Thursday, December 03, 2015

အပြောင်းအလဲအတွက် သူတို့ တွေ့ကြပြီ


ရွေးကောက်ပွဲ ပြီးကတည်းက အားလုံးစိတ်ပူနေတဲ့ကိစ္စက အနိုင်ရ NLDပါတီကို အာဏာလွှဲပြောင်းပေးပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပါ။ ရွေးကောက်ပွဲပြီး နောက်တစ် နေ့(ရွေးကောက်ပွဲကော်မရှင်)က မဲရလဒ်မကြေ ညာနိုင်သေးခင်မှာပဲ NLD ပါတီက အနိုင်ရတယ်ဆိုပြီး သတင်းတွေကတက်နေတယ်။ (မှတ်ချက်- တကယ်လည်း ကော်မရှင်ရဲ့ အပြီးသတ် ရလဒ် ကြေညာတဲ့အချိန်မှာ NLDပါတီဟာ ၇၉ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အနိုင်ရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။)
ဒီလို ရွေးကောက်ပွဲအပြီး နှစ်ရက်တာအ တွင်း NLD က ပြတ်ပြတ်သားသား နိုင်နေပြီ ဆိုတဲ့ သတင်းတွေ နေရာအနှံ့ကတက်နေတော့ ပါတီဝင်တွေရော၊ ပြည်သူတွေရော၊ နိုင်ငံတ ကာကပါ ဦးသိန်းစိန်အစိုးရဟာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းရေးအတွက် ဘယ်လိုလုပ် သွားမလဲဆိုတဲ့ မေးခွန်းတွေ ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်လာပြန်ပါတယ်။ အဲဒီလို သို့လော သို့လော ဖြစ်နေချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့ သုံးဦးဆီကို တစ်ဦးချင်းအလိုက် လိပ် မူပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း စာရေးသား တောင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှု ကို ပထမဆုံး အကြောင်းပြန်ခဲ့သူကတော့ လွှတ် တော်နာယက သူရဦးရွှေမန်းပါပဲ။ ''ဒေါ်အောင် ဆန်းစုကြည်ရဲ့ တောင်းဆိုမှုစာကို လက်ခံရရှိ ကြောင်းနဲ့ တစ်ပတ်အတွင်း တွေ့ဆုံသွားမယ့် အကြောင်း'' အကြောင်းပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှု ကို ဒုတိယအကြောင်းပြန်ခဲ့သူက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ပါ။ ဒါပေမဲ့ ဦးသိန်းစိန်က ကိုယ်တိုင်အကြောင်းပြန်ကြားခဲ့ခြင်း မဟုတ်ဘဲ သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှတစ်ဆင့် ''တွေ့ဆုံလိုမှု မေတ္တာရပ်ခံ စာကို လက်ခံရရှိကြောင်းနဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားချိန်မှ တွေ့ဆုံညှိ နှိုင်းပါမယ်''လို့ တစ်ဆင့်ခံ အကြောင်းပြန်ခဲ့ပါ တယ်။

အဲဒီနေ့မှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲလုပ် ငန်းစဉ်တွေ ပြီးသွားတာနဲ့ သင့်တော်တဲ့နေ့မှာ တွေ့ဆုံမယ့်အကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီလို အကြောင်းပြန်ကြားချက်တွေကို နိုင်ငံ တကာ စောင့်ကြည့်လေ့လာသူတွေက ကြိုဆို ခဲ့ကြပေမယ့် အားလုံးက စိုးရိမ်ပူပန်စိတ်တွေနဲ့ ပါပဲ။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုမှုကို ကြို ဆိုထောက်ခံကြပါတယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံဖို့ သမ္မတဦးသိန်း စိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ဦး ကို ဖိအားပေး မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်နှစ်ဦးကတော့ ဘယ်နေ့ ဘယ်အချိန်မှာတွေ့ပါမယ်လို့ တိတိကျကျ ထုတ် ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

အဲဒီလိုအနေအထားတွေကြောင့် ပြည်သူ တွေကြားမှာ ပူပင်မှုတွေ မသိမသာရော သိသိ သာသာရော ရှိလာကြတယ်။ ''၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို လုပ်ဦးမှာလား''တဲ့။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ် တော်ထဲရောက်လာတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ နှစ်ဦးကြားမှာတော့ ဆက်ဆံရေးတွေကောင်းမွန်ခဲ့တယ်လို့ အားလုံး က သိထားကြပါတယ်။ တကယ်လည်း အသွင် ကူးပြောင်းရေးမှာ ချောချောမွေ့မွေ့ဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတဲ့အခါ မှာ သူရဦးရွှေမန်းက လက်တွဲလုပ်ဆောင်မယ့် အကြောင်း နိုဝင်ဘာ ၁၉ရက် နှစ်ဖက်တွေ့ဆုံမှု အပြီးမှာ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့က ပူးတွဲကြေညာချက်တစ်စောင် ထုတ် ခဲ့ပါတယ်။ နောက်ထပ်လေးရက်အကြာ နိုဝင် ဘာ ၂၃ရက်မှာတော့ နှစ်ဖက်တရားဝင်တွေ့ဆုံပွဲ အပြီးမှာတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန် ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ သူရဦးရွှေမန်းကတော့ NLD ပါတီဟာ အစိုးရဖွဲ့ဖို့ အရည်အချင်း အပြည့်အဝရှိကြောင်းနဲ့ လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှု လုပ်သွားမယ့်အကြောင်း နိုင်ငံခြား သတင်းဌာနတစ်ခုကို ဖြေကြားခဲ့ပါတယ်။

အဲဒီလို သူရဦးရွှေမန်းရဲ့ ထုတ်ဖော်ပြော ဆိုမှုတွေကြောင့် ၂ဝ၁၆ ဇန်နဝါရီ ၃၁ရက်မှာ လွှတ်တော် အကူးအပြောင်းလုပ်ငန်းစဉ်ဟာ ချောချောမွေ့မွေ့ဖြစ်မယ်လို့ အားလုံးက ယုံ ကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျန်တဲ့ကြီးနှစ်ကြီး ဖြစ်တဲ့ သမ္မတနဲ့ကာချုပ်ရဲ့ သဘောထားက ဘယ်လိုဖြစ်မလဲဆိုတာတော့ ဘယ်သူမှ ခန့် မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

နိုဝင်ဘာနောက်ဆုံးပတ်မှာတော့ သမ္မတ ကြီးဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ (၂၇)ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်း အဝေးကို တက်ရောက်ဖို့ရောက်နေတဲ့ အမေ ရိကန်သမ္မတ ဘားရက်အိုဘားမားက ဦးသိန်း စိန်ကို တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါ တယ်။

အဲဒီအချိန်အတောအတွင်းမှာပဲ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဝါရှင်တန်ပို့စ်သတင်းစာနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာ လအတွင်း တွေ့မယ်လို့ ဖြေကြားခဲ့ပါတယ်။ အဲဒီလို တပ်ချုပ်ကြီးက တရားဝင်ပြောလိုက်တဲ့ အချိန်မှာတော့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ အမှန်တကယ်ရုပ်လုံးပေါ်ထွက် လာဖို့ သေချာသလောက်ဖြစ်သွားပါတယ်။ နိုင်ငံ ရေးအကဲခတ်များစွာကလည်း ''၉ဝပြည့်နှစ် တုန်းကလို မဖြစ်နိုင်တော့ပါဘူး''လို့ အပြည့် အဝ လက်ခံလာကြပါတယ်။ မြန်မာနိုင်ငံဟာ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ်များ စွာ နေထိုင်ခဲ့ရတဲ့အတွက် တိုင်းပြည်ရဲ့ကံ ကြမ္မာ အလှည့်အပြောင်းတိုင်းမှာ စစ်တပ်ရဲ့ သဘောထားက အဓိကနေရာမှာရပ်တည်နေ ပါတယ်။ နောက်တစ်ခုက လက်ရှိဖွဲ့စည်းပုံအ ခြေခံဥပဒေကလည်း စစ်တပ်ရဲ့အခန်းကဏ္ဍဟာ မြန်မာ့နိုင်ငံရေးမှာ ထိပ်ဆုံးကပါဝင်နေပါ တယ်။ ဒါကြောင့် ဒီအချိန်မှာ တပ်ချုပ်ကြီးရဲ့ သဘောထားဟာ သိပ်ကိုအရေးပါနေပါတယ်။

၁၉၉ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မှာ NLD ပါတီက အနိုင်ရပြီး အာဏာလွှဲပြောင်း ရေးအတွက် တွေ့ဆုံဆွေးနွေးခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အဲဒီအချိန်တုန်းက တပ် မတော်ရဲ့ ရပ်တည်ချက်ကြောင့် တစ်စုံတစ်ရာ အရာမထင်ခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်ခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးစောမောင်ဟာ အနိုင်ရတဲ့ပါတီကို အာဏာ လွှဲပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်လို့ အတိ အလင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူး ကြီးပြောသလို ဖြစ်မလာခဲ့ပါဘူး။ မြန်မာနိုင်ငံ ဟာလည်း စစ်အာဏာရှင်တိုင်းပြည်တစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ရစရာနဲ့ နှစ်ပေါင်း၂ဝ ကျော် ဖြတ်သန်းခဲ့ရပါတော့တယ်။

ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ရာထူးကို ဆက်ခံခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ် တဲ့ နှစ်ပေါင်း၂ဝနီးပါးကာလအတွင်းမှာတော့ တွေ့ဆုံဆွေးနွေးရေးဟာ ရေထဲကအရုပ်လို အရာ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး အနား ယူသွားတဲ့ ၂ဝ၁ဝပြည့်နှစ် နောက်ပိုင်းမှာလည်း သူ့အာဏာစက်ဟာ ဆက်လက်ရှင်သန်နေခဲ့ သလို ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစု ကြည် ရောက်သွားတဲ့ နောက်ပိုင်းရက်တွေမှာ လည်း တွေ့ဆုံဆွေးနွေးရေးဟာ ပီပီပြင်ပြင်အောင် မြင်မှု မရခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တောင်းဆိုခဲ့တဲ့အချိန်မှာ ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင် စတဲ့ အဖြေမရှိတဲ့ ဆွေးနွေးပွဲနှစ်ခုနဲ့ပဲ နိုင်ငံရေးပြဿနာ တစ်စုံတစ်ရာဖြေရှင်းနိုင်ခြင်း မရှိဘဲ ပြီးဆုံးခဲ့ရပါတယ်။ အဲဒီလိုဖြစ်သွားခဲ့ရ တဲ့ အကြောင်းတရားအားလုံးဟာလည်း နောက် ကွယ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ကြိုး ကိုင်စီစဉ်နေတယ်ဆိုပြီး ပြည်တွင်းပြည်ပ အကဲ ခတ်တွေက ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲပြီးဆုံးတဲ့အချိန်အထိ ဦးသန်းရွှေ ရဲ့သဘောထားဟာ မြန်မာ့နိုင်ငံရေးမှာ တစ်စုံ တစ်ရာ သက်ရောက်မှုရှိနေမယ်လို့ တော်တော် များများက လက်ခံထားကြပါတယ်။

အာဏာလွှဲပြောင်းရေး၊ စစ်တပ်ရဲ့အခန်း ကဏ္ဍ၊ တပ်မတော်ရဲ့စီးပွားရေးလုပ်ငန်းနဲ့ ပြည် တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ရဲ့ ရွေးကောက် ပွဲအလွန် ရပ်တည်ရေး စတဲ့အကြောင်းအရာ များစွာအတွက် လက်ရှိတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခင်တပ်ချုပ်ဟောင်းဦးသန်းရွှေရဲ့သဘော ထားလမ်းညွှန်မှုတွေကို ရယူနေဦးမယ်လို့ အား လုံးက ရှုမြင်ထားကြပါတယ်။ အဲဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ(ငြိမ်း)ရဲ့မြေး နေရွှေသွေးအောင် (ခေါ်) ဖိုး လပြည့်တို့ လျှို့ဝှက်တွေ့ဆုံကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အချိန်မှာတော့ မြန်မာ့နိုင်ငံရေးမှာ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍဟာ ပီပီပြင်ပြင်ရှိနေဆဲပဲဆိုတာ ငြင်းလို့မရတော့ ပါဘူး။ ဒါပေမဲ့ တိုင်းပြည်အတွက် အားတက် စေတာက နေရွှေသွေးအောင်က သူ့ရဲ့ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ်မှာ ''သမိုင်းဝင်ည''ဆိုတဲ့ အသုံးအနှုန်းတစ်ခုကြောင့် အကောင်းဘက်ကို ဦးတည်တဲ့ တွေ့ဆုံမှုဖြစ်ခဲ့မယ်ဆိုတာ သေချာ စေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်လည်း ဒီတွေ့ဆုံမှုကို ဟုတ်မှန်ကြောင်း ဝန် ခံခဲ့တဲ့အတွက် အာဏာလွှဲပြောင်းရေးလုပ်ငန်း စဉ်မှာ အဆင်ပြေမယ့် အနေအထားတစ်ရပ် ဖြစ်ခဲ့ပါတယ်။

၂ဝ၁၅ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက် ပွဲအပြီး ၂၅ရက်အကြာ ဒီဇင်ဘာ ၂ရက်မှာတော့ မြန်မာ့နိုင်ငံရေးမှာ သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ''သမ္မတကြီးနှင့် ဒေါ်အောင် ဆန်းစုကြည် ဒီဇင်ဘာ ၂ရက် နံနက် ၉နာရီ တွင် တွေ့မည်''လို့ နိုဝင်ဘာ ၂၉ရက်မှာ သမ္မတ ရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ နာရီ ပိုင်းအတွင်းမှာပဲ ''တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ် အောင်ဆန်းစုကြည် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ပိုင်းတွင် တွေ့မည်''ဆိုပြီး ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် နှစ်ပေါင်းများစွာတောင်း ဆိုခဲ့တဲ့ ပြည်သူအားလုံးမျှော်လင့်နေတဲ့ တွေ့ဆုံ ဆွေးနွေးရေးဟာ ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၂ရက် မှာ မြင်တွေ့ခွင့်ရခဲ့ပါတယ်။

အခုလို သမိုင်းဝင်တွေ့ဆုံပွဲကြီးဟာ လွယ် လွယ်ကူကူ ဖြစ်ခွင့်ရခဲ့တာတော့ မဟုတ်ဘူး။ တိုင်းပြည်မှာ ရွေးကောက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ ဖမ်းဆီးထောင်ချမှုတွေအပြင် ရဟန်းရှင်လူပေါင်း များစွာရဲ့ အသက်သွေးချွေးမြောက်မြားစွာနဲ့ ရင်းနှီးလာခဲ့ရတာပါ။ ၈၈အရေးတော်ပုံနဲ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတို့လို အတိတ်က အရိပ်ဆိုးကြီးများစွာဟာ မြန်မာ့နိုင်ငံရေးမှာ ထင်ဟပ်နေဆဲပါပဲ။ အထူးသဖြင့် နှစ်ပေါင်း၆ဝ ကျော် လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာလည်း တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးယဉ်ကျေးမှုတစ် ရပ်ကို မဖန်တီးနိုင်ခဲ့လို့ပါပဲ။ ဒါကြောင့် ပြည် သူအားလုံးက ဒီဇင်ဘာ ၂ရက်ကို ကြိုဆိုခဲ့ကြ တယ်။

၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ဟာ ဖွဲ့စည်းပုံအရ သူတို့ခေါင်းဆောင်ကို သမ္မတ တင်ခွင့်မရပါဘူး။ အဲဒီလို သမ္မတဖြစ်ခွင့်မရလို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ''သမ္မတ အထက်ကနေပြီး စီစဉ်မယ်''လို့ ထုတ်ဖော်ပြော ဆိုလိုက်တော့ တစ်ကမ္ဘာလုံး ပွက်လောရိုက်ကုန် ပါတော့တယ်။ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါ တီ ရှုံးနိမ့်သွားတဲ့အတွက် လက်ရှိသမ္မတဦးသိန်း စိန်ဟာ ၂ဝ၁၆ခုနှစ် လွှတ်တော်သစ်၊ အစိုးရ သစ် ပေါ်ပေါက်လာချိန်မှာ သမ္မတအိမ်တော်က စွန့်ခွာရပါတော့မယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေး မှာလည်း ဆက်ပြီးလုပ်ကိုင်သွားဖို့ ရှိမရှိ ဘယ် သူမှ ကံသေကံမ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကတော့ ၂ဝ၁၆ ခုနှစ်မှာ ပေါ်ထွက်လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ နှစ်ခုစလုံးအတွက် အရေးပါတဲ့နေရာက ဆက် ပြီးရှိနေဦးမှာပါ။

လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာ ခိုင်နှုန်းကို တိုက်ရိုက်အမိန့်ပေးနိုင်သူဟာ တပ် ချုပ်ကြီးဖြစ်သလို အစိုးရအဖွဲ့ထဲက ကာကွယ် ရေး၊ နယ်စပ်လုံခြုံရေး၊ ပြည်ထဲရေးစတဲ့ အရေး ကြီးတဲ့ ဝန်ကြီးဌာနတွေကို တိုက်ရိုက်အုပ်ချုပ် ခွင့်ရထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကြည်း၊ ရေ၊ လေ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် လက်ထဲမှာပဲ ရှိနေပါ တယ်။ ရှင်းရှင်းပြောရရင် အတိုက်အခံအင်အား စုတွေ လိုချင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ရေးဟာ ဗိုလ် ချုပ်မှူးကြီးရဲ့ နှုတ်ဖျားကထွက်လာမယ့် Yes or No စကားတစ်ခွန်းပေါ်မှာပဲ မူတည်နေပါ တယ်။ ဒါပေမဲ့ အဲဒီပုဒ်မတွေကို ပြင်ဆင်ခွင့် အတွက် မေးမြန်းတဲ့အခါတိုင်းတော့ ''ဥပဒေ အတိုင်းပဲ ပြင်ဆင်ရမှာပါ''လို့ တပ်ချုပ်ကြီးက အခိုင်အမာဖြေကြားထားပါတယ်။ တစ်ဖက်မှာ လည်း အရင်အစိုးရလက်ထက်ကလုပ်သွားတဲ့ NCA အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုစာ ချုပ်ကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကိစ္စ တွေဟာ လက်ရှိဦးသိန်းစိန်အစိုးရကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို လက်ဆင့်ကမ်း အမွေပေးခဲ့ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မဖြစ်မနေ ဗိုလ်ချုပ်မှူးကြီးနဲ့လက်တွဲပြီး ငါးနှစ်တာခရီးကို ဆက်ရပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ကလည်း နောင်တက်လာမယ့် အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အတိအလင်း ပြောထားတဲ့အတွက် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးဟာ အကောင်းဘက်ကိုဦးတည်မယ့် အနေအထားကို တွေ့နေရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၂ရက်ကတော့ မြန်မာ့သမိုင်းအတွက် အရေး ပါတဲ့ နေ့ရက်တစ်ရက်ဖြစ်ခဲ့ပါပြီ။ ကမ္ဘာ့အဆင်း ရဲဆုံး နိုင်ငံတစ်ခုအဖြစ် နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရတဲ့ ပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့ မျှော်လင့် ချက်ရောင်ခြည်သန်းတဲ့နေ့လို့ ဆိုနိုင်ပါတယ်။ မြန်မာ့နိုင်ငံရေးကို တစ်ရက်တည်းနဲ့ အဖြေရှာ လို့မရနိုင်ပေမယ့် ဒီနေ့ ဒီအခြေအနေ ရောက် လာအောင် နိုင်ငံရေးအခက်အခဲ အကျပ်အ တည်းကြားက ကြိုးပမ်းခဲ့သူအားလုံးကို ချီးကျူး ရမှာဖြစ်သလို နောက်ထပ် ကျန်ရှိနေသေးတဲ့ မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံရေးပုစ္ဆာတွေကိုလည်း ဆက်ပြီး အဖြေရှာနိုင်ကြပါစေလို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

(Yangon Times Journal, Vol-11, No-47)

No comments:

Post a Comment

My Blog List