Thursday, December 03, 2015

တွေ့ဆုံမှုအလွန် မင်းပြောင်းမင်းလွဲ အလုပ်ဖြစ်ပါ့မလား


တိုင်းရင်းသား ပြည်သူလူ ထု တစ်ရပ်လုံးသည် ၁၉၆၂ ခုနှစ် စစ်အာ ဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ပထမဆုံး အကြိမ် အရပ်သားအစိုးရနှင့် အရပ်သားအစိုးရထံ အာဏာလွှဲ ပြောင်းရေးတို့ အလုပ်ဖြစ်ပါ့မ လားဟု စိုးရိမ်ပူပန်လျက်ရှိနေဆဲ ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အ ကြား ဒီဇင်ဘာ ၂ ရက်တွေ့ဆုံ ဆွေးနွေးမှုသည်လည်း စိုးရိမ်ပူပန် မှုများကို ထိထိရောက် ရောက် ဖြေလျှော့နိုင်ခဲ့ခြင်း မရှိသည်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင် ရှားလျက်ရှိနေသည်။
သမ္မတဦးသိန်းစိန်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီ မှ ၉ နာရီ ၄၅ မိနစ်အထိ နေပြည် တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြသည်။ ရွေးကောက် ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရ ရှိခဲ့ပြီး လာမည့်လပိုင်းများ အ တောအတွင်း အစိုးရသစ်ကို ခေါင်းကိုင်ဖွဲ့စည်းမည့် ငြိမ်းချမ်း ရေးနိုဗယ်ဆုရှင် ပါတီဥက္ကဋ္ဌနှင့် လူထုခေါင်းဆောင်တို့၏ တွေ့ဆုံ ဆွေးနွေးမှုသည် အကြိတ်အနယ် ဖြစ်သင့်သလောက် မဖြစ်ခဲ့သည့် အပြင် အိတ်သွန်ဖာမှောက် ဖြစ် သင့်သလောက် မဖြစ်ခဲ့ဟုကောက် ချက်ပြုရမည်ဖြစ်သည်။အေးစက်လွန်းသော တွေ့ဆုံဆွေးနွေးပွဲများစွာထဲက အစဉ်အလာ မပျက်တွေ့ဆုံဆွေးနွေးပွဲ သက်သက်သာဖြစ်ခဲ့သည်။

တွေ့ဆုံပွဲအပြီး ပြန်ကြား ရေး ၀န်ကြီး ဦးရဲထွဋ်၏ သတင်း စာရှင်းလင်းပွဲကလည်း အေးစက် လွန်းသည်ဟု သုံးသပ်နိုင်သည်။ ပူးတွဲသတင်းထုတ်ပြန်မည်ဆို လျှင်လည်း ထုံးစံအတိုင်း ယေဘု ယျသဘောများ လွန်ကဲနေဦးမည် ဖြစ်သည်။ ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်နည်းနာများက အပေါ်ယံဟန်ပြသဘောကဲသည့် အလျောက် အနှစ်သာရစစ်စစ် များနှင့် လွဲချော်မည်ကို စိုးရိမ် ကြောင့်ကြဖွယ်ဖြစ်သည်။ တိုင်း ရင်းသားပြည်သူလူထုကို အချိန် နှင့်တစ်ပြေးညီ တတ်နိုင်သရွေ့ အသိပေးနိုင်ရေး အားနည်းနေ မည်ဆိုလျှင် တိုင်းရင်းသားပြည် သူလုထုကို မျက်နှာမူသောမြန်မာ့ အပြောင်းအလဲ ဖြစ်ပေါ်လာရေး သည် အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။

နောင်ပေါ်ပေါက်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ် ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင် ရေုး၊ ပြည်သူများအနေဖြင့် စိုးရိမ် ပူပန်မှုများ မရှိစေရေး နှစ်ဖက်ပူး ပေါင်းဆောင်ရွက်မည့် ကိစ္စရပ် များကိုလည်းကောင်း၊ မြန်မာနိုင် ငံအနေဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းရာတွင် ယခင်ကအစဉ် အလာမရှိခဲ့သေးသည့် နိုင်ငံတော် အကြီးအကဲတာဝန်များ စနစ် တကျ လွှဲပြောင်းပေးသည့် အစဉ် အလာကောင်းတစ်ခုကို ထူ ထောင်နိုင်ရေးကိုလည်းကောင်း သမ္မတနှင့် လူထုခေါင်းဆောင်တို့ အနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေး နွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတ ရုံး လူမှုကွန်ရက်စာမျက်နှာ၌ဖော် ပြခဲ့သည်။

