Saturday, December 05, 2015

ဆိုဗီယက်စတိုင် ဝါဒဖြန့်ချိမှု လက်မခံဟု တူရကီ ဝန်ကြီးချုပ် ပြောကြား


အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ထံမှ ရေနံများ ဝယ်ယူသည်ဟု ရုရှား၏ စွပ်စွဲပြောကြားမှုသည် ဆိုဗီယက်စတိုင် ဝါဒဖြန့်ချိမှုမျိုး ဖြစ်သည်ဟု တူရကီ ဝန်ကြီးချုပ် အာမက်ဒတ်ဗူတိုဂလူးက တုံ့ပြန်သွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အီရတ်နှင့် ဆီးရီးယားနယ်မြေ အများစုကို သိမ်းပိုက်ထားသည့် အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့ထံမှ ရေနံများ တရားမဝင် တင်သွင်းခြင်းမှတစ်ဆင့် တူရကီသမ္မတ အာဒိုဂန်နှင့် ၎င်း၏ မိသားစု ငွေကြေးအကျိုးအမြတ် ရရှိနေသည့် အထောက်အထားများ တွေ့ရှိရကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသွားသည်။

“စစ်အေးကာလတုန်းက ဆိုဗီယက် ဝါဒဖြန့်ချိရေး ယန္တရားတစ်ခု ရှိခဲ့ပါတယ်။ ပထမဆုံး သူတို့က အလိမ်အညာမျိုးစုံ ဖန်တီးမယ်။ နောက် သူတို့ဖန်တီးထားတာတွေကို ကမ္ဘာကြီးက ယုံလာအောင် လုပ်ကြမယ်။ အဲဒါတွေက ပရာဗဒါ အလိမ်အညာတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ ဟာတွေပါ” ဟု တူရကီ ဝန်ကြီးချုပ်က ပြောကြားသွားသည်။

ယင်းကဲ့သို့သော ပြောကြားမှုများမှာ ဆိုဗီယက်စတိုင် ဝါဒဖြန့်ချိမှုများ ဖြစ်ပြီး မည်သူမျှ မယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသွားသည်။

ထို့အပြင် IS များနှင့် တူရကီအစိုးရ ပူးပေါင်းပြီး ရေနံမှောင်ခိုတင်သွင်းလျက် ရှိသည်ဟု စွပ်စွဲချက်များကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အထောက်အထားမရှိဟု တုံ့ပြန်ထားသည်။

သို့သော်လည်း ကီလိုမီတာ ၁၀၀ ရှည်လျားသည့် တူရကီနှင့် ဆီးရီးယား နယ်စပ်ဒေသကို တူရကီက လုံခြုံစွာ စောင့်ကြည့်မှု မရှိခြင်းကိုလည်း အမေရိကန်သမ္မတ အိုဘားမားနှင့် ထိပ်တန်းအရာရှိကြီးများက စိတ်ပျက်လျက်ရှိသည်။

အဆိုပါအရေးနှင့် ပတ်သက်၍ နယ်စပ်ဒေသများ လုံခြုံရေး တူရကီက ညွန့်ပေါင်းမဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်နေသလို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အတားအဆီးများကိုလည်း တည်ဆောက်လျက် ရှိကြောင်း တူရကီ ဝန်ကြီးချုပ်က ပြောကြားသွားသည်။

ရုရှားစစ်လေယာဉ် တစ်စင်းကို တူရကီက ပစ်ချလိုက်ပြီးနောက် ရုရှားနှင့် တူရကီအကြား တင်းမာမှု ပေါ်ပေါက်လာပြီး အပြန်အလှန် စွပ်စွဲပြောကြားမှုများ လုပ်ဆောင်လျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List