Saturday, December 05, 2015

ထိုင်းရှိ ရုရှားအကျိုးစီးပွားများကို တိုက်ခိုက်ရန် IS စီစဉ်


ထိုင်းနိုင်ငံတွင်းရှိ ရုရှားအကျိုးစီးပွားများကို တိုက်ခိုက်ရန် အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) နှင့် ဆက်နွှယ်မှုရှိသည့် ဆီးရီးယားနိုင်ငံသား ၁၀ ဦး အောက်တိုဘာလ ကတည်းက စတင်ပြီး ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။
ရုရှားနှင့် ပတ်သက်နေသည့် နေရာများနှင့် ဆီးရီးယားနိုင်ငံတွင်းရှိ IS ချေမှုန်းရေးတွင် ပါဝင်နေသည့် နိုင်ငံများနှင့် ပတ်သက်နေသည့် နေရာများ ဝန်းကျင်တွင် လုံခြုံရေး တင်းကျပ်ပေးရန် ထိုင်းအထူးရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

ဆီးရီးယားနိုင်ငံတွင်းရှိ စစ်သွေးကြွ ပစ်မှတ်များကို ရုရှားက စက်တင်ဘာ ၃၀ ရက်နေ့မှ စတင်၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ရုရှားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းကိုလည်း IS စစ်သွေးကြွများက ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့သည်။

ထိုင်းအမျိုးသား လုံခြုံရေးကိစ္စများကို ကိုင်တွယ်သည့် အထူးရဲတပ်ဖွဲ့က အရေးပေါ်ဟု တံဆိပ်ကပ်ထားပြီး နိုဝင်ဘာ ၂၇ ရက်စွဲ တပ်ထားသည့် မှတ်တမ်းစာရွက်တစ်ခုကို နိုင်ငံတွင်းရှိ ရဲတပ်ဖွဲ့အားလုံးသို့ ထုတ်ပြန်ပေးခဲ့သည်။

ယင်းတွင် ဆီးရီးယားနိုင်ငံသား ၁၀ ဦး ထိုင်းနိုင်ငံသို့ အောက်တိုဘာ ၁၅ နှင့် ၃၁ ရက်နေ့တွင် ဝင်ရောက်လာသည်ဟု ရုရှားထောက်လှမ်းရေးအဖွဲ့က သတိပေးထားကြောင်း ဖော်ပြထားသည်။

အဆိုပါ သတိပေးချက် မှတ်တမ်းမှာ လူမှုဒီမီယာများတွင် ပျံ့နှံ့လျက် ရှိသော်လည်း အစစ်အမှန်ပင် ဖြစ်ကြောင်း အထူးရဲတပ်ဖွဲ့မှ လက်ခံရရှိခြင်း ဖြစ်ကြောင်း ထိုင်းရဲအရာရှိ တစ်ဦးက ပြောကြားသွားသည်။

“အဲဒီအရေးနဲ့ ပတ်သက်ပြီး အခု လုပ်ဆောင်နေပါတယ်။ အဲဒါ ဘယ်လိုပေါက်ကြားလာလဲ ကျွန်တော် မသိပါဘူး” ဟု ၎င်းက ပြောကြားသွားသည်။

သံသယရှိသူ လေးဦးမှာ ပတ္တရားသို့ ထွက်ခွာသွားပြီး၊ နှစ်ဦးမှာ ဖူးခက်၊ နှစ်ဦးမှာ ဘန်ကောက်မြို့တော်နှင့် ကျန်နှစ်ဦးမှာ (စုံစမ်းဆဲ) နေရာတစ်ခုသို့ သွားရောက်ခဲ့ကြောင်း အထူးရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ ဆီးရီးယား သံသယရှိသူများကို ထိုင်းရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန်သွားခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်သုံးခုမှာ မွတ်ဆလင်အများစု နေထိုင်ရာ ဒေသဖြစ်ပြီး ဗုဒ္ဓဘာသာ လွှမ်းမိုးသည့် ထိုင်းနိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်လျက်ရှိသည်။

သို့သော်လည်း ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ထံသို့ ထိုင်းမွတ်ဆလင် တစ်ဦးမျှ သွားရောက်ပူးပေါင်းခြင်း မရှိကြောင်း ထိုင်းအစိုးရက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List