Wednesday, December 02, 2015

ပန်ဒိုရာ အဆီချလုပ်ငန်းတွင် ပိတ်လှောင်ခံရသည့် အမျိုးသမီးကိုယ်စား အုပ်ထိန်းသူများက တရားစွဲမည်


မန္တလေးမြို့တော် ၆၃ လမ်းနှင့် ၂၇ × ၂၈ လမ်းကြားရှိ ပန်ဒိုရာ အဆီချ လုပ်ငန်းတွင် လုပ်ကိုင်နေပြီး ပိတ်လှောင်နှိပ်စက်ခံခဲ့ရသည့်မဇာလီဝင်း ကိုယ်စား ပြင်းထန်စွာ နာကျင်စေမှုဖြင့် အမှုဖွင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၄င်း၏ အုပ်ထိန်းသူများက ဆိုသည်။နှစ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် ဆိုင်ရှိ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူသည်ဟု စွပ်စွဲခံခဲ့ရပြီး အတင်းအကျပ် ဝန်ခံခိုင်းခြင်း၊ ရိုက်ပုတ်နှိပ် စက်ခြင်း ၊ ခွေးအိမ် အတွင်း နေထိုင်စေခြင်း များကို ပန်ဒိုရာအဆီချ လုပ်ငန်းပိုင်ရှင်များက ပြုလုပ်ခဲ့ကြောင်း အသက် ၂၁ နှစ်အရွယ် မဇာလီဝင်းက ဆိုသည်။
“ ခွေးအိမ်ထဲမှာ ၁၅ ရက်နေခဲ့ရတယ်။ ခွေးစာကို လောက်စာလုံးလို လုံးပြီး ကျွေးတယ်။ ခွေးတွေသောက်တဲ့ ရေ သောက်ရတယ်။ ပစ္စည်းတွေပျောက်တယ်ဆိုပြီး သမီးကို ယိုးတယ်။ ဝန်မခံတော့ ၁၀ ချက်ရိုက်၊ ဝန်ခံတော့ ၅ ချက်ရိုက်တယ်။ ရှေ့နေနဲ့ ရဲ ခေါ်ပြီး အတင်းအကြပ် ဝန်ခံခိုင်းတယ်။ ဝန်မခံရင် ရွာက အဖေကို ရဲစခန်းမှာ ချုပ်ခိုင်းမယ်လို့ ပြောတယ်။ သမီးက ရိုက်ရင်အသားနာမှာရယ်၊ အဖေတို့ကို အချုပ်ခံရမှာရယ်ကြောက်လို့ ဝန်ခံရတယ် ” ဟု မဇာလီဝင်းက ရှင်းပြသည်။

အဆိုပါ လုပ်ငန်းတွင် လုပ်ကိုင်ကြသူများသည် မကြာခဏ နှိပ်စက်ညှင်းပန်းခြင်းခံကြရပြီး မခံရပ်နိုင်သဖြင့် ထွက်ပြေးပါကလည်း ပြန်မိလျှင် ပိုင်ရှင်နှင့် အခြားဘဝတူ အလုပ်သမားများက ဝိုင်းဝန်းနှိပ်စက်ကြကြောင်း ပန်ဒိုရာအဆီချလုပ်ငန်းတွင် ငါးလခန့် လုပ်ကိုင်ခဲ့ပြီး ထွက်ပြေးခဲ့ရာတွင် ငွေငါးသိန်းခိုးယူသည်ဟု စွပ်စွဲကာ အမှုဖွင့်ခံထားရသည့် မချစ်သုဝေက ဆိုသည်။ 

