Tuesday, December 01, 2015

သူပုန်အမတ်တွေနဲ့ ပြည့်လျှံစေမည့်လွှတ်တော်


လွှတ်တော်အမတ်နှင့် သူပုန်ဆိုသည့် မတူကွဲပြားခြားနားသော စကားရပ်ကိုစုပေါင်း၍ "သူပုန်အမတ်" ဟူသော စကားကို လူထုခေါင်းဆောင်တစ်ဦးက ၁၉၄၇ ခုနှစ်က ပြောခဲ့ဖူးသည်။ ထိုခေါင်းဆောင်ကား တခြားသူ မဟုတ်ပါ။ ပြည်သူချစ်သော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်သည်။ စစ်ပြီးခေတ် သမိုင်းဝင်ရွေးကောက်ပွဲ ဖြစ်ခဲ့သည့် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအတွက် နိုင်ငံအနှံ့ လှည့်လည် မဲဆွယ်တရား ဟောစဉ်က ပြောခဲ့ခြင်းဖြစ်၏။
ကိုလိုနီခေတ်၏ နောက်ဆုံး ရွေးကောက်ပွဲဖြစ်သော တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ဧပြီ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပင်လုံစာချုပ် လက်မှတ်ထိုးပြီးသည်မှစ၍ ပူပြင်းသော နွေဦးရာသီကာလ တစ်လျှောက် လုံး ဖဆပလ အမတ်လောင်းများအတွက် မရပ်မနား လိုက်လံ ဟောပြောပေးနေရသည့် အချိန်လည်း ဖြစ်သည်။

အိန္ဒိယနှင့် ခွဲပြီးနောက်ပိုင်း ကိုလိုနီခေတ်တွင် ကျင်းပသော ရွေးကောက်ပွဲ များကို သာမန် ပြည်သူတွေ စိတ်ဝင်စားမှု အလွန်နည်းပါးသည်။ နိုင်ငံရေး သမား အနည်းငယ်နှင့် စီးပွားရေးသမား အချို့သာ ရွေးကောက်ပွဲ ဝင်လေ့ရှိသည်။

ဒို့ဗမာအစည်းအရုံးဝင် သခင်များက ရာထူးယူရုံသက်သက် ဖြစ်နေသည့် ပါလီမန်ရွေးကောက်ပွဲများကို ရှောင်သည်။ ထူးခြားသည်က လူမျိုးခြား အင်္ဂလိပ်၊ ကုလား နှင့် ကပြားများကို ဗမာလူမျိုးများနှင့် တန်းတူထားရုံမက သူတို့အတွက် လူနည်းစုအဖြစ် သီးသန့်ရွေးကောက်စေသည်။

တိုင်းရင်းသားများနှင့် မြန်မာလူမျိုး သစ္စာခံများကိုလည်း စိတ်ကြိုက် အမတ်အဖြစ် ဘုရင်ခံက တိုက်ရိုက်ခန့်ထားနိုင်သည့် ပါလီမန်မျိုးဖြစ်သည်။ မြန်မာနိုင်ငံသား တိုင်းလည်း မဲပေးခွင့်ရသည် မဟုတ်။ အသက်ပြည့် ရုံသာမက အခွန်ထမ်းသူ တစ်ဦးဖြစ်မှသာ မဲပေးခွင့်ရသည်။ ထို့ကြောင့် အောင်ဆန်းအက်တလီ စာချုပ် ချုပ်ဆိုနိုင်သော ၁၉၄၇ ဇန်နဝါရီ နောက်ပိုင်းတွင်မှ မြန်မာနိုင်ငံသားများ ရွေးကောက်ပွဲတွင် ပြည့်ပြည့်ဝဝ ပါဝင်ခွင့်ရခြင်းဖြစ်သည်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက် ပွဲသည် အသက်ပြည့်သူ မည်သူမဆို ပါဝင်မဲပေးခွင့် ရသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရွေးကောက်ပွဲလည်း ဖြစ်သည်။

တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲသည် ထူးခြားသည့် ရွေးကောက်ပွဲ ဖြစ်သည်။ လွှတ်တော်အမတ်များသည် ဘုရင်ခံ၏ လက်အောက်တွင် အနာဂတ် မြန်မာနိုင်အတွက် "လွတ်လပ်သော အချုပ်အခြာအာဏာပိုင်" အဖြစ် တည်မြဲ ခိုင်မာစေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပေးရန် တာဝန်ရှိသည်။

ကိုလိုနီစနစ်အောက်တွင်သာ လှုပ်ရှားဆောင်ရွက်ရမည်။ အခြားသော အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့အတွက် စီမံပိုင်ခွင့်မရှိ။ ယခင် ရွေးကောက်ပွဲများနှင့် ပေါ်ပေါက်ခဲ့သည့် လွှတ်တော်များကဲ့သို့ ဘုရင်ခံ သဘောတူသော လုပ်ငန်းများကိုသာ ဆွေးနွေးငြင်းခုံ အတည်ပြုရသည့် ကိုလိုနီလွှတ်တော်နှင့် အမတ်မျိုးမဟုတ်။ ဒါတွေကို ဗိုလ်ချုပ်က သိထားပြီးသား ဖြစ်သည်။

ယခင်လွှတ်တော်နှင့်မတူ ခြားနားသော ပင်မအချက် သူကိုယ်တိုင် လန်ဒန်တွင် ဗြိတိသျှအစိုးရနှင့် အကြိတ်အနယ် ဆွေးနွေးခဲ့သည့် ရလဒ်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး တောင်တန်းပြည်မ မခွဲခြားဘဲ တစ်ပြိုင်တည်း ရွေးကောက် တင်မြှောက်သည့် လွှတ်တော်အမျိုးအစား ဖြစ်သည်။ ယခင်ရှိထားပြီးသား နိုင်ငံရေး အဖွဲ့အစည်းများကိုလည်း ပါဝင် ရွေးချယ်ခွင့် ပြုထားသည်။

ရွေးကောက်ပွဲအတွက် ဗိုလ်ချုပ်က ဂျပန်တော်လှန်ရေးနှင့် ဖက်ဆစ်စနစ် ဆန့်ကျင်ရေးမှ ပေါ်ပေါက်လာသော မျက်နှာသစ်လူငယ် နိုင်ငံရေးသမား အများစု ပါဝင်သည့် ဖဆပလအဖွဲ့ချုပ် နိုင်ငံရေးတပ်ပေါင်းစု၏ အင်အားကို အခြေပြုထားခြင်း ဖြစ်သည်။

ကိုလိုနီခေတ် လွှတ်တော်အမတ် နိုင်ငံရေးသမားကို ပြည်သူတွေက စိတ်မဝင်စား၊ လခရသော နိုင်ငံရေးသမား၊ ရွေးကောက်ပွဲနီးလျှင် ရပ်ရွာထဲ ရောက်လာတတ် ကာ အာဘောင်အာရင်းသန်သန် ပြောတတ်သူများ အဖြစ်သာ နားလည်ထား သည်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများမှာ ယခင်ပေါ်ပေါက်ခဲ့သော ရွေးကောက်ပွဲများနှင့် မတူကြောင်း အလျဉ်းသင့်သလို ထည့်သွင်း ဟောပြောခဲ့ခြင်းလည်း ဖြစ်သည်။

သူဖြစ်စေချင်သော အနာဂတ် လွှတ်တော်အမတ်အကြောင်းကိုလည်း မဲဆွယ်ပွဲများတွင် ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

