ ရက်တွင် ရောက်ရှိလာခဲ့သည်။
အဆိုပါ ခရီးစဉ်တွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံနှင့် ဂျပန်နိုင်ငံမှ လူငယ် သုံးရာကျော်ပါဝင်လာပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များသို့ သွားရောက်လေ့ လာခြင်း၊ မြန်မာမိသားစုနေအိမ်တွင် Home Stay အဖြစ် တစ်ညတာတည်းခိုနေထိုင်ခြင်းအပါ အဝင် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုများ၊ နေထိုင်မှုများကို လေ့လာသွားမည် ဖြစ်သည်။
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် (SSE AYP)၏အဓိကရည်ရွယ်ချက်သည် လူငယ်အချင်းချင်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နိုင်သော စွမ်းရည်များကို ပျိုးထောင်ပေးရန်အတွက်ဖြစ်ပြီး မြန်မာနိုင်ငံမှ အ သက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်းရှိ လူငယ် ၂၉ ဦး လိုက်ပါခဲ့သည်။ ထိုခရီးစဉ်သို့ လိုက်ပါခွင့်
ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားလှယ်လူငယ်များအနက် လူငယ်ခေါင်း ဆောင် မနုနုလင်း(နည်းပြ၊ အင်္ဂလိပ်ဘာသာဌာန၊နိုင်ငံခြားဘာသာ တက္ကသိုလ်(မန္တလေး))အား ၎င်း၏အတွေ့အကြုံများကို သွားရောက် မေးမြန်းခဲ့သည်များမှကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပထမဆုံးအနေနဲ့ အရှေ့တောင်အာရှနဲ့ ဂျပန်လူငယ်များသင်္ဘောခရီးစဉ်မှာ ပါဝင်ခွင့်ရဖို့ ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာ ပြောပြပေးပါ။
ပထမဦးဆုံး Institutional Level အနေနဲ့ အစ်မတို့ကျောင်းမှာ အသက်(၁၈)က (၃၀)အတွင်းရှိတဲ့ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေ အားလုံးဝင်ပြိုင်လို့ရတယ်။ ကျောင်းမှာ ရေးဖြေနဲ့အင်တာဗျူးဖြေပြီးတော့ အရွေးခံရတယ်။ အဲဒီနောက် ရန်ကုန် နိုင် ငံခြားဘာသာတက္ကသိုလ်မှာ ရေးဖြေသွားဖြေရတယ်။ နောက်တော့ အင်တာဗျူးလုပ်ပြီး အရွေးခံခဲ့ရတာပါ။

ခရီးစဉ် ဘယ်နှရက်ကြာမြင့်မှာလဲ။ ဘယ်နိုင်ငံတွေကို သွားရောက်လေ့လာ ရမှာလဲ။
ခရီးစဉ်က အောက်တိုဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ ရက်ပေါင်း ၅၁ ရက်ကြာပါတယ်။ သွားရတဲ့နိုင်ငံက ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ရမှာပါ။ လာအိုက ကုန်းတွင်းနိုင် ငံဖြစ်လို့ လေယာဉ်နဲ့ သွားရပါတယ်။ အဲဒီမှာ လူကြီးတွေကို ဂါရဝပြုတဲ့ အစီအစဉ် ပါပါတယ်။ သင်္ဘောဆိုက်ကပ်တာက လေးနိုင်ငံပါ။ သွားရောက် လည်ပတ်ရတာက မြန်မာနိုင်ငံအပါအဝင် ခြောက်နိုင်ငံကိုသွားရပါတယ်။

ခရီးစဉ်မှာ ဘယ်လိုမျိုးအတွေ့အကြုံတွေ ကြုံတွေ့ရသလဲ။
ခရီးစဉ်ရဲ့ပထမသုံးရက်လောက် လှိုင်းမူးတာ(Sea-sick) ပေါ့။ Nurse Room ကို ဖွင့်ပေးထားတော့ဆေးသွားယူပြီး သောက်ရတယ်။ ကျန်တာကအားလုံး အဆင်ပြေပါတယ်။ အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ ဂျပန်နိုင်ငံကလူငယ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့တယ်။ ပေါင်းသင်းဆက်ဆံရေးကို တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။

