Friday, December 04, 2015

မူးယစ်ရာဇာ ဝေရှောက်ခမ်းက အမည်ခံကုမ္ဗဏီများဖွင့်လှစ်၍ မြန်မာ့ ကျောက်စိမ်းလောကကို ချုပ်ကိုင်ထားကြာင်း Global Witness အစီရင်ခံစာသစ် ဖော်ပြ


မူယစ်ရာဇာ ဝေရှောက်ခမ်းက အမည်ခံကုမ္ဗဏီများဖွင့်လှစ်၍ မြန်မာ့ ကျောက်စိမ်း တရားမ၀င်ကုန်သွယ်မှုကို လွှမ်းမိုးချုပ်ကိုင်ထားကြောင်း Global Witness (GW) က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြသည်။ အရှေ့တောင်အာရှ၏ ကြောက်မက်ဖွယ်ရာ အကောင်းဆုံ မူယစ်ရာဇာသည် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုများဖြင့် ရောပြွမ်းနေသော မြန်မာ့ကျောက်စိမ်းလောကတွင် သြဇာအရှိဆုံးသူ တဦးဖြစ်ကြောင်းလည်း အဆိုပါအစီရင်ခံစာက ဖော်ပြသည်
Gloabal Witness က ကျောက်စိမ်းဘုရင်များဟူသောအမည်ဖြင့် ထုတ်ပြန်သောအဆိုပါအစီရင်ခံစာတွင် ဝေရှောက်ခမ်းသည် ပဋိပက္ခဒဏ်ခံ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းများမှ အမြတ်ထုတ်ခွင့်ရ ကုမ္ဗဏီပေါင်းများစွာကို ထိန်းချုပ်ထားသည်ဟု ဆိုသည်။ ဝေရှောက်ခမ်းသည် အရှေ့တောင်အာရှတခွင် လှိုက်စားနေသော ‘ရာဘ’ စိတ်ကြွရှုးသွပ်ဆေးပြား ပြဿနာ၏ ဗိသုကာဖြစ်ပြီး အမေရိကန်က ၎င်းအပေါ် ဆုကြေးငွေ ဒေါ်လာ ၂ သန်း ထုတ်ထားသည်။နိုဝင်ဘာ ၂၁ ရက်က မြေစာပုံပြို၍ လူ ၂၀၀ ခန့်သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် အဓိက တာဝန်ရှိသည့် ရောင်ခြည်ဦးကုမ္ဗဏီသည် ဝေရှောက်ခမ်းပိုင် ကုမ္ဗဏီတခုဖြစ်သည်ဟု ကျောက်စိမ်းလောက အတွင်းလူများနှင့် လေ့လာသူများထံမှ သိရသည်ဟု GW က ဆိုသည်။

“ကျောက်စိမ်းကုန်သွယ်မှုကို ဝေရှောက်ခမ်း ချုပ်ကိုင်ထားနိုင်တာကိုကြည့် တာက ဒီလုပ်ငန်းဟာ ဘယ်လောက် ညစ်ပတ်သလဲ၊ အခွင့်ထူးခံတွေ လုပ်ကိုင်ခွင့် ဘယ်လောက်တောင်ရနေလဲဆိုတာကို ပြသနေတာပဲ။ သူတို့ရဲ့ မိုင်းတူးလုပ်ငန်းကြောင့် မိုင်းတွင်းအနီးတ၀ိုက်က လူတွေ သေကြေပျက်စီးရ တယ်။ ကမ္ဘာအ၀ှမ်းက အကြမ်းဖက်သမားတွေ၊ အကြီးစားသူခိုးကြီးတွေနဲ့ မာဖီးယားကြီးတွေရဲ့ လုပ်ပုံကိုင်ပုံအတိုင်းပဲ ဒေသခံပြည်သူတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ဖျက်ဆီး ဒုက္ခပေးနေတဲ့ ကျောက်စိမ်းလုပ် ငန်းကို ဝေရှောက်ခမ်းနဲ့ သူရဲ့စီးဖွားဖက်တွေက ဟန်ပြဗန်းပြ ကုမ္ဗဏီကြီး တွေနဲ့ ဖုံးကွယ်ထားကြတယ်”ဟု GW မှ အာရှဒါရိုက်တာ Mike Davis က ပြောသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော UWSA နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူပြီးနောက်ပိုင်း ယခင် စစ်အစိုးရမှ ဝေရှောက်ခမ်းအား ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ မှ ၂၀၀၈ အတွင်း အမေရိကန်နိုင်ငံက ၎င်း၏လုပ်ငန်းများ ကို ပိတ်ဆို့ခဲ့သော်လည်း ကုမ္ဗဏီအမည်ပြောင်း၍ ဆက်လက်လုပ်ကိုင်ခဲ့သည် ဟု ဆိုသည်။“အခွံလဲတဲ့ ကစားပွဲလိုပါပဲ၊ သူတို့က အပေါ်ခွံကို လဲလိုက်တာ ပါပဲ”ဟု မူးယစ်လောက လေ့လာသူတဦးက GW ကို ပြောသည်။