၁၉၄၇ မတ်လ ၂၁ ရက် မုံရွာတွင် ဟောပြောစဉ်က "အရင်ကလည်း ပြောခဲ့တယ်။ လွှတ်တော်အမတ်တွေ တစ်သံတည်း ထွက်ဖို့လိုတယ်။
အကယ်၍များ လွတ်လပ်ရေးကို ဈေးဆစ်ပါက လွှတ်တော်အတွင်းရှိ အမတ်များ အားလုံး လက်နက်စွဲကိုင် ခုခံဖို့ အသင့်ရှိနေရမယ်။ အင်္ဂလိပ်နဲ့စာချုပ် ချုပ်တဲ့အခါ ကျေနပ်ရင် ကျေနပ်၊ မကျေနပ်ရင် ယခုအမတ်တွေဟာ သူပုန်အမတ်တွေ ဖြစ်ရမယ်။ လွှတ်တော် ဟာလည်း သူပုန်လွှတ်တော်ဖြစ်ရမှာပဲ။ လွတ်လပ်ရေး တိုက်ပွဲဟာ မပြီးသေးဘူး ဆိုတာ ခင်ဗျားတို့စိတ်ထဲမှာ စွဲနေဖို့လိုတယ်" ဟု ဗိုလ်ချုပ်က ပွင့်ပွင့် လင်းလင်း ပြောချလိုက်သည်။ လွှတ်တော်ကိုတောင် သူပုန်လွှတ်တော် ဖြစ်အောင် ပြောင်းမည်ဟု ပြောဆိုခဲ့သည့် အာဂခေါင်းဆောင် ဖြစ် သည်။ စားလည်းလွတ်လပ်ရေး၊ သွားလည်း လွတ်လပ်ရေး၊ အိပ်မက်ရင် တောင် လွတ်လပ်ရေးအကြောင်း မက်မည့် မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းပင်တည်း။

ရွေးကောက်ပွဲအပြီး အမတ်နေရာအများစု အနိုင်ရထားသော ဖဆပလ အဖွဲ့ချုပ်က ၁၉၄၇ မေလ ၂၀ ရက် ရန်ကုန်မြို့ ဂျူဘလီဟောတွင် တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ပဏာမညီလာခံလုပ်သောအခါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက အနိုင်ရအမတ်တွေကို ယခုလို "ဖဆပလ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေ ယခုရွေးကောက်ပွဲမှာ အနိုင်ရတာ မိမိတို့တော်လို့ မဟုတ်ဘဲ ဖဆပလရဲ့ တန်ခိုးကြောင့် အနိုင်ရတယ်ဆိုတာ အမြဲသတိရပါ။ ဖဆပလအဖွဲ့က စည်းရုံးရေး ကောင်းလွန်းလို့ ကျွန်တော်တို့ ရတာမဟုတ်ဘူး။ တိုင်းပြည်လူထုက မဲပေးလို့ရတာပဲ။ အခုနေအခါမှာ ငါတို့ ဖဆပလဦးရေ အများဆုံးရတယ် ဆိုပြီး ဖဆပလအမတ်ပဲဖြစ်ဖြစ် ဖဆပလ အဖွဲ့တွေပဲဖြစ်ဖြစ် သွေးနား ထင်မရောက်ဘဲ ငါတို့တော်လို့ရတာ မဟုတ်ဘူး။ တိုင်းပြည်က အားပေးလို့ ရတာဆိုတာ သိထားဖို့လိုတယ်" ဟုပြောခဲ့သည်။

အဆိုပါ စကားမျိုးတွေကို နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်လာသောအခါ မြန်မာနိုင်ငံသားတွေ မီဒီယာများကတစ်ဆင့် ပြန်လည်ကြားရသည်။ ၂၀၁၅ ခုနှစ်ကုန်ခါနီးတွင် အပြောင်းအလဲကို ထပ်မံသေချာစေခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရသူများကို အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့ခြင်းဖြစ်သည်။ သူမက ရွေးချယ်ခံအဖွဲ့ချုပ် အမတ်တွေကို "လူထုကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကနေ့ကစပြီး ကိုယ်စားလှယ်တွေ အလုပ်လုပ်ကြပါ။ သင်တန်းတွေကိုလည်း အမြန်ဆုံးစတင်ပါ့မယ်။ စာမေးပွဲတွေကိုလည်း ဖြေကြရပါ့မယ်။ လွှတ်တော်ထဲမှာ အချိန်နဲ့ အချက်အလက်နဲ့ မေးတတ်မြန်းတတ်အောင် ပြင်ဆင်လေ့ကျင့်ထားကြပါ။ ခိုင်မာတဲ့ ယုံကြည်ချက်ချင်း တူညီတဲ့ ရဲဘော်ရဲဘက် အချင်းချင်း လက်တွဲလုပ်ကြပါ" စသည်ဖြင့် ပြောခဲ့သည်။

အပြောင်းအလဲက ယခုအချိန်မှ စတင်ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး အပြောင်းအလဲမလုပ်နိုင်ခင် မိမိဘာသာ အပြောင်းအလဲလုပ်ရမည်။
လက်ညိုးထောင် ခေါင်းညိတ်၊ တိုက်ပုံနှင့်ခေါင်းပေါင်းဝတ်၊ လခ သိန်းချီရသည့် ကြံ့ခိုင်ရေးခေတ် လွှတ်တော်အမတ်များနှင့် မတူကွဲပြားအောင် စတင် အပြောင်းအလဲ လုပ်ရတော့မည်ဟု ပြောလိုက်ခြင်းလည်း ဖြစ်သည်။ ရှေ့ဆက်ရမည့် ခရီး ငါးနှစ်တာအတွင်း အစွန်းအထင်းမရှိ တိုင်းပြည်အတွက် အချိန်နှင့်အမျှ အကျိုးပြုနိုင်သည့် ပြည်သူ့ကိုယ်စားလှယ် အမတ်များအဖြစ် ဒေါင်ဒေါင်မည်အောင် ပဏာမတွေ့ဆုံပွဲတွင် လမ်းညွန်ချက်ပေးသည်။ စစ်အာဏာရှင် လက်ထက် နှစ်ပေါင်း ၅၀ ကျော်အတွင်း မိဘပြည်သူများခင်ဗျား ဆိုသော ပျားရည်ဖုံး စကားကိုသာ နောက်ဆုံး ငါးနှစ်တွင် အဖန်တလဲလဲ ကြားခဲ့ရသူ ပြည်သူများအတွက် အားဆေးတစ်ခွက် ဖြစ်သည်။

အရှိကိုအရှိအတိုင်း ရင်ဆိုင်ဖို့ အရေးကြီးသည်။ အဖွဲ့ချုပ်ကို ထောက်ခံမဲ ပေးကြသူတွေ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်ခံအမတ်များကို သတိပေးသံ ကြားရသောအခါ ဝမ်းသာကြည်နူးကြသည်။ မဲပေးမမှားခဲ့တာ သေချာသည်။ လက်သန်းတွင် စွန်းထင်းနေသော မင်ပြာလေးများ သုံးပတ်ကြာသောအခါ လက်သဲခွံပေါ်တွင် ဖျော့ဖျော့တော့တော့သာ ကျန်ရစ်သည်။ သို့သော် လူထုခေါင်းဆောင်၏ လှုံ့ဆော်မှုကြောင့် စတင်ခဲ့သော ပြောင်းလဲဖို့ အချိန်တန်ပြီ ဆိုသည့် စကားသည် မဲဆွယ်ရုံသက်သက် ပြောခြင်းမဟုတ်။ ဒါကို ပြည်သူတွေ အားလုံးကလည်း ယုံကြည်ကြသည်။ ဒီအတွက်လည်း အားလုံးက ထောက်ခံ ဆန္ဒမဲဖြင့် အဖွဲ့ချုပ်ကို တာဝန်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

အမှန်တကယ် အလုပ်လုပ်ပြကြရမည့် အချိန်ကား စတင်လေပြီ။ဗိုလ်ချုပ်အောင်ဆန်း သူပုန်လွှတ်တော်ဟု ပြောခဲ့တုန်းက သူ၏အသက် သုံးဆယ်ကျော်သာ ရှိသေးသည်။ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒုဥက္ကဋ္ဌ အစိုးရအဖွဲ့ အကြီးအကဲဖြစ်လင့်ကစား ဗြိတိသျှတွေကို မကြောက်မရွံ့ဘဲ လွတ်လပ်ရေး မပေးရင်၊ လွတ်လပ်ရေးကို ဈေးဆစ်ရင် လူထုအားသာမက လွှတ်တော်အားဖြင့်ပါ တွန်းလှန်မည့်အကြောင်း မဲပေးမည့်ပြည်သူတွေကို ရဲရဲတောက် မိန့်ခွန်းပြောခဲ့သည်။ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်သောအခါ သူ၏သွေး အစစ်အမှန်သည် မြန်မာနိုင်ငံအတွက် အမှန်တကယ် လိုအပ်နေသော အချိန်တွင် တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ပြည်သူအတွက် အမှန်တကယ် အလုပ်အကျွေးပြုရန် အချိန်ကျရောက် ကြောင်း ရွေးကောက်ခံ လွှတ်တော်အမတ်များကို ရဲရဲတောက်စကားဖြင့် ထိန်းကွပ်ပြ သည်။ ရှေ့ဆက် ဒီထက်မကသော စကားများ သာမက လက်တွေ့ ကျသော လုပ်ရပ်များကိုလည်း အကောင်အထည် ဖော်လေ ဦးမည်မှာ သေချာသည်။

