Saturday, December 05, 2015

ပြည်တွင်းစစ်များရပ်တန့်ရေး ကလေးများစွမ်းအားဖြင့် ကြိုးစားမည်ဟု ဦးမင်းကိုနိုင်ပြော





ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး လူကြီးများ ကြိုးစား၍ မရသောကြောင့် ကလေးငယ်များ ၏ စွမ်းအားဖြင့် ကြိုးစားမည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၄ ရက်တွင် ပြည် တွင်းစစ်ပွဲများ ရပ်တန့်ရေးအတွက် ယုံကြည်သော အနာဂတ် ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ ကလေးငယ်များက ကာတွန်းရေးဆွဲမှုများ၊ ငြိမ်းချမ်းရေးသီချင်းသီဆိုမှုများ၊ စစ်ဘေးဒဏ်သရုပ်ဖော် တင်ဆက်မှုများ ပြုလုပ်သည့်ပွဲ၌ဦးမင်းကိုနိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လူကြီးတွေ ငြိမ်းချမ်းရေး ကြိုးပမ်းတာလည်း ကြာပြီဗျာ။ ပြောကြ၊ ဟောကြတာပဲ။ ဒါပေမဲ့ကျွန်တော် ကြိုးစားချင်တယ်။ ကလေးတွေရဲ့ ကြိုးစားမှုပေါ့။တစ်ခါတစ်ရံကျကြရင် လူကြီးတွေမမီချင်တောင် မမီတဲ့ဟာကိုကလေးတွေလက်နဲ့ ယူချင်တယ်။ကျွန်တော်ယုံတာက ကလေးတွေရဲ့ စွမ်းအားကို ကျွန်တော်ယုံတယ်။ ဒီကနေ့ကျွန်တော်လုပ်မှာက ရည်ရွယ်ချက်တွေ အများကြီးရှိတယ်။ စစ်ကိုရပ်ဆိုင်းဖို့ ကလေးတွေတောင်းဆိုတာလည်းပါတယ်။ ဒီမှာအရုပ်တွေပို့တာလည်းပါတယ်။ တကယ်တော့ ဒါဟာ ကလေးတွေရဲ့ စာနာမှုကို ပို့ကြမှာပါ’’ဟု ဦးမင်းကိုနိုင်ကပြောသည်။

ယုံကြည်သော အနာဂတ်ပွဲ တွင် ကလေးငယ် ၃၀၀ ကျော် လာရောက်ဆင်နွှဲခဲ့ပြီး အဆိုပါ ကလေးငယ်များက စစ်ဘေးသင့် ဒေသရှိ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေသော ကလေးငယ်များအား ပေးရန် ၎င်းတို့၏ အရုပ်များ၊ ကာ တွန်းစာအုပ်များယူဆောင်လာ ကြသည်ကို တွေ့ရသည်။

ကလေးငယ်အချို့ကို ကာ တွန်းဆရာများက ပုံတူကာတွန်း များရေးဆွဲပေးပြီး ယင်းကာတွန်း များနှင့် လာရောက်သော ကလေး ငယ်များ ရေးဆွဲကြသည့် ကာ တွန်းများကို စစ်ဘေးသင့်ဒေသရှိ ကလေးငယ်များထံ ပေးပို့မည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်းက ပြောသည်။

‘‘ကလေးငယ်တွေအတွက် သိရအောင် ကျောင်းက ကလေး တွေကို ခေါ်ပြတာပါ။ ဘယ်လိုမျိုး လေးတွေ ဖလှယ်ကြတယ်ဆိုတာ သိရအောင်လာတာပါ။ နောင်အ နာဂတ်ကျရင် ဒီလိုဒုက္ခရောက်တဲ့ ကလေးတွေ၊ သူတို့တွေ စစ်ပွဲ တွေဖြစ်တဲ့အခါကျရင် ဘယ်လို ဒုက္ခရောက်တယ်ဆိုတာ အခုပြ ထားတဲ့ အရုပ်လေးတွေကိုကြည့် ရင် သိသွားအောင်လို့ပါ’’ဟု ဒဂုံဆိပ်ကမ်းမြို့မှ ပါရမီဘုန်းတော် ကြီး ပညာရေးကျောင်းမှ ဆရာမ ဒေါ်ထွေးထွေးခိုင်က ပြောသည်။

ယုံကြည်သော အနာဂတ်ပွဲ ကို ပန်းရဲ့လမ်း၊ ၈၈ ငြိမ်း/ပွင့်၊ AAPP၊ ၈၈ အကသ၊ ဆရာမ ဒေါ်သန်းမြင့်အောင် (သုခရိပ်မြုံ)၊ မြန်မာ့လူမှုဘဝတိုးတက်ရေးကွန် ရက်၊ ပန်းစကား၊ ပန်းပျိုးလက်၊ ရန်ကုန်လူငယ်ကွန်ရက်၊ တကသ၊ပန်းချီကာတွန်းဆရာများ၊ ရုပ်ရှင် ဂီတအနုပညာရှင်များက စုပေါင်းစီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပြီး တစ် ပတ်အကြာတွင် စတင်၍ ကချင် ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ သည်။ ထို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းရှူးမြို့နယ်၌ လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ဒုက္ခသည် ၇,၀၀၀ ကျော်ရှိနေသည်။

စစ်ပွဲများ ရပ်တန့်ရန် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလှုပ်ရှားသူများ က နိုဝင်ဘာ ၂၂ ရက်တွင် ငြိမ်း ချမ်းရေးရှိုက်သံခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးသီချင်းများ သီဆိုလှုပ်ရှား မှုကို ရန်ကုန်မြို့ရှိ အင်းလျားကန် ပေါင်၌ ပြုလုပ်ခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List