Thursday, December 03, 2015

သာယာဝတီအကျဉ်းထောင်မှ ဖမ်းဆီးခံကျောင်းသားများ ဆေးကုသရန် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေ


အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြခဲ့သည့်အတွက် သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီး ခံရပြီး အမှုရင်ဆိုင်နေရသည့် ကျောင်း သားနှင့် ၀န်းရံသူရှစ်ဦး ဆေးကုသမှုခံယူရန် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ ဒီဇင်ဘာလ ၂ ရက် နံနက် ၁း၀၀ ခန့်က ရောက်ရှိနေကြောင်း သိရှိရသည်။
ရန်ကုန်ဆေးရုံးကြီးသို့ သာယာဝတီအကျဉ်းထောင်မှ ဆေးကုသရန် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေပြီး ယခင်အပတ်က ဆေးကုသရန် ရောက်ရှိနေသည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုသိန်းအပါအ၀င် စုစုပေါင်းဆယ်ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း ကျောင်းသားနှင့် ၀န်းရံသူများထံမှ သိရသည်။

“အခုလာတဲ့သူတွေကတော့ အစာအိမ်၊ အာရုံကြော ထိခိုက်တာတွေ၊ အရေပြား ရောဂါတွေ ဆေးစစ်တာတွေ ကိုတော့ ဒီကဆရာဝန်တွေက လုပ်ပေးနေပါတယ်။

ဒီမှာပဲ ပျောက်ကင်းအောင် ကုသမယ်။ တရားသူကြီးကတော့ ကျွန်တော်တို့မရှိလည်း ဆက်စစ်မယ်လို့ ပြောပါတယ်။ အခုတော့ သာယာဝတီထောင်ဆေးရုံမှာ တစ်ပတ် လောက် ဆေးကုသခံပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူဖို့ ရောက်လာတာ ပါ” ဟု ရန်ကုန် ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသည့် ပဲခူးခရိုင် ဗကသ အဖွဲ့ဝင် ကိုမျိုးမင်းပိုင်က ပြောသည်။

အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြသည့် ပင်မသပိတ်စစ် ကြောင်းမှ ကျောင်းသားနှင့်ဝန်းရံသူ များအား မတ်လ ၁၀ ရက်နေ့တွင် လက်ပံတန်းမြို့၌ ရဲတပ်ဖွဲ့ဝင်များ၏ ဖြိုခွင်းခြင်း ခံခဲ့ရပြီး လက်ရှိတွင် ကျောင်းသားနှင့် ၀န်းရံသူ ၅၃ ဦးမှာ သာယာဝတီထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး ပုဒ်မငါးခုဖြင့် အမှုရင်ဆိုင် ရလျက်ရှိသည်။

“ထောင်ထဲမှာ ဆေးသောက်တယ်။ ဆေးထိုးတယ်။ လိမ်းဆေးတွေလည်း လိမ်းတယ်။ ရှစ်လလောက် လုပ်တယ်။ ဘယ်လိုမှ မသက်သာလို့ ဆေးကု သဖို့ တောက်လျှောက် ပြောလာတာပေါ့။ အခုကျမှပဲ ဆေးကုသဖို့ရတာပေါ့။ ထောင်ထဲမှာတော့ ကျန်းမာရေး စောင့်ရှောက်မှုက အရမ်းအားနည်းတယ်”ဟု သာယာဝတီ အကျဉ်းထောင်မှ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသည့် ဗ.က.သ. အဖွဲ့ဝင် မဟန်နီဦးက ပြောသည်။

အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြနေသည့် ကျောင်းသားနှင့် ၀န်းရံသူများ နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရန် သာယာဝတီထောင်၊ အင်းစိန်ထောင်၊ မြင်းခြံထောင်တို့တွင် အစာငတ်ခံဆန္ဒပြကြပြီး ဒေါ်အောင် ဆန်းစုကြည်၊ နိုင်ငံရေးပါတီများနှင့် ရွှေဝါရောင် သံဃာတော်များက အစာငတ်ခံ ဆန္ဒပြမှုများအား ရပ်ဆိုင်းရန် မေတ္တာရပ်ခံခဲ့ရသေးသည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment

My Blog List