ဒီ program မှာ ပါဝင်ခွင့်ရတဲ့အတွက်ကြောင့် အစ်မရဲ့ခေါင်းဆောင်အရည် အသွေး တိုးတက်လာသလို ဒီမှာရခဲ့တဲ့ဗဟုသုတ၊ အတွေ့အကြုံတွေအားလုံး ကို ကိုယ့်ရဲ့ကျောင်းကို ပြန်ရောက်တဲ့အခါမှာ လူငယ်တွေနဲ့မျှဝေပြီးတော့ သူတို့လည်း ပါဝင်ခွင့်ရအောင် တိုက်တွန်းသွားမှာပါ။

ခရီးစဉ်တစ်လျှောက် ရောက်ရှိခဲ့တဲ့နိုင်ငံတွေမှာ Home Stay နေခဲ့ရတဲ့အတွေ့အကြုံကို ပြောပြပေးပါ။
Home Stay နေခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ အားလုံးအတွေ့အကြုံကောင်း တွေ ရခဲ့ပါ တယ်။ အစ်မအနေနဲ့ အရမ်းကောင်းတဲ့ မိသားစုတွေ၊ ဖော်ရွေတဲ့ သူငယ်ချင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ရဲ့ရိုးရာဓလေ့၊ လူနေမှုဘဝကို တွေ့ခဲ့ရတယ်။ လေးနိုင်ငံမှာ Home Stay နေခဲ့ရတဲ့အထဲမှာ ဖိလစ်ပိုင်မှာ တုန်းက နေခဲ့တဲ့အိမ်က မိသားစုအရမ်းများတယ်။ အစ်မကလည်း မိသားစုကြီးက လာတာဖြစ်တဲ့အတွက် ဖိလစ်ပိုင်မှာတုန်းက ကိုယ့်အိမ်ကို ပြန်ရောက်သွားသလို ခံစားရတယ်။

ရောက်ရှိခဲ့တဲ့နိုင်ငံတွေကို လေ့လာပြီးတဲ့အစ်မရဲ့အမြင်ကို ပြောပြပေးပါ။
ပထမက အစ်မတို့ထင်ထားတယ်။ အစ်မတို့နိုင်ငံပဲ အများကြီး တိုးတက်ဖို့ လိုဦးမယ်ပေါ့။ သူများနိုင်ငံတွေ တိုးတက်နေပြီပေါ့။ ဟိုမှာ တွေ့တဲ့အခါကျ တော့ အစ်မတို့နိုင်ငံနဲ့ သူတို့နိုင်ငံနဲ့တိုးတက်မှုနှုန်းက အတူတူပါပဲ။ နောက် ပြီးတော့ လူနေမှုအဆင့်အတန်း မကွာခြားကြပါဘူး။ ယဉ်ကျေးမှုအနေ နဲ့ပြောမယ်ဆိုရင် ကိုယ့်နိုင်ငံမှာ မြန်မာ့ရိုးရာဝတ်စုံဖြစ်တဲ့ ထဘီ နဲ့ အင်္ကျီဝတ်နေပါသေးတယ်။ ဂုဏ်ယူစွာပြောနိုင်တာက ကိုယ့်ယဉ်ကျေးမှုကို ထိန်းနိုင်ပါသေးတယ်။ နောက် Traffic နဲ့ပတ်သက်ရင်လည်း ငါတို့နိုင်ငံမှာပဲ ဒီပြဿနာရှိတာလို့ အားလုံးကထင်ကြတယ်။ မဟုတ်ပါဘူး။ သူတို့နိုင်ငံ မှာလည်းတော်တော်ကြာတဲ့ ပြဿနာလေးတွေရှိပါတယ်။

ခရီးစဉ်တစ်လျှောက် ရောက်ရှိခဲ့တဲ့နိုင်ငံတွေရဲ့တက္ကသိုလ်တွေကို လေ့လာခဲ့ရတော့ သူတို့နိုင်ငံရဲ့ပညာရေးအခြေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ပညာရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။
ကျွန်မတို့နိုင်ငံမှာက စာတွေ့သွားရတဲ့အတန်းချိန်ပိုများတယ်။ ဟိုမှာက စာတွေနဲ့လက်တွေ့ကို မျှတအောင် ကြိုးစာလုပ်ဆောင်တယ်။ ဂျပန်ပညာရေးစနစ်မှာဆိုရင် စာတွေ့ပြီးရင် လက်တွေ့နဲ့ ယှဉ်တွဲပြီး သွားတာတွေ့ရတယ်။ အစ်မတို့ဆီမှာလည်း လက်တွေ့လည်း ယှဉ်တွဲလုပ်ပါတယ်။ UFL မှာဆိုရင် စာသင်ပြီးရင် ပြိုင်ပွဲတွေ ပြိုင်ပေးတယ်။ စာတွေ့နဲ့ လက်တွေ့ကို ယှဉ်တွဲသွားနိုင်အောင် ကြိုးစားနေတယ်။ သူတို့ဆီမှာ သိပ္ပံဘာသာရပ်ဆိုရင် လက်တွေ့ခန်းတွေမှာ လုပ်နေတာကိုတွေ့ရတယ်။ နှစ်ခုစလုံးယှဉ်သွားတာကို တွေ့ရပါတယ်။ ကျွန်မတို့လည်း သူတို့လိုမျိုး စာတွေ့နဲ့လက်တွေ့ကို ယှဉ်တွဲသွားနိုင်အောင် ကြိုးစားနေတယ်။

