Friday, December 04, 2015

လာမည့် အစိုးရအပြောင်းအလဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်နိုင်ခြေရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ခန့်မှန်း


လာမည့် အစိုးရအပြောင်းအလဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်နိုင် ခြေရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ တွေ့ဆုံမှုအပြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ၎င်း၏ မှန်းဆချက်ကို ဒီဇင်ဘာ ၃ ရက်က The Ladies သို့ ပြောဆို လိုက်သည်။
“ဒေါ်စုသမ္မတဖြစ်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကျွန်တော်ကတော့ ခန့်မှန်းတာပဲ။ သူက အပြတ်အသတ်လည်း နိုင်ထားတယ်ဗျာ။ နောက် ဖြစ်ခွင့်မပေးဘူး ဆိုရင်လည်း သူကလုပ်မှာပဲ။ သူအင်တာဗျူးမှာ ဖြေထား တာတွေဘာတွေက နိုင်ငံတကာကဖိတ်ရင် သမ္မတနဲ့သွားတက်မယ် ၊ သမ္မတက သူ့ဘေးမှာထိုင်ပေါ့ ဆိုတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် သမ္မတပါဝါကတော့ သူက အပြည့်ယူလို့ရနေပြီ ဆိုတဲ့ အဓိပ္ပာယ်ပေါ်နေ တယ်။ အဲဒီတော့ မထူးဘူးလေဗျာ၊ ကျွန်တော်သာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနေရာမှာ ဆိုလို့ရှိရင်တော့ ဒီလိုအနေအထား မျိုးမှာ ကိုယ့် တိုင်းပြည် သိက္ခာမကျအောင် သူ့ရဲ့နောက်ဆုံးဘ၀ နေ၀င်ချိန်လေးမှာ ကောင်းမှုပြုလိုက်မှာပေါ့”ဟု ဦးရဲထွန်းက The Ladies သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုကဲ့သို့သော တွေ့ဆုံမှုများ နှင့်ပတ်သက် လျှင် ယခင်က သတင်းထောက်များနှင့် သတင်းထုတ်ပြန်ချက်များ၊ သတင်း စာရှင်းလင်းမှုများ ပြုလုပ်လေ့ရှိခဲ့သော်လည်း လတ်တလောတွင်ပြုလုပ်ခြင်း မရှိကြောင်း၊ ထို့အတူ တွေ့ဆုံမှုများအပြီး ပြောဆိုသည့် စကားများသည် လည်း ယခင်တွေ့ဆုံ မှုများနှင့် မတူဘဲ ထူးဆန်းနေသည်ဟု ဦးရဲထွန်းက ဆိုသည်။

“ဥပမာ-သမိုင်းတွင်မယ့် တွေ့ဆုံမှုဖြစ်မှာပါတို့ ဆိုတော့ အမှန်က ဒီဟာက ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီအနေနဲ့ လွှတ်တော်အသစ်ခေါ်ပြီးရင် လုပ်ထုံး လုပ်နည်းအရ သမ္မတနဲ့အစိုးရအဖွဲ့ရွေးပြီး ကျမ်းသစ္စာကျိန်ဆို၊ ကျိန်ဆိုပြီး ရင် အစိုးရအသစ် အလွှဲအပြောင်းလုပ်ရမှာလေ၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဒီဖြစ်စဉ်ကို လုပ်နည်းကိုင်နည်း အဆင့်ဆင့်ကို ဆွေးနွေးတာဆိုရင် ဒီလောက်ကြီး ၀မ်းသာ တာ ဖြစ်စရာမလိုဘူးလို့ ကျွန်တော်ကတော့ ယူဆတာပဲ”ဟုဦးရဲထွန်းကပြောသည်။

ထို့အတူ ပြီးခဲ့သည့် လအတွင်းက ဗိုလ်ချုပ်မှူးကြီးဟောင်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍လည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှု မရှိသည်ကို တွေ့ရသည်ဟု ၎င်းကဆိုသည်။

“ကျွန်တော့်စိတ်ထဲမှာက တစ်ခုခုများ ထူးထူးခြားခြား ရှိသလားပေါ့နော်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင်ဟန့်တားထားတဲ့ ၅၉(စ)ပယ်ဖျက်ရေးကိစ္စ တစ်နည်းနည်း များ အဆင်ပြေသွား လားပေါ့။ သူကအဲ့ဒါကို အခုလက်ရှိ လွှတ်တော်မှာပဲ ဆွေးနွေး၊ ဆွေးနွေးပြီးတော့ လူထုဆန္ဒခံယူရမယ် ဘာညာဆိုတဲ့ အခါကျ တော့ အဲ့ဒါမမီနိုင်ဘူးဆိုရင်လည်း တစ်ယောက်ကို ပြည်သူ့လွှတ်တော်ကနေ တင်ထား၊ ပြီးတဲ့အခါကျမှ နောက် လွှတ်တော်အသစ်ကျမှ သမ္မတအသစ် လက်ထက်မှာပဲ ၅၉(စ)ကိုပြင်၊ တပ်မတော် ကို သူတို့ ပိုင်နိုင်ထားပြီဆိုရင် အခက်အခဲမရှိတော့ဘူးပေါ့၊ ပြီးတော့မှ တင်ထားတဲ့ သမ္မတအသစ်ကနေ ပြီးတော့ နုတ်ထွက်ခွင့်တောင်း ပြီးတဲ့အခါမှ ပြည်သူ့လွှတ်တော် ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်ပေး၊ အဲ့လိုမျိုးတွေ လုပ်မယ်ဆိုရင် လုပ်လို့ ရတာပေါ့” ဟု လည်း ဦးရဲထွန်းက ဆက်လက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် ပုဒ်မ ၅၉(စ)ကိုပြင်ဆင်ရန် အရေးကြီး သည်မှာ တပ်မတော်က သဘောတူရန် လိုအပ်ပြီးဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ သည်လည်း သက်ရှိထင်ရှား ရှိနေခြင်းကြောင့် “သူပြီးရင် ပြီး လောက်တယ်” ဟု တွေးမိကြောင်းလည်း ဦးရဲထွန်းက ဆက်လက်ပြောကြား ခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List