“ အလုပ်ဝင်ပြီး သုံးလေးရက်လောက်မှာ သနားတတ်လား မေးတယ်။ အပြစ်တစ်ခုခု လုပ်မိတဲ့သူဆိုရင် ပိုင်ရှင်တွေသာမက အလုပ်သမားတွေကပါ ရိုက်နှက်ရတယ်။ သာသာလေး ရိုက်လို့လည်း မရဘူး။ သာသာလေးရိုက်ရင် ကိုယ့်ကိုယ်ပါ ပြန်ရိုက်ခံရတော့ အားထည့်ပြီး ရိုက်ရတာပဲ၊ ကျွန်မကိုလည်း ထွက်ပြေးတော့ ငွေငါးသိန်းခိုးသွားပါတယ်ဆိုပြီး စွပ်စွဲထားတယ် ” ဟု ၄င်းက ဆိုသည်။

အဆိုပါ လုပ်ငန်းသည် မကြာခဏ ပြဿနာများ တက်လေ့ရှိပြီး ယခုကဲ့သို့ ဖြစ်စဉ် မျိုး နှစ်နှစ်အတွင်း ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ဖူးကြောင်း ယင်းလုပ်ငန်း တည်ရှိရာ ပြည်ကြီးမျက်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

စိတ္တဇဆေးရုံတွင် ဆေးစစ်ချက်အရ စိတ်ကျန်းမာရေးအခြေအနေမှာကောင်း မွန်သော်လည်း ဆေးရုံတွင် ဓာတ်မှန်စမ်းသပ်ချက်များအရ ပါးရိုးကျိုးဒဏ်ရာများ ရရှိထားကြောင်း၊ ပန်ဒိုရာလုပ်ငန်း ပိုင်ရှင်မှာ ထောက်လှမ်းရေးတပ်တွင် လုပ်ဆောင်ခဲ့ဖူးပြီး ပြေးမလွတ်ဟု ခြိမ်းခြောက်ထားသည့်အတွက် မဇာလီဝင်း၏ စိတ်အခြေအနေမှာ အလွန်အမင်းကြောက်ရွံ့နေသည့် အနေအထားတွင် ရှိနေသေးကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီး တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ဆိုသည်။

အဆိုပါဖြစ်စဉ်အတွက် တရားစွဲဆိုရာတွင် မဇာလီဝင်းဘက်မှ လိုက်ပါ ဆောင်ရွက်ပေး မည်ဖြစ်ပြီး ရေဆုံးရေဖျား ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

မဇာလီဝင်းသည် လုပ်အားခလစာများကို အပြည့်အဝထုတ်ယူထားပြီး လုပ်ငန်းခွင်အတွင်း အကျင့်စာရိတ္တပျက်ပြားကာ ဆိုင်ရှိ တန်ဖိုးကြီးပစ္စည်း များကို ခိုးယူခြင်း၊ အလွဲသုံးစား လုပ်ခြင်း၊ အလုပ်တာဝန်မကျေခြင်း၊ အလုပ်အပေါ်တွင် အကြောင်းအမျိုးမျိုးပြကာ အိပ်နေုခြင်း စသည့်အကြောင်း များကြောင့် လုပ်ငန်းထိခိုက်နစ်နာရကြောင်း ၊ မဇာလီဝင်း၏ ဖခင် ဦးပိုလှမှာ ငွေကြေးဆိုင်ရာ ချေးယူထားခြင်းများရှိပြီး ပြန်မဆပ်မှုများရှိကြောင်း ပန်ဒိုရာလုပ်ငန်းပိုင်ရှင်ကိုယ်စား ရှေ့နေဖြစ်သူမှ နိုဝင်ဘာလ ၂၃ ရက်စွဲဖြင့် ဦးပိုလှထံ ပေးပို့သည့်အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း ပြည်ကြီး မျက်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဖခင်ဖြစ်သူ ဦးပိုလှကမူ သမီးဖြစ်သူ၏ လုပ်ခလစာများ ရရှိရန် ကျန်နေသေး သည့်အပြင် ထိုကဲ့သို့ ငွေကြေးချေးငှားထားခြင်း တစ်စုံတစ်ရာမရှိကြောင်း (ဒီဇင်ဘာလ ၁ ရက်) ၈၈ ကဖေးတွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List