သမ္မတနှင့် ဥက္ကဋ္ဌတို့သည် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ရေးကို မည်သို့မည်ပုံ ဖော်ဆောင် မည်နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး အသွင် ကူးပြောင်းရေးကာလ ခလုတ်မ ထိ၊ ဆူးမငြိဖို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်ဟုဆိုသော် လည်း တိုင်းရင်းသားပြည်သူလူထု ကို ပွင့်လင်းမြင်သာစွာ အသိပေး နိုင်မှု အကန့်အသတ်များ မြင့်မား နေဆဲဖြစ်သည့်အလျောက် တပ် မတော်အစိုးရများ အဆက်ဆက် က မယိုင်မလဲကိုင်စွဲခဲ့သည့် နည်း ထုံးဟောင်းကြီးအတိုင်း ရပ်တည် နေဆဲဟု သုံးသပ်ရမည်ဖြစ်သည်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော် ဆောင်နိုင်ရေး ရှေးရှုလျက်အစိုးရ ခေါင်းဆောင်နှင့် လူထုခေါင်း ဆောင်တို့အနေဖြင့် ပွင့်ပွင့်လင်း လင်း ဆွေးနွေးခဲ့သည်ဟု မည်သို့ ပင်ဆိုစေကာမူ တိုင်းရင်းသား ပြည်သူလူထုအနေဖြင့် အရပ် သားအစိုးရသို့ အာဏာလွှဲပြောင်း ရေးအပေါ် စိုးရိမ်ပူပန်မှုများ မြင့် မားနေဦးမည်သာဖြစ်သည်။

အစိုးရနှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တို့အကြား ဆက် သွယ်ရေးလမ်းကြောင်းတစ်ခု ဖွင့် လှစ်နိုင်ခဲ့ခြင်းသည် တွေ့ဆုံဆွေး နွေးမှုအလွန် ဆုပ်ဆုပ်ကိုင်ကိုင်ပြ နိုင်သည့် ခြေလှမ်းတစ်လှမ်းဟုဆို နိုင်သော်လည်း အဆိုပါဆက် သွယ်ရေးလမ်းကြောင်း၏ အလုပ် ဖြစ်နိုင်ခြေကိုလည်း အလေးထား စောင့်ကြည့်ရဦးမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်တို့အနေဖြင့် ထပ်မံတွေ့ဆုံဆွေးနွေးမည့် အ လားအလာနှင့်ပတ်သက်၍ လူသိ ရှင်ကြား ထုတ်ပြန်အသိပေးခြင်း မရှိသည့်အပြင် အာဏာလွှဲပြောင်း ရေးကာလ ပူးပေါင်းဆောင်ရွက် မည့် အခြေအနေများနှင့်ပတ် သက်၍လည်း တရားဝင်ထုတ် ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ရွေးကောက်ပွဲအလွန် ငြိမ်း ချမ်းစွာ အာဏာလွှဲပြောင်းရေး သည် သော့ချက်ကျသည့်နည်းတူ အလွှဲအပြောင်းကာလစာရင်း ဇယားနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ ပွင့်လင်းမြင်သာရန်လည်း ပဓာန ကျမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်အထိ ပြည် ထောင်စုအဆင့် အဖွဲ့အစည်း များ၊ ၀န်ကြီးဌာနများနှင့် ဘဏ္ဍာ ရေးရှင်းတမ်းများ၏ စာရင်း ဇယားများနှင့်ပတ်သက်၍ တိုင်း ရင်းသားပြည်သူလူထုတစ်ရပ်လုံး ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ထုတ်ပြန်ရမည်ဖြစ်သည်။ လာ မည့် အလွှဲအပြောင်းကာလ မှတ် တမ်းမှတ်ရာတိုင်းကို မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် ပွင့်လင်း မြင်သာစွာ သိရှိနိုင်ခွင့်ရရှိမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တို့အကြား ဒီဇင်ဘာ ၂ ရက် တွေ့ဆုံဆွေးနွေးမှုအလွန်ကာလ တရားဝင် သတင်းစကားများအရ အာဏာလွှဲပြောင်းရေးသည် ငြိမ်း ချမ်းချောမွေ့ အဆင်ပြေစွာ ရုပ် လုံးပေါ်လာနိုင်ဖွယ်ရှိနေသည်ဟု ကောက်ချက်ပြုရမည်ဖြစ်သည်။ ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိလာခဲ့မည်ဆိုလျှင် လည်း အစိုးရနှင့်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တို့အနေဖြင့် ဆက် သွယ်ညှိနှိုင်းဆွေးနွေး အဖြေရှာ သွားမည်ဟု နားလည်မိသည်။ အ ကယ်စင်စစ် အာဏာလွှဲပြောင်းရေးသည် လွယ်မယောင်နှင့် ခက်တတ်သည်ကိုလည်းကောင်း၊ တိမ်မယောင်နှင့် နက်တတ်သည်ကိုလည်းကောင်း မပျက်ဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်တွေ့ဆုံ ဆွေးနွေးပွဲတွင် ယခင်တွေ့ဆုံ ဆွေးနွေးပွဲများနည်း တူ ပွင့်လင်း မြင်သာမှု အားနည်းနေဆဲ ဖြစ် သည်။ တိုင်းရင်းသားပြည်သူလူ ထုကို မျက်နှာမူနိုင်ခြေလျော့ပါး နေဆဲဖြစ်သည်။ တပ်မတော် အ စိုးရလက် ထက် တွေ့ဆုံဆွေးနွေး ပွဲများ၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အစောပိုင်းတွေ့ဆုံဆွေးနွေးပွဲများနှင့် နှိုင်းယှဉ်လျှင် ထူးမခြားနားသော၊ စိတ်လှုပ်ရှား ဖွယ်မကောင်းသော၊ တိုင်းရင်း သားပြည်သူလူထုကို လူရာသွင်း မှု အားနည်းသော ရှေးထုံးနည်း များနှင့်မကွဲလွဲသည့် ထုံးစံအတိုင်း တွေ့ဆုံဆွေးနွေးပွဲတစ်ခုအဖြစ် သာ သမိုင်းတွင် မော်ကွန်းတင်ခံ ရဖွယ်ရှိသည်။

အစိုးရခေါင်းဆောင်နှင့် လူ ထုခေါင်းဆောင် ခေါင်းဆောင်နှစ် ဦး၏ တွေ့ဆုံဆွေးနွေးပွဲအလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်း သည် စိုးရိမ်ရေမှတ်အထက်တွင် တန့်နေဆဲဖြစ်သည်။ ပွင့်လင်း မြင်သာမှု အားနည်းနေသရွေ့ စိုး ရိမ်ကြောင့်ကြမှုကလည်း မြင့်မား နေဦးမည်သာဖြစ်သည်။ တိုင်း ပြည်၏ ဒီမိုကရေစီအပြောင်းအ လဲ၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးစိန်ခေါ်မှုများ ကို ခုန်ပျံကျော်လွှားရာတွင် တိုင်း ရင်းသားပြည်သူလူထု၏ အား သည် မဟာအင်အားပင် ဖြစ် သည်။

ပြည်သူကိုမျက်နှာမမူသ ရွေ့၊ ပွင့်လင်းမြင်သာမှု အားနည်း နေသရွေ့ စိုးရိမ်ကြောင့်ကြမှုများ နှင့်အတူ တွေ့ဆုံဆွေးနွေးပွဲအ လွန် မင်းပြောင်း မင်းလွဲအလုပ် ဖြစ်ပါ့မလားဟု အထပ်ထပ် မေးခွန်းထုတ်ကြောင့်ကြလျက်ရှိ ပါ ကြောင်း မောင်းခတ်ဆော် သြ လိုက်ရပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List