Saturday, December 05, 2015

နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် မူကြမ်းတင်သွင်းဆွေးနွေး


နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းရေးဆွဲရေး ကော်မတီ၏ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ဒုတိယအကြိမ် မူကြမ်းတင်သွင်းဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက Myanmar Peace Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ဆွေးနွေးပွဲအား နိုင်ငံတော်အစိုးရအစုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ တစ်ဖွဲ့လျှင် ရှစ်ဦး ကျစီပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းရေးဆွဲရေး ကော်မတီတို့ တက်ရောက်ခဲ့ကြကာ နိုင်ငံရေးဆွေးနွေးပွဲ မူကြမ်းအား ဆွေးနွေးလျက်ရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက "ကနေ့ဆွေးနွေးပွဲကနေ ရေရှည်တည်တံ့တဲ့ Framework ကြီး ရလာပါမယ်။ ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးပွဲကြီး ကို အောင်မြင်အောင် လုပ်နိုင်ဖို့ ထည့်သွင်းစဉ်းစားပေးပါ။ အလုပ်တွေက ပြောပြီးမဖြစ်ရင်၊ မလုပ်ရင် အားလုံး အလဟဿဖြစ်ကုန်ပါမယ်" ဟု အမှာစကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မူဘောင်မူကြမ်းရေးဆွဲရေး ကော်မတီမှ ဆလိုင်းလျန်မှုန်းခေါင်က "ဒီနေ့ ဆွေးနွေးပွဲ ကတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲခြင်း အတွက် အစည်းအဝေးပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ NCA ရဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။

ကျွန်တော်တို့တွေအနေနဲ့ မူကြမ်းကို ရေးဆွဲထားရာမှာ အင်မတန်မှ အပေးအယူ မျှတတယ်။ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ အားလုံး အားသွန်ခွန်စိုက် လုပ်တဲ့အခါ အခုမူကြမ်း ကို သတ်မှတ်တဲ့ အချိန်ထက် စောပြီး တင်သွင်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲကြီးအတွက် အမြန်ဆုံး အခိုင်မာဆုံးဖြစ်အောင် ကြိုးစား ကြပါလို့ တိုက်တွန်းပါတယ်" ဟု ယနေ့တွေ့ဆုံ ဆွေးနွေးမှုတွင်ပြောကြား ခဲ့သည်။

နိုင်ငံရေးပါတီများကိုယ်စား ဦးစိုင်းကျော်ညွန့်က " ဒီနေ့ဆွေးနွေးပွဲကနေ တစ်ဦးနဲ့ တစ်ဦး၊ အစုအဖွဲ့တစ်စုနဲ့တစ်စု နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းပါဝင်ပြီးတော့ နောင်အခင်းအကျင်းအတွက်ပါ အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြား ခဲ့သည်။ ယနေ့ဆွေးနွေးမှု၏ အသေးစိတ်ကို ယနေ့ညနေပိုင်းတွင် ထုတ်ပြန် သွားမည်ဖြစ်သည်။

သတင်း - မင်းဝသ၁န်
The Ladies News Journal

No comments:

Post a Comment

My Blog List