Friday, December 04, 2015

ဂျပန်က ၄င်းတို့၏ လုံခြုံရေးကဏ္ဍအတွက် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့် သုံးစွဲတော့မည်ဟု ဆို


ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှာ ၄င်းတို့ ၏ လုံခြုံရေးကဏ္ဍကို တိုးချဲ့နိုင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ်အတွင်း ကာကွယ်အသုံးစရိတ်ကို ပထမဆုံးအကြိမ်အဖြစ် ဂျပန်ယမ်းငွေ ၅ ဒသမ ၀၉ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၄၀ ဘီလီယံ) အထိ တိုးမြှင့်သုံးစွဲ တော့မည် ဖြစ်ကြောင်း အစိုးရ နှင့်နီးစပ်သူများက ပြောဆိုကြ သည်။
လာမည့် ၂၀၁၆ ခုနှစ် ဧပြီမှစတင်မည့် ဘတ်ဂျက်တွင် အငြင်းပွားလျက် ရှိနေသော နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန် လေတပ် အခြေစိုက်စခန်း အစားထိုး တည်ဆောက်မှုအပြင် ဂျပန်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး အစီစဉ်များလည်း ပါဝင်လျက်ရှိနေကြောင်း သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ၏ ကာကွယ်ရေး အသုံးစရိတ်အတွက် လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဂျပန်အစိုးရ အဖွဲ့အစည်းဝေးမှာ အပြီးသတ်ဆုံး ဖြတ်ချက်များ ချမှတ်ဖွယ်ရှိနေကြောင်း သိရသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ဌာနသည် ပြီးခဲ့သော သြဂုတ်လတွင် အရှေ့ တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများ လုံခြုံရေး ပိုမို ကောင်းမွန်စေမှုအပါဝင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ဂျပန် ယမ်းငွေ ၅ ဒသမ ၀၉ ထရီလီယံ တောင်းခံမှုများ ပြုလုပ် ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် ရှင်ဇိုအာဘေး ၀န်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း ကာကွယ်ရေး အသုံးစရိတ်များ မှာ လေးနှစ်ဆက်တိုက် မြင့်တက်နေခဲ့ပြီး ယခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ဂျပန် ယမ်း ၄ ဒသမ ၉၈ ထရီလီယံ သုံးစွဲခဲ့ရာ လာမည့်နှစ်တွင် ဂျပန် ယမ်းငွေ ၅ ဒသမ ၀၄ ထရီလီယံ တိုးမြှင့် သုံးစွဲဖွယ်ရှိနေကြောင်း ဂျပန်သတင်းစာများ ကရေးသားကြသည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်းကလည်း မဟာမိတ်များ တိုက်ခိုက်ခံရ လျှင် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံများ ဆီ တပ်ဖွဲ့ဝင်များ စေလွှတ်ရေး မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံမှာ အိမ်နီးချင်း တရုတ်နိုင်ငံ ၏ စစ်ရေးအရ ခြိမ်းခြောက်မှုအပြင် ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများလည်း တွေ့ကြုံဖွယ်ရှိနေရာ အရှေ့တရုတ် ပင်လယ် နှင့် အနောက် ပစိဖိတ်ဒေသများတွင် တပ်ဖွဲ့ဝင်များ ပိုမိုချထား ရန်လိုလားလျက်ရှိနေသည်။

ဂျပန်နိုင်ငံမှာ လက်ရှိအချိန်တွင် အရှေ့တရုတ်ပင်လယ်အတွင်းတွင် တရုတ်နိုင်ငံ နှင့် ပိုင်နက်အငြင်းပွားလျက်ရှိနေပြီး တရုတ်နိုင်ငံ က ဒိုင်ယာဒိုယု ဟုခေါ်ဆိုပြီး ဂျပန်နိုင်ငံက ဆန်ကာကု ဟုခေါ်ဆိုသည့် ကျွန်းအတွက် အငြင်းပွားနေခြင်းလည်း ဖြစ်သည်။

အဆိုပါ ဘတ်ဂျက်ငွေထဲတွင် အိုကီနာဝါကျွန်းပေါ်ရှိ ပြောင်းရွှေ့ရန် စီစဉ်ထားသော ဖူတန်မာ လေတပ်အခြေစိုက် စခန်းအတွက် သုံးစွဲမှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း ဂျပန်သတင်းစာက ရေးသားသည်။ အိုကီနာဝါကျွန်းရှိ အုပ်ချုပ်ရေးမှူး Takeshi Onaga က လေတပ်အခြေစိုက်စခန်းသစ် လုပ်ဆောင်မှု အတွက် မြေခွင့်ပြုမှုမရှိသဖြင့် ဂျပန်ဗဟိုအစိုးရ နှင့် အိုကီနာဝါ ကျွန်းအုပ်ချုပ်ရေးမှူး တို့ စီမံကိန်းအတွက် တရားရင်ဆိုင်မှုများ လည်း ရှိနေခဲ့ဖူးသည်။

အိုကီနာဝါကျွန်းပေါ်ရှိ ဒေသခံများမှာ ကျွန်း ပေါ်တွင် လေတပ်အခြေစိုက် စခန်းသစ် လုပ်ဆောင်မှုအပေါ် ကန့်ကွက်လျက်ရှိနေပြီး ဆူညံသံများ၊ မှုခင်းဖြစ်မှုနှင့် လူဦးရေ ပြသ၁နာများအပေါ် စိုးရိမ်မှုများ ရှိနေခဲ့ကြောင်း၊ ဂျပန် နိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့မှာ အိုကီနာဝါကျွန်းပေါ်ရှိ လေတပ် အခြေစိုက်စခန်း ကို ပိတ်သိမ်းရန် ၁၉၉၆ ခုနှစ်တည်းက သဘောတူညီမှု များရှိခဲ့ကြောင်း သိရသည်။

သတင်း - ဇော်မင်းဦး
The Ladies News Journal

No comments:

Post a Comment

My Blog List