မျိုးရိုးနှစ်ဆက် တိုင်းပြည်အတွက် အကျိုးပြုခဲ့သည့် နတ်မောက်မြေနှင့် ဖခင်ဦးဖာ၊ မိခင်ဒေါ်စုတို့အား လှိုက်လှဲစွာ ကျေးဇူးတင်မိသည်။ ခင်ပွန်း သည်ကွယ်လွန်၍ ငယ်ငယ်ရွယ်ရွယ်ဖြင့် မုဆိုးမဘဝ ရောက်ရသော်လည်း အာဇာနည်သွေးကို နှလုံးသားနှင့် ဦးနှောက်အတွင်းထိ ရောက်အောင် သွန်သင်ဆုံးမ ပေးနိုင်ခဲ့သည့် မိခင်ကြီးဒေါ်ခင်ကြည်ကိုလည်း ဦးညွတ်အရိုအသေ ပေးလိုက်ရပါသည်။

မိုဘိုင်းဖုန်းနှင့် အင်တာနက်ခေတ်တွင် သူပုန်လွှတ်တော်ဖြစ်စရာတော့ မလိုပါ။ ခေါက်ရိုးကျိုးနေသော စစ်အာဏာရှင်ခေတ်၏ မကောင်းသော အလေ့အကျင့် ဆိုးများကို ပြောင်းလဲရန်အတွက်ကတော့ မျိုးဆက်သစ် လွှတ်တော်အမတ်များ၏ တာဝန်ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည်ကို တစ်ခဏအတွင်း ဆုံးဖြတ်ကာ လက်တွေ့ဆောင်ရွက်နိုင်သည့် အာဇာနည်စိတ်ဓာတ်မျိုးကို လူထုခေါင်းဆောင် ထံမှ သင်ယူမှရမည်။ ပြည်သူတွေက တာဝန်ပေးအပ်လိုက်သည့် ပြောင်းလဲချိန် စတင်ရ မည့် ကာလရောက်ပြီ။

အဘက်ဘက်က နောက်ကျ ကျန်ရစ်ကာ စိတ်ဓာတ်နှင့် အတွေးအခေါ် သိမ်ဖျဉ်းသည့်လူများ၏ လက်ထဲမှ မြန်မာနိုင်ငံကို ငါးနှစ်တာအတွင်း အတိုင်းအတာတစ်ခုအထိ ရောက်အောင် ဆောင်ရွက်သွားကြရမည်မှာ မလွဲပါ။

အာဏာရှင် စနစ်ဟောင်း၏အမွေ အစိမ်းရောင်အဖုံးဖြင့် အခြေခံဥပဒေ စာအုပ်ကို ရှေးရိုးစွဲအတိုင်း မတို့လို၊ မထိလို၊ မပြင်လိုသော အခွင့်ထူးခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင် ကြရတော့မည်။ လိုအပ်လျှင် သူပုန်အမတ် တွေ ဖြစ်နိုင်အောင်လည်း ပြင်ဆင်ထားရမည်ဟု ထင်ပါသည်။ စည်းရုံးရေး စွမ်းရည် ကောင်းလျှင်ကောင်းသလို လွှတ်တော် တစ်ခုလုံး အစိတ်သားပါမကျန် သူပုန်လွှတ်တော် ဖြစ်သွားလျှင်တော့ ဒီမိုကရေစီအရေးအတွက် အတိုင်းထက် အလွန် ပြည်သူ့အောင်ပွဲပင် ဖြစ်ပါလိမ့်မည်။

လှမျိုးထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List