ဝေရှောက်ခမ်းနှင့်အဖွဲ့သည် UWSA နှင့် အဆက်အသွယ်ရှိမှုကြောင့် ၎င်း၏လုပ်ငန်းများကိုလည်း မည်သူကမှ စောင့်ကြည့်လေ့လာခြင်း မပြုကြကြောင်း၊ ရာဇ၀တ်ဂိုဏ်းများ မြေအောက်လုပ်ငန်း လုပ်ကိုင်သကဲ့သို့ပင်ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့သည် အနည်းဆုံး ကျောက်စိမ်းတွင်း ၅၀ ခန့် ပိုင်ဆိုင်ကြောင်းနှင့် မြန်မာ့စီးပွားရေးတွင် အလွန်တရာ အကျိုးအမြတ်များသော ကျောက်စိမ်းလုပ်ငန်းတွင် အာဏာအရှိဆုံးသူများဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။“တခွန်းထဲ ပြောမယ်ဆို ‘၀’ နာမည်မသုံးရင် ဖာကန့်မှာ အလုပ်လုပ်လို့မရဘူး”ဟု ကျောက်စိမ်းလုပ်ငန်း အတွင်းလူများက ပြောသည်။

၎င်းတို့၏ကုမ္ဗဏီများသည် ၂၀၁၃ နှင့် ၂၀၁၄ တွင်ပြုလုပ်ခဲ့သော ကျောက်မျက်ပြပွဲမှ ကျောက်စိမ်းရောင်းချရမှု ဒေါ်လာ သန်း ၁၀၀ ကျော်ရှိသည်ဟု တင်ပြခဲ့သော်လည်း တရုတ်ပြည်သို့ တရားမ၀င် တင်သွင်းမှုမှ အဆိုပါပမာဏထက် အဆမတန်များပြားသော အမြန်အစွန်းများ ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ဝေရှောက်ခမ်း၏ နိုင်ငံတကာစီးပွားကွန်ရက်သည် အဓိကအားဖြင့် တရုတ်နှင့် ဟောင်ကောင်တွင်ရှိသည်ဟု ဆိုသော်လည်း ၎င်း၏ကျောက်စိမ်းကုမ္ဗဏီများကို အဓိက လုပ်ကိုင်ပေးနေသူသည် အမေရိကန် စက်ယန္တရားကုမ္ဗဏီကြီး Caterpillar Inc. နှင့် ချိတ်ဆက်မှုရှိကြောင်း၊ Caterpillar Inc. က နိုင်ငံများစွာတွင် ပြုလုပ်သော ၎င်းတို့၏ အရောင်းမြှင့်တင်ရေးပွဲများသို့ အဆိုပါပုဂ္ဂိုလ်အား ခေါ်ဆောင်သွားလေ့ရှိသည်ဟု ဆိုသည်။ ၎င်းအချက်ကို ထောက်ရှုခြင်းအားဖြင့် ဝေရှောက်ခမ်းသည် အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုကို ရှောင်ရှားနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်မည့် နိုင်ငံတကာကုမ္ဗဏီများအနေနှင့်လည်း ၎င်းအချက်ကို သတိချပ်သင့်ဟု ထောက်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် သယံဇာတတူးဖော်မှုပွင့်လင်းမြင်သာ မှုရှိရေးလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ (EITI) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး အဖွဲ့ဝင် ဖြစ်ခွင့်ရရန်အတွက် သတ်မှတ်ချက်တခုအနေနှင့် ကွယ်ဝှက်ထား သော ကုမ္ဗဏီပိုင်ရှင်များ၏အမည်များကို ဖော်ထုတ်ပေးခြင်းအပါအ၀င် မြန်မာ့ကျောက်စိမ်းလောက၏ ပွင့်လင်းမြင်သာ မရှိခြင်းကို ကိုင်တွယ်ဖြေ ရှင်းပေးရမည်ဟု ပါရှိသည်။ ရေနံ သဘာဝဓါတ်ငွေ့နှင့် ကျောက်စိမ်းတူး ဖော်ရေးလုပ်ငန်းများမှ အကျိုးအမြတ်ကို အမှန်တကယ် ခံစားရသော ပိုင်ရှင်များ၏ အမည်နာမများကို ဖော်ပြပေးရမည်ဟုပါရှိသော်လည်း ယင်းဖော်ပြချက်ကို ကျောက်စိမ်းနှင့် အခြား ဓါတ်သတ္တု တူးဖော်ရေးလုပ် ငန်းများတွင် အမြန်ဆုံး ကျင့်သုံးပေးရန် GW က တိုက်တွန်းထားသည်။

“မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံတကာက မိတ်ဆွေမိတ်ဖက်တွေနှင့်အတူ လက်ရှိ ကျောက်စိမ်းလုပ်ငန်းကို ချုပ်ကိုင်ထားတဲ့ ဒုစရိုက်သမားတွေ၊ ခရိုနီတွေနှင့် သဘောထားတင်းမာတဲ့ စစ်ဝါဒီတွေရဲ့ လက်ထဲက ကယ်ထုတ် ရေး၊ ကျောက်စိမ်းလုပ်ငန်း ပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံတခုဆွဲရေး တို့ကို အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ တန်ဖိုးအရှိဆုံ သယံဇာတတခုဖြစ်တဲ့ ကျောက်စိမ်းတူးနေတဲ့ကုမ္ဗဏီတွေရဲ့ ပိုင်ရှင်အမှန်ကို ဖော်ထုတ်ရေးကို ဦးစားပေးဆောင်ရွက်ရမယ်”ဟု GW မှ လေ့လာဆန်း စစ်သူ Juman Kubba က ပြောသည်။

Ref;Global Witness
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List