ဖိလစ်ပိုင်မှာ Institutional Visit သွားလေ့လာရတယ်။ လာအိုမှာက သူတို့ကျောင်းတွေကို လိုက်ပြတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့ သွားရတဲ့အခါမှာ သူတို့ခေါင်းစဉ် တစ်ခုနဲ့တစ်ခု မတူဘူး။ အစ်မက အသက်မွေးဝမ်းကျောင်းသင်ပေးတဲ့ ကျောင်းကိုသွားရတယ်။ အဲဒီမှာ အထက်တန်းပြီးတဲ့ ကျောင်းသားတွေက တက္ကသိုလ်ကို ဆက်မသွားဘဲနဲ့ ဒီကျောင်းကို သက်သာတဲ့ဈေးနှုန်းနဲ့ တက်လို့ရတယ်။ အလုပ်အကိုင်အခွင့် အလမ်းအနေနဲ့ ဖိလစ်ပိုင်က လူငယ်တွေက ကျောင်းပြီးရင် အလုပ်မြန်မြန် ရဖို့ အခွင့်အလမ်းတွေ တွေ့ရတယ်။ ဂျပန်တုန်းက အစ်မက မသွားရဘူး။ သူငယ်ချင်းတွေ ပြန်ပြောတာက ဂျပန်နိုင်ငံမှာ ရှင်နာဂါဝါ အထက်တန်း ကျောင်းကို သွားရ တဲ့အခါကျတော့ စာတွေ့တင်မကဘူး။ လက်တွေ့ပါလုပ် ရတယ်။ နောက်တစ်ခုက အားကစားနဲ့ပတ်သက်ပြီးတော့ အတန်းသတ်သတ် ရှိတယ်။

ခရီးစဉ်အပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့အခါ ဘယ်လိုမျိုးဆက်လုပ် သွားမလဲ။
ခရီးစဉ်ပြီးရင် လူငယ်တွေက လူ့မှုအကျိုးစီးပွားနဲ့ပတ်သက်တဲ့တစ်ခုကို ပြန်ပြီးတော့ ပါဝင်လုပ်ဆောင်ကြရမယ်ဆိုတဲ့အချက် ဒီ အစီအစဉ်ထဲမှာ ပါပါတယ်။ အစ်မတို့အဖွဲ့နဲ့ အရင်နှစ်တွေတုန်းက ပါဝင်ဖူးခဲ့တဲ့ အဖွဲ့ဝင် အဟောင်းတွေ နဲ့ပေါင်းပြီးတော့ ပညာရေး၊ ကျန်းမာရေးအစီအစဉ်တစ်ခုကို ဆက်လုပ်သွားမှာပါ။ အစ်မတို့ရဲ့နိုင်ငံကိုယ်စားပြုအဖွဲ့ခေါင်းဆောင်က
ပြောထားတာက ပြန်ရောက်တဲ့အခါမှာ ရေဘေးသင့်ပဲခူးတိုင်းမှာ မူလတန်း ကျောင်းဆောင်တစ်ခုကို ဆောက်မယ်လို့ ရည်မှန်းထားတယ်။ အဲဒီမှာ ကုန်ကျစရိတ်ကို အကြမ်းဖျင်းတွက်ပြီး တင်ရမှာဖြစ်လို့ အစ်မတို့လုပ်နိုင်မယ့်
အင်အားနဲ့ ပြန်ပြီးတော့ အသေအချာပြန် ဆွေးနွေးရမှာပါ။
အရှေ့တောင်အာရှနှင့်ဂျပန် လူငယ်များသင်္ဘောခရီးစဉ်(SSE AYP)သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ဆိုက်ကပ်ထားပြီးနောက် မလေးရှားနိုင်ငံသို့ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List