၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ နောက်ထပ် ဘဏ္ဍာငွေ တောင်းခံမှုတွေကို လွှတ်တော်မှာ ဆွေးနွေးနေကြပါပြီ။ဝန်ကြီးဌာနတွေရဲ့ တောင်းခံမှုအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာလည်း လွှတ်တော်ကို တင်ပြထားပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာပါ။
မူလခွင့်ပြုငွေနဲ့ မလောက်လို့ နောက်ထပ်တောင်းခံထားတဲ့ ၀န်ကြီးဌာနတွေထဲမှာ တစ်ချိန်က အစိုးရ ၀ါဒဖြန့်ချိရေး ယန္တရားအဖြစ် နာမည်ကျော်တဲ့ ပြန်ကြားရေး ၀န်ကြီးဌာနလည်း ပါဝင်ပါတယ်။
တောင်းခံခဲ့တဲ့ ပမာဏ ကျပ်သန်း ၄၆၈၄ ဒသမ ၈၈၄ ရှိပြီး မူလခွင့်ပြုငွေရဲ့ ၁၀ ရာခိုင်နှုန်းအထက် ကျော်လွန်တောင်းခဲ့တဲ့ ၀န်ကြီးဌာနတွေမှာ တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။
လွှတ်တော် အစီရင်ခံစာမှာတော့ ပြန်ကြားရေး ၀န်ကြီးဌာနဟာ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း ခေါင်းစဉ်အောက်က တောင်းခံငွေ ကျပ်သန်း ၃၈၇၉ ဒသမ ၀၉၁ ရှိပြီး မူလ ခွင့်ပြုငွေရဲ့ ၁၁ ဒသမ ၁ ရာခိုင်နှုန်း ပိုတောင်းခဲ့တယ်၊ ၀န်ကြီးဌာန၊ ဦးစီးဌာန ခေါင်းစဉ်အောက်က တောင်းခံငွေ ကျပ်သန်း ၈၀၅ ဒသမ ၇၉၃ ရှိပြီး မူလခွင့်ပြုငွေရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်း ပိုတောင်းခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း ခေါင်းစဉ်အောက်မှာ မူလခွင့်ပြုငွေရဲ့ ၁၀ ရာခိုင်နှုန်းကျော် ပိုတောင်းရတဲ့ အကြောင်းရင်းက နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ ပြောင်းလဲလာတဲ့ အတွက်ကြောင့်ဖြစ်ပြီး ဒီအတွက် တိုးမြှင့်တောင်းခံရငွေ ကျပ်သန်း ၃၂၄၃ ဒသမ ၁၇၁ သန်းရှိတယ်လို့ လွှတ်တော် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါကိုပဲ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီဇင်ဘာ ၂ ရက် ကလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြန်ရှင်းခဲ့ပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနက သာမန် အသုံးစရိတ်အဖြစ် ကျပ်သန်း ၃၇၄၈ ဒသမ ၂၉၀ နဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်း ၉၃၆ ဒသမ ၅၉၄ တို့ကို ဖြည့်စွက်ရန်ပုံငွေအဖြစ် တောင်းခံထားတယ်၊ သာမန် အသုံးစရိတ်အတွက် ပြည်ထောင်စု ဘဏ္ဍာငွေက တောင်းခံတာ မဟုတ်ဘဲ သက်ဆိုင်ရာ လုပ်ငန်းအလိုက် လည်ပတ်ရင်းနှီးငွေမှ ကျခံ အသုံးစရိတ်များ ဖြစ်တယ်လို့ ဦးရဲထွဋ်က ရှောင်လွှဲချက် ပေးပါတယ်။
ဒါပေမဲ့ ဒီလိုတောင်းခံခဲ့တဲ့ ငွေပမာဏတွေထဲမှာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အတွက်က အများဆုံးဖြစ်ပြီး ကျပ်သန်း ၂၉၇၁ ဒသမ ၃၇၈ သန်း ဖြစ်ပါတယ်။ ကုန်ကြမ်းပစ္စည်းတွေ ၀ယ်တဲ့အခါ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်လာတဲ့အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃၆၇၃၈၆ ဒသမ ၂ အတွက် လိုငွေကျပ်သန်း ၂၃၀၆ ဒသမ ၅၇၇ သန်း၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်မှာ လျာထားချက်ထက် အမြတ် ပိုရခဲ့တဲ့အတွက် ထပ်မံပေးသွင်းဖို့ ကျန်နေတဲ့ ၀င်ငွေခွန် ကျပ်သန်း ၂၈၂ ဒသမ ၁၅၆၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ်သန်း ၂၂၅ ဒသမ ၇၂၅၊ ကုန်သွယ်လုပ်ငန်းခွန်အတွက် ထပ်မံလိုငွေ ကျပ်သန်း ၁၅၆ ဒသမ ၅၂၀ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
ဒီနေရာမှာ ပြန်ကြားရေး ၀န်ကြီးဌာနက မတ်လမှာ လွှတ်တော်ကို တင်ပြခဲ့ဖူးတဲ့ စာရင်းတွေကို ပြန်ကြည့်တဲ့အခါ ကုန်ကြမ်းဆိုတာကို ကုန်ကြမ်း (စက္ကူ၊မင်)လို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
အဲဒီ ကုန်ကြမ်းအတွက် အသုံးစရိတ်တွေအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၁၀၉၀ ဒသမ ၅၃၅၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၄၃၅၄ ဒသမ ၆၂၂၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၈၇၉၅ ဒသမ ၉၆၅ ဖြစ်ပြီး၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၃၉၉၃ ဒသမ ၀၆၆ ဖြစ်ပါတယ်။
အခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကုန်ကြမ်းအတွက် ဘယ်လောက်သုံးစွဲထားလဲ မသိရပေမယ့် ထပ်တိုးတောင်းဘတ်ဂျက်ရဲ့ ကျပ်သန်း ၂၃၀၆ ဒသမ ၅၇၇ သန်းဟာ ကုန်ကြမ်းပစ္စည်းတွေ ၀ယ်တဲ့အခါ နိုင်ငံခြား ငွေလဲနှုန်း မြင့်သွားတဲ့အတွက် လိုငွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတိုင်းပဲ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းအတွက် ထပ်မံ တောင်းခံခဲ့တဲ့ ကျပ်သန်း ၇၇၆ ဒသမ ၉၁၂ သန်းမှာလည်း စက္ကူနဲ့ မင်ဖိုးတွေ ပါခဲ့ပါသေးတယ်။
ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးအတွက် တောင်းခံခဲ့တဲ့ ကျပ်သန်း ၇၇၆ ဒသမ ၉၁၂ သန်းမှာ ကျောင်းသုံးစာအုပ် အုပ်ရေ ငါးသန်း ထပ်မံတိုးမြှင့် ရိုက်နှိပ်ရတဲ့အတွက် လိုအပ်တဲ့ စက္ကူ၊မင်၊ ပုံနှိပ်ပစ္စည်းတွေ ၀ယ်ဖို့ ကျပ်သန်း ၆၀၀၊ ဒီလို ရိုက်နှိပ်တဲ့အတွက် ရလာတဲ့ အမြတ်ကနေ ပေးဆောင်ရမယ့် ၀င်ငွေခွန် ကျပ်သန်း ၉၈ ဒသမ ၂၈၅ သန်းနဲ့ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ်သန်း ၇၈ ဒသမ ၆၂၇ သန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနအောက်မှာ ဌာနပေါင်းစုံ ရှိပေမယ့် နိုင်ငံပိုင် သတင်းစာတွေကို စီမံခန့်ခွဲနေတဲ့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ထပ်တောင်းငွေ ပိုများခဲ့တာ ဖြစ်ပါတယ်။ ငွေလုံးငွေရင်းအဖြစ် ကျပ်သန်း ၃၉ ဒသမ ၈၃၅ တောင်းပါတယ်။ လုပ်ငန်းသုံး ရင်းနှီးငွေအဖြစ် ကျပ်သန်း ၂၉၇၁ ဒသမ ၃၇၈ တောင်းပါတယ်။
ငွေလုံးငွေရင်း တောင်းခဲ့တဲ့ ၃၉ ဒသမ ၈၃၅ ဆိုတာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၀ယ်ခဲ့တဲ့ 4Hi Tower 4Units Web Offset ပုံနှိပ်စက် တန်ဖိုး ငွေပေးချေတဲ့အခါ ငွေကြေးလဲလှယ်နှုန်း ပြောင်းလဲတဲ့အတွက် မပေးချေနိုင်ဘဲ ကျန်နေတဲ့ အမေရိကန်ဒေါ်လာ ၃၁၀၀၀ ကို အထွေထွေ ပိုလျှံငွေသို့ ပြန်လည် အပ်နှံခဲ့တယ်၊ ဒီအတွက် ပစ္စည်းဖိုးပေးချေဖို့ ကျန်နေတဲ့ အမေရိကန်ဒေါ်လာ ၃၁၀၀၀ နဲ့ ညီမျှတဲ့ငွေကို တောင်းခံရခြင်း ဖြစ်တယ်လို့ ဦးရဲထွဋ်က လွှတ်တော်မှာ ပြောခဲ့ပါတယ်။
မတ်လတုန်းက လွှတ်တော်မှာ တင်ပြခဲ့ဖူးတဲ့ စာရင်းအရ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရဲ့ စက်ရုံနဲ့ စက်ပစ္စည်းတန်ဖိုး လျော့သုံးစွဲမှုဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၉၀ ဒသမ ၅၃၀၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၁၁၄ ဒသမ ၅၂၇၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၁၇၅ ဒသမ ၀၃၂၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၃၉ ဒသမ ၃၄၆ သန်းရှိတယ်လို့ ဦးရဲထွဋ်က ပြောခဲ့ဖူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြန်ကြားရေး ၀န်ကြီးဌာနက ထပ်တိုးတောင်းခံခဲ့တဲ့ ငွေတွေကို ပြန်ကြည့်ရင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ခေါင်းစဉ်အောက်မှာ တောင်းခံတဲ့ ငွေတွေကို ပြန်စိစစ်ဖို့ လိုပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလကို ပြန်ကြည့်တဲ့အခါ ပြန်ကြားရေး ၀န်ကြီးဌာနမှာ ရငွေနဲ့ သုံးငွေ ကွာဟချက်တွေ ရှိနေတာကို တွေ့ရပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၅၇ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၆၁ ဘီလျံကျော် ကွာဟချက် ရှိနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ထပ်တိုးတောင်း ဘတ်ဂျက်တွေကို ထည့်တွက်ရင် အခု ဘဏ္ဍာနှစ်မှာ ကျပ် ၃၄ ဘီလျံ ကွာဟချက် ရှိလာနိုင်ပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံပိုင် သတင်းစာတွေ ထုတ်ဝေနေတာ မရှုံးဘူး၊ မြတ်တယ်လို့ ပြောနေပေမယ့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ခေါင်းစဉ်အောက်၊ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ တောင်းခံငွေဟာ လျော့ကျသွားတာ မရှိပါဘူး။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၃၀၇၀၆ ဒသမ ၀၃၈၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၂၈၃၉၀ ဒသမ ၀၉၇ ရှိခဲ့ပြီး ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၃၄၉၅၈ ဒသမ ၅၇၉ တောင်းခံခဲ့ပါတယ်။ အဲဒီလို တောင်းခံခဲ့တဲ့ ခေါင်းစဉ်အောက်မှာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
ဒါပေမဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကစပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ နှစ်စဉ် အသားတင် အမြတ်ငွေ ကျပ် ခြောက်ဘီလျံကျော်ခန့်ရှိပြီး ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်မှာ ဒီဇင်ဘာအထိ အသားတင်အမြတ် ရှစ်ဘီလျံ ရှိတယ်လို့ မတ် ၁၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းကနေ ဒီလို အမြတ်ငွေတွေ ရနေတယ် ပြောပေမယ့် ပြန်ကြားရေး ၀န်ကြီးဌာနကတော့ ထပ်တိုး ဘတ်ဂျက်ငွေကို နှစ်စဉ် တောင်းခံနေတုန်းပါ။
ဒီနှစ်မှာ ထပ်တိုးတောင်းခံငွေ ပမာဏဟာ မူလ ခွင့်ပြုငွေရဲ့ ၁၀ ရာခိုင်နှုန်း ကျော်ခဲ့ခြင်းက နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့်ဆိုတဲ့ အကြောင်းပြချက် ပေးပါတယ်။
အမှန်တော့ ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ၀န်ကြီးဌာနတွေရဲ့ ဘဏ္ဍာငွေသုံးစွဲမှုကို ၂၀၁၅ ခုနှစ် ဧပြီမှာ ကတည်းက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာကျပ်ငွေ တန်ဖိုးဟာ ဧပြီလဆန်းမှာ ကျပ် ၁၀၃၀ ၀န်းကျင်၊ လကုန်ပိုင်းမှာ ကျပ် ၁၀၆၀ ၀န်းကျင်ပဲ ရှိပါတယ်။ အခု အချိန်မှာ ကျပ် ၁၃၀၀ ၀န်းကျင် ရောက်နေပါပြီ။
အကယ်၍ ဘဏ္ဍာနှစ် တစ်နှစ်အတွက် ၀ယ်ယူစရာ ရှိတာတွေနဲ့ စက်ပစ္စည်းအတွက် ပေးချေရမှာတွေကို သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ခဲ့မယ်ဆိုရင် အခုလောက် ထပ်တိုးတောင်းနေစရာ မလိုပါဘူး။
တစ်ဖက်မှာလည်း ပုဂ္ဂလိက မီဒီယာတွေရဲ့ ရပ်တည်ချက်ကို ထိုးနှက်မှုအဖြစ် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက ကြော်ငြာခတွေကို လျှော့ချခဲ့တဲ့ ကိစ္စ ရှိပါတယ်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီမှာ နိုင်ငံပိုင် သတင်းစာတွေ ဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းကို ရောင်စုံစာမျက်နှာ ၃၂ မျက်နှာအဖြစ် ပြောင်းပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး သုတရသဆိုင်ရာ စာအုပ်ကြော်ငြာတွေ၊ ဌာနဆိုင်ရာကြော်ငြာတွေ၊ လူမှုရေးကြော်ငြာတွေနဲ့ စီးပွားရေး ကြော်ငြာတွေအတွက် ကြော်ငြာခတွေကို ဈေးလျှော့ပါတယ်။ အနည်းဆုံး ၁၀ ရာခိုင်နှုန်း ၀န်းကျင်ကနေ ၂၅ ရာခိုင်နှုန်း အထိ လျှော့ခဲ့တာပါ။
ဒါတင် မကဘဲ နိုင်ငံခြား ကုန်ပစ္စည်း ကြော်ငြာ၊ ပြည်ပလေကြောင်းလိုင်း ကြော်ငြာ၊ ပြည်ပဟိုတယ် ကြော်ငြာ၊ ကုန်အမှတ်တံဆိပ်/မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ကြော်ငြာ၊ ပြည်တွင်းလေကြောင်းလိုင်း ကြော်ငြာ၊ နိုင်ငံသားပိုင် ဟိုတယ်နဲ့ နိုင်ငံခြား ခရီးသွား လုပ်ငန်းတွေအတွက် ကြော်ငြာခတွေကို ဧပြီ ၁ ရက် စတင်ပြီး ထပ်လျှော့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ အနည်းဆုံး ၂၃ ရာခိုင်နှုန်း ၀န်းကျင်ကနေ အများဆုံး ရာခိုင်နှုန်း ၅၀ ၀န်းကျင်အထိ လျှော့ခဲ့တာပါ။
ပိုဆိုးတာက အမေရိကန်ဒေါ်လာနဲ့ ကောက်ယူနေတဲ့ ကြော်ငြာခတွေကို မြန်မာငွေနဲ့ ပြောင်းလဲပြီး ဈေးလျှော့လိုက်တဲ့အတွက် အဲဒီအချိန်က ငွေတန်ဖိုးနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာနဲ့ ကောက်ခံနေတဲ့ ကြော်ငြာတွေဟာ အခုအချိန်မှာ အနည်းဆုံး ရာခိုင်နှုန်း ၄၀ ၀န်းကျင်ကနေ ရာခိုင်နှုန်း ၆၀ အထိ လျော့ကျသွားသလို ဖြစ်ခဲ့ပါတယ်။
အကယ်၍ ကြော်ငြာဈေးနှုန်း မလျှော့ဘူး။ အမေရိကန်ဒေါ်လာနဲ့ ကောက်ယူနေတဲ့ ကြော်ငြာတွေကိုလည်း ပုံမှန်အတိုင်း ထားမယ်ဆိုရင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ငွေပိုရလာနိုင်သလို ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့လည်း ထပ်တိုးဘတ်ဂျက်ကို တောင်းခံနေစရာ မလိုတော့ပါဘူး။
ဒါပေမဲ့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရဲ့ ကြော်ငြာခ လျှော့ယူခြင်းနဲ့ ကြော်ငြာခ ငွေလက်ခံပုံ ပြောင်းလိုက်ခြင်းက ကြော်ငြာဝင်ငွေကို အားထားနေတဲ့ ပုဂ္ဂလိက မီဒီယာတွေရဲ့ ရပ်တည်မှုကို ချည့်နဲ့စေခဲ့ပါတယ်။
ဝန်ကြီးဌာန တစ်ခုက ထပ်တိုးဘတ်ဂျက် တောင်းတဲ့အခါ အဲဒီ ၀န်ကြီးဌာနရဲ့ လုပ်ဆောင်မှုနဲ့ တိုင်းတာရပါတယ်။ ပြည်ထောင်စုဘဏ္ဍာငွေ ရန်ပုံငွေထဲက တောင်းတာ မဟုတ်ဘူးလို့ပဲ ပြောပြော၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် လည်ပတ် ရင်းနှီးငွေက ကျခံ အသုံးစရိတ်များလို့ပဲ ဆိုဆို ၀န်ကြီးဌာန တစ်ခုရဲ့ လည်ပတ်ငွေဟာ ပြည်သူ့ ဘဏ္ဍာငွေက အခြေခံပြီး ဖြစ်လာတာပါပဲ။
ဒီမိုကရေစီ နိုင်ငံတွေမှာ ပြန်ကြားရေး ၀န်ကြီးဌာန မရှိကြဘူး၊ မရှိသင့်ဘူးဆိုတဲ့ ပြောဆိုမှုတွေ ရှိနေချိန်မှာ အခု ပြန်ကြားရေးရဲ့ နောက်တိုးဘတ်ဂျက် တောင်းခံမှုကို ခွင့်ပြုသင့်သလားဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဆုံးဖြတ်ကြရပါလိမ့်မယ်။
Eleven Media Group
No comments:
Post a Comment