ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အစိုးရဖွဲ့စည်း တဲ့အခါမှာ တိုင်းရင်းသားပါတီများကို ဖိတ်ခေါ် မဟာမိတ်ပြုဖို့ လိုအပ်တယ် လို့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ရခိုင်အမျိုးသားတိုးတက်ရေးပါတီဟာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဒုတိယမြောက် ကိုယ်စားလှယ်အများဆုံး ရွေးကောက်ခံရတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီအနေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် အများစု ရရှိလွှမ်းမိုးခဲ့ပြီ ဖြစ်ပေမယ့် လက်ရှိ ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီး ချုပ်ကို သမ္မတက ခန့်အပ်ရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော် အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါက်တာ အေးမောင်ကို မေးမြန်းထားပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆရာတို့ပါတီရဲ့ ရခိုင်ပြည်နယ်တွင်း အောင်မြင်မှု အခြေအနေလေးကို ပြောပြပေးပါ။
“အောင်မြင်မှု တော်တော်ကောင်းပါတယ်။ ကျနော်တို့ ၆၂ နေရာ ရခိုင်ပြည်နယ်တွင်းမှာ ကျင်းပတာပေါ့ခင်ဗျာ။ စစ်တွေအမှတ် ၂ ကို ပါတီတွင်း ယှဉ်ပြိုင်ဖို့ရာ ခဏလှပ်ထားတယ်။ ဒါပေမယ့် ကျနော်တို့ပါတီကပဲ တဦးနိုင်တယ်။ ဦးကျော်စိုးဆိုတာ။ ၆၃ နေရာ ပြိုင်တဲ့သဘောပေါ့နော်။ အဲဒီမှာ ရခိုင်ပြည်နယ် ပါလီမန်ထဲကို ၂၄ ဦး ရောက်သွားတယ်။ ပါလီမန်ကို ထိန်းချုပ်နိုင်ပါတယ်။ ရန်ကုန်တိုင်းမှာ တိုင်းရင်းသားရေးရာဝန်ကြီးတဦး နိုင်ပါတယ်။ အဲဒါဆိုရင် အကုန်လုံး ၅၅ ဦး နိုင်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ၇၇ ဦး ကျနော်တို့ ပြိုင်ခဲ့တာပါ။”
ဆရာယှဉ်ပြိုင်ခဲ့တဲ့ မာန်အောင်မဲဆန္ဒနယ်နဲ့ ပတ်သက်လို့ရော ဆရာ။
“မာန်အောင်မှာ မနိုင်ပါဘူး။ အမှတ် ၂ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာ ကျနော် အပါအ၀င် ၄ ဦး ပြိုင်ပါတယ်။ ကျနော်က ကျနော့်ပြိုင်ဘက်ကို ပြည်ခိုင်ဖြိုးပါတီက ဦးသာညွန့်လို့ သတ်မှတ်ပြီးမှ ကျနော် ကြိုးစားပါတယ်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်သွားပါတယ်။ နောက် ပါတီအသစ်တခုပေါ့နော်၊ ကျနော်တို့ပါတီဘက်က ခွဲထွက်သွားတဲ့ ပုဂ္ဂိုလ်တချို့ ဖွဲ့စည်းထားတဲ့ပါတီလို့ ပြောလို့ရတာပေါ့။ အဲဒီပါတီရဲ့ အဓိက ထိုးနှက်ချက်၊ ကျနော့်မှာရှိပါတယ်။ အဲဒီပါတီရဲ့ထိုးနှက်ချက်က တော်တော် ကျယ်ပြန့်ပါတယ်။ ပုဂ္ဂိုလ်တဦးဆိုရင် စာအုပ်တွေအများကြီးရေးပြီး သီးသန့်ကို အဲဒီမှာသွားပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာချမှုလည်း ရှိပါတယ်။ ကျနော်တို့ လူထုကို ပြန်ပြီး တင်ပြတာပေါ့နော်။ အဲဒါတွေလည်း ရှိပါတယ်။ နောက် ရခိုင်အမျိုးသားပါတီနဲ့ အန်အယ်လ်ဒီဟာ တပါတီတည်းဖြစ်တဲ့ ပုံစံမျိုးလည်း လူထုအကြားထဲမှာ ဖြန့်ဝေတဲ့ သတင်းတွေကလည်း တောင်ကုတ်၊ သံတွဲ၊ ဂွ၊ အမ်းဘက်မှာ ရှိပါတယ်။”
ဆရာ့ကို ကြိုးစားပြီး မဲထည့်ပေးခဲ့တဲ့ မာန်အောင်က မဲဆန္ဒရှင်တွေအတွက် ကိုရော ဆရာ ဘယ်လို ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
“ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲတခုကို ဖြတ်သန်းပြီးတဲ့နောက်မှာ အရှုံး အနိုင်ဆိုတာ ၂ ခုတော့ ရှိမှာပေါ့။ နိုင်တဲ့သူက ဆက်ပြီးတော့ ဒေသခံတွေရဲ့ လုပ်ငန်းကိုင်ငန်းတွေကို ပိုပြီး ဆောင်ရွက်ပေးရမှာပေါ့။ အဲဒီတော့ ရွေးချယ်ခြင်းမခံရတဲ့ ပုဂ္ဂိုလ်တွေက ဒေသခံတွေနဲ့တော့ ဘာမှနဲ့မဆိုင်ပါဘူး။ လူထုကို ရွေးချယ်နိုင်အောင် ကိုယ့်ဘက်က မစည်းရုံးနိုင်တဲ့ သဘောပဲရှိ တယ်။ ကျနော့်ကို မရွေးချင်ရင်လည်း ပြဿနာမရှိပါဘူး။ ကျနော်တို့ကတော့ ဖွံ့ဖြိုးတိုးတက်တဲ့ ကိုယ့်ဒေသဖြစ်ချင်လို့၊ အထူးသဖြင့် ကျနော့်ရည်မှန်းချက် က မာန်အောင်နဲ့ ရမ်းဗြဲကို တံတားထိုးချင်တယ်။ ခေါင်အုံးမှော်နဲ့ အောင်လှဗျင်ကို ထိုးနိုင်မှ မာန်အောင်ဒေသ ဖွံ့ဖြိုးမယ်။ အဲဒီကဏ္ဍတွေက ကျနော့်ရင်ထဲမှာ အခုထိ ရှိဆဲပဲ။”
ပါတီဥက္ကဋ္ဌတယောက် အနေနဲ့ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက်ကို နိုင်ငံရေးနယ်ပယ်မှာ ဆက်လုပ်သွားမလား၊ မလုပ်ဘူးလား ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းပြောပြပေးပါ။
“ဒါက ပါတီတခုရဲ့ မူဝါဒနဲ့ဆိုင်တယ်၊ ဖွဲ့စည်းပုံနဲ့ဆိုင်တယ်။ ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့နဲ့ ဆိုင်တာပေါ့။ ပါတီအနေနဲ့တော့ ဥက္ကဋ္ဌတဦးအနေနဲ့ရော၊ ပါတီအနေနဲ့ရော အအောင်မြင်ဆုံးဖြစ်အောင်တော့ ရခိုင်တပြည်နယ်လုံးကို ကျနော်တို့ ကြိုးစားဆောင်ရွက်နိုင်ခဲ့တယ်။ ရခိုင်သမိုင်းမှာလည်းပဲ အခုလိုမျိုး ၅၅ ယောက်လောက် နိုင်တဲ့သမိုင်း မရှိခဲ့ဖူးဘူး။ တပြည်နယ်လုံးနိုင်ဖို့ ကျနော်တို့ ကြိုးစားခဲ့ကြတာ။ အဲဒါကြောင့်လည်း ကျနော်တို့က ရခိုင်ပြည်နယ် အလယ်ပိုင်းကို ဆင်းတာ။ ဘာလို့တုန်းဆို ကျနော်တို့မှာက တောင်ပိုင်းဒေသ၊ မြောက်ပိုင်းဒေသဆိုတဲ့ အယူအဆတွေကို တချို့က ၀ါဒဖြန့်ပြီးမှ ကျနော်တို့ အမျိုးသားညီညွတ်ရေးကို ဖြိုခွဲတဲ့အစဉ်အလာ ၆၈ နှစ်ရှိပြီ။ ဒီအစွဲကို ဖျောက်ချင်တယ်။ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) ခေတ်ကနေ အခုထိကိုဟာ၊ အဲဒီတော့ ဒီအစွဲကြီးကို ဖျောက်ဖို့အတွက် မာန်အောင်ကို တမင်ကိုရွေးပြီးမှ ရခိုင်တမျိုးသားလုံး ညီညွတ်ဖို့အတွက် ကျနော်တို့ ကြိုးစားပါတယ်။”
ဆရာ ပထမချမှတ်ထားခဲ့တဲ့ ပြည်နယ်ပါလီမန်ကို ထိန်းကျောင်းရေးကိစ္စကို ကျတော့ ဆရာကိုယ်တိုင် မပါဘဲနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဦးဆောင်မလဲ။
“ပါတီတခုမှာ လွှတ်တော်တွင်း၊ လွှတ်တော်ပ ချိတ်ဆက်မှုမရှိရင် ပါတီ မပေါ်လာဘူး။ ပါတီဆိုတာ ထောင်တာမှာ ပါတီရဲ့ အဓိကတိုက်စစ်မှူးက လွှတ်တော်အမတ် ဖြစ်သွားတာပေါ့။ ဒီမိုကရေစီမှာလည်း ဒီလွှတ်တော်ရွေးကောက်ပွဲ ၀င်ပေါက်ကို မ၀င်ဘဲနဲ့ ဘယ်တော့မှ မိမိပါတီရဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ ခက်တဲ့အခါမှာ အစိုးရအဖွဲ့ကို၊ ဥပဒေပြုမှုမဏ္ဍိုင်ကို ကျနော်တို့ ၀င်လို့ရောက်အောင် ကျနော်တို့ ကြိုးစားမှာပေါ့။ အဲဒီအခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ချက်တွေ ဖျက်ဖို့အတွက်ကျတော့ မဟာဗျူဟာ ချရမယ်။ အဲဒီမှာ ၆၈ နှစ် လွတ်လပ်ရေးလွန်ကာလရှိတယ်။ ဘာအရေးကြီးလဲ။ ကျနော်တို့ အရေးကြီးမှုကို ပြန်ကြည့်။ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်နယ်တည်ဆောက်ရေးမှာ ဘာအရေးကြီးသလဲ၊ ပြည်နယ်တည်ဆောက်ရေး အရေးကြီးတယ်။ ကျနော်တို့သုံးသပ်တယ်။ အဲဒီတော့ ပြည်နယ်ကို ကျနော်တို့က အဓိက အာရုံပြုတယ်။ ပြည်နယ်ကို တည်ဆောက်ဖို့အတွက် ဖွဲ့စည်းပုံက ဘယ်လောက်ထိ ခွင့်ပြုထားသလဲ။ ဖွဲ့စည်းပုံမူဘောင်ကို ကျော်လို့လည်း ကျနော်တို့ မရဘူး။ အဲဒီတော့ ဖွဲ့စည်းပုံမူမှာ ဘာရှိသလဲ ကျနော်တို့ သုံးသပ်တဲ့အခါမှာ ဒီကာလကို ကျနော်တို့က အင်မတန်အရေးကြီးတဲ့ကာလ။ ဒုတိယအကြိမ် ခုလက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံရဲ့ ရွေးကောက်ပွဲကို အရေးကြီးတဲ့ကာလအဖြစ် သတ်မှတ်ပြီးမှ ဖြတ်တာပေါ့။ ဘာကိုဖြတ်သလဲ။ ဖက်ဒရယ်ပြည်ထောင်စုကို မရောက်နိုင်ရင်လည်းပဲ ကိုယ့်ပြည်နယ်ကို ကိုယ်တည်ဆောက်နိုင်တဲ့ အခွင့်ကို ရအောင်ယူရမယ်။ အဲဒီအခါမှာ ပြည်နယ်ပါလီမန်ကို ထိန်းချုပ်နိုင်ရင်၊ ပြည်နယ်တခုလုံးမှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘောင်ထဲက ကျနော်တို့ ဥပဒေပြုမှုမဏ္ဍိုင်ကို ထိန်းချုပ်နိုင်ဖို့ ကျနော်တို့ သုံးသပ်တဲ့အခါမှာ majority (အများစု) ဘယ်လောက်လိုသလဲ။ ၃၄ ယောက်ရှိတဲ့အခါမှာ ၂၄ ဦးဆိုရင် ထိန်းချုပ်နိုင်တယ်၊ အိုခေ။ သူ့ရဲ့ဥပဒေအရ ပါလီမန်ကို ကျနော်တို့ ကိုင်ချုပ်နိုင်ပြီ။ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ကျနော်တို့လွှတ်တော်က တင်ရမှာကိုး၊ ကျနော်တို့ရမယ်။ အဲဒီတော့ အစိုးရအဖွဲ့ဆိုတာကို ဘယ်လိုမျိုး ကန့်သတ်တာလဲ။ ပုဒ်မ ၂၆၁ နဲ့ သမ္မတကြီးက ထိန်းချုပ်တာပေါ့။ အဲဒီတော့ ကျနော်တို့က election period (ရွေးကောက်ပွဲကာလ) ကို pre (အကြိုကာလ)၊ post (အပြီးကာလ) ၂ ခု စဉ်းစားကြည့်ရအောင်။ အဲဒီတော့ Pre Election Period ရွေးကောက်ပွဲကြိုကာလမှာ ပါတီတွေရဲ့ သူ့ရဲ့ Menifesto (ကြေညာစာတမ်း) ကို သုံးသပ်တယ်။ Post Election Period ရွေးကောက်ပွဲပြီးကာလမှာ ဘယ်လိုချဉ်းကပ်သင့်သလဲ။ အဲဒီနှစ်ခု ချဉ်းကပ်တဲ့အခါမှာ အန်အယ်လ်ဒီရဲ့ ချဉ်းကပ်မှုဟာ Ruling Party ရဲ့ မဟာမိတ်ချိတ်ဆက်မှုနဲ့ လေ့လာရမယ်။
“အဲဒီမှာ ပုဒ်မ ၂၆၁ သည် မဟာမိတ်ချိတ်ဆက်မှု ရှိခဲ့လို့ရှိရင် တိုင်းရင်းသားပါတီများနဲ့ လက်တွဲပြီးမှ ပြည်ထောင်စုကို၊ စစ်မှန်တဲ့ ပြည်ထောင်စုကို အဖြစ်ပုံဖော်ဖို့ လမ်းကြောင်းပေါ်ခဲ့လို့ရှိရင်၊ ပုဒ်မ ၂၆၁ ဆိုတာ က အမည်ခံသက်သက် ဖြစ်သွားမယ်။ အဲဒီတော့ သမ္မတကြီးသည် ဒီမိုကရေစီကို အခြေခံပြီးမှ တင်မြှောက်တဲ့ သမ္မတကြီးအဖြစ် ခံယူမယ်ဆိုရင်၊ စစ်မှန်တဲ့ ပြည်ထောင်စုတခုရဲ့ မူဘောင်ကိုလည်း သွားချင်တယ်လို့ သတ်မှတ်တဲ့ ပါတီကြီးတခုက အခြေခံတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လို့ရှိရင် ပုဒ်မ ၂၆၁ ကို ကျနော်တို့ ဘာမှ စိုးရိမ်စရာပုဒ်မအဖြစ် မသတ်မှတ်တော့ဘူး။ အဲဒါကြောင့်မို့လို့ ပါလီမန်ကို Majority အများစုလွှမ်းမိုးတဲ့ ပါတီ၏ တာဝန်ပေးထားတဲ့ပုဂ္ဂိုလ်၊ ပါလီမန်အမတ်တွေက တာဝန်ပေးထားတဲ့ပုဂ္ဂိုလ်၊ ဘယ်လိုပဲဖြစ်ဖြစ် ၀န်ကြီးချုပ်အဖြစ် သူလျာထားနိုင်တယ်။ အဲလို လျာထားဖို့အတွက် ကျနော်တို့ တွေ့တဲ့အခါမှာ ပါလီမန်ကို ထိန်းချုပ်မယ်၊ အစိုးရကို ဖွဲ့မယ်လို့ ကျနော် ဦးတည်ပြီး ကျနော် ဒီဘက်ကို Emphasize (အလေးပေး) လုပ်တာကိုး။ ကျနော်တို့ မျှော်လင့်တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လက်ရှိအခင်းအကျင်းမှာ ပါတီတခုတည်းကနေ ruling party ဖြစ်ဖို့ ပြည်ခိုင်ဖြိုးလို ကြိုးစားနေတယ်။ ဒါလည်းပဲ သူ့ရဲ့ရည်ရွယ်ချက် မဟာဗျူဟာကို ကျနော်တို့ ပြန်သုံးသပ်နေတယ်။ သို့သော် သူ့ရဲ့ ပါလီမန်အတွင်း မဟာမိတ်ချိတ်ဆက်မှု မရှိခဲ့လို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြင်ဖို့ ကြွေးကြော်လာတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ အားနည်းချက် သူ့မှာရှိသွားတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဓိကမဏ္ဍိုင်ထားတဲ့ ပြည်ထောင်စုအစိုးရဆိုရင် တိုင်းရင်းသားပါတီများနဲ့ လက်တွဲပြီးမှ Coalition Government (ညွန့်ပေါင်းအစိုးရ) ဖွဲ့ဖို့လိုမယ်။ အဲဒီလို ဖွဲ့ခဲ့လို့ရှိရင် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ၊ ဗဟိုနဲ့ Local Government (ပြည်နယ်အစိုးရ) ထိန်းညှိနိုင်မယ်။ အဲဒါကြောင့် ကျနော်တို့ ပြည်နယ်ပါလီမန်ကို ထိန်းချုပ်တဲ့ ရခိုင်အမျိုးသားပါတီနဲ့ ပြည်ထောင်စုအစိုးရမှာ ဖြစ်လာမယ့် မဟာမိတ်ပြုတဲ့ အစိုးရပေါ့နော် (Coalition Government) ခေါ်မှာပေါ့။ သူဟာ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခင်းအကျင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ အဲဒီအတွက်လည်း ကျနော်တို့ ရခိုင်အမျိုးသားပါတီဘက်ကတော့ အစည်းအဝေးကျင်းပအပြီးမှာ ပါတီရဲ့မူဝါဒက ဘယ်လို၊ တဘက်ပါတီကြီးတွေက ဖိတ်ခေါ်ခဲ့လို့ရှိရင် ဘယ်လိုဆက်လက် ဆောင်ရွက်မှာလဲ။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ရခိုင်တို့ရဲ့ကဏ္ဍကို ဘယ်လို ပြန်တည်ထောင်မှာလဲ ဆိုတာမျိုး၊ တည်ဆောက်မှာလဲ ဆိုတာမျိုးကို ပါတီဗဟိုကော်မတီ အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးမှ ဘယ်လိုပူးပေါင်းမလဲဆိုတဲ့ မူတခုကို ဒီကြားထဲမှာ ချမှတ်နိုင်မယ်။”
လက်ရှိမှာဆိုရင် အန်အယ်လ်ဒီက နိုင်ငံနေရာ တော်တော်များများမှာ ရာခိုင်နှုန်း တော်တော်များများ နိုင်တာလည်း တွေ့ရတယ်။ ရခိုင်အမျိုးသားပါတီ အနေနဲ့ရော အန်အယ်လ်ဒီနဲ့ ပူးပေါင်းပြီး ပြည်ထောင်စုအဆင့်မှာ ၀န်ကြီးနေရာ ဘယ်နှစ်နေရာလောက်ကို တောင်းဖို့ စီစဉ်ထားတာရှိလဲ။
“ကျနော်တို့မရှိဘူး။ အန်အယ်လ်ဒီ၊ အန်အယ်လ်ဒီကကို တိုင်းရင်းသားပါတီများကို ဖိတ်ခေါ်ရမှာ၊ ကျနော်တို့က သူတို့ကို ပေးပါလို့ မတောင်းအပ်ဘူး။ ကျနော်ပြောတာ ပြည်ထောင်စုစစ်စစ်မှန်မှန်ကို သွားလိုတဲ့ ဒီမိုကရေစီအစိုးရ၊ တိုင်းရင်းသားများနဲ့ လက်တွဲပြီးမှ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုတဲ့ မဟာဗျူဟာရှိတဲ့ ပါတီမူဝါဒရှိတဲ့ ပါတီဆိုခဲ့လို့ရှိရင် နိုင်ပြီးပြီ၊ Landslide သောင်ပြိုကမ်းပြို၊ အစိုးရဖွဲ့နိုင်တဲ့အင်အား သူ့မှာ ဘယ်လောက်ပဲရှိရှိ ပြီးခဲ့တဲ့အစိုးရရဲ့ လုပ်နည်းကိုင်နည်းကို ပြန်လှန်သုံးသပ်ပြီးမှ တို့ချည်းသက်သက် အစိုးရဖွဲ့ခြင်းသည် တင့်တယ်၏၊ မတင့်တယ်၏။ အဲဒီလိုဖွဲ့ခြင်းအားဖြင့် အဓိကမဏ္ဍိုင်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းနိုင်၊ မပြောင်းနိုင် တခုချင်းသုံးသပ်ပြီးမှ တိုင်းရင်းသားပါတီများကို ဖိတ်ခေါ်ရမယ်။ တိုင်းရင်းသားပါတီများကို မဟာမိတ်ပြုဖို့ သူကြိုးစားရမယ်။ ဆွေးနွေးပြီးမှ ပြည်ထောင်စုကို အတူ ဦးထမ်းပဲ့ရွက် လုပ်ကြရအောင်လို့ ညီအစ်ကိုချင်းပုံစံ ဒါမျိုးဖိတ်ခေါ်တဲ့ အခါမျိုးမှာ ကျနော်တို့ရဲ့ ပါတီတွင်း အစည်းအဝေးတွေကို ပါတီတိုင်း ကျင်းပပေးရမှာပေါ့ တိုင်းရင်းသားပါတီတွေက။ အဲဒီအခါမှ ဒီပါတီကြီးရဲ့ ဖိတ်ခေါ်မှုကို ၀မ်းပန်းတသာ ကြိုဆိုသင့်သလား၊ ငြင်းဆန်သင့်သလားဆိုတာ ကျနော်တို့ ပါတီတိုင်းပေါ့ဗျာ၊ တိုင်းရင်းသားပါတီတိုင်းက ညှိနှိုင်းရမယ်။ ပြီးမှ ကြိုဆိုသင့်ရင် ကြိုဆိုမယ်၊ ဘာကြောင့်ဆို ပူးပေါင်းမှု၊ မဟာမိတ်ပြုမှုမရှိရင် ပြည်ထောင်စုက ဘယ်တော့မှ အမျိုးသားရင်ကြားစေ့ရေးကို မသွားနိုင်ဘူး။ ကျနော်တို့ ပြောတာက ဥပမာ-ပြည်ထောင်စုမှာ လူမျိုးကြီး ၈ မျိုးရှိတယ်။ ပြည်မမှာ ဗမာအများစုရှိတယ်။ ဗမာ သဘောထားကြီးဖို့လိုတယ်။ အဲဒီ သဘောထားကြီးမှုကို တိုင်းရင်းသား၊ ဒုတိယတန်းစားလို ခံစားနေရတဲ့ တိုင်းရင်းသားတွေကို ‘ကျနော်တို့ သဘောထားကြီးပါတယ်၊ စစ်မှန်တဲ့ပြည်ထောင်စုကို တည်ဆောက်ချင်ပါတယ်’ လို့ မပြောဘဲနဲ့ တိုင်းရင်းသားတွေ တစာစာတောင်းနေတဲ့ လက်နက်ကိုင်ပဋိပက္ခ ဘယ်တော့ပြီးမှာလဲ။ ကျနော်တို့က ကျနော်တို့ကို အစိုးရဖွဲ့ခွင့်ပေးပါ၊ ကျနော်တို့ ပါချင်ပါတယ်လို့ မည်သည့်တိုင်းရင်းသား လူမျိုးငယ်ပါတီမှ တောင်းမှာမဟုတ်ဘူး။ မီးတိုင်ငယ်လည်း သူ့အရွယ်နဲ့ အစွယ်နဲ့။”
ပါတီမှာ တိုင်းပြည်အပြောင်းအလဲအတွက် လူငယ်တွေနဲ့ အားဖြည့်ပြီးတော့၊ လူငယ်တွေနဲ့ အစားထိုးတာ ပြန်လည်ဖွဲ့စည်းဖို့ရော မရှိဘူးလား။
“ကျနော်တို့ ပါတီတိုင်း နိုင်ငံရေးလုပ်မယ့် လူငယ်တွေကို ကြိုဆိုတယ်။ ကျနော်ပြောပါတယ်။ ဥပမာ ကျနော် ကမ်ပိန်းတခုကို ဦးဆောင်ခဲ့တဲ့ ဥက္ကဋ္ဌ၊ ကျနော်ပြောတယ်။ ဒီအော်ပရေးရှင်းကြီးတခုလုံး ကျနော့်မှာ တာဝန်ရှိတယ်။ အဲဒီတော့ အောင်မြင်တယ်၊ မအောင်မြင်ဘူးကတော့ ပြည်သူသုံးသပ်၊ ပါတီသုံးသပ်။ ကျနော် ဒီအော်ပရေးရှင်းမှာ မအောင်မြင်ဘူး၊ ကျနော့်ကိုယ်ကျနော် သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆို ကျနော် မာန်အောင်ကို မအောင်မြင်ဘူး။ တမျိုးသားလုံးကို သွေးစည်းညီညွတ်အောင်၊ တောင်ပိုင်း မြောက်ပိုင်းဆိုတဲ့ အစွဲကို ပျောက်အောင် ကျနော် မဖျောက်နိုင်ဘူး။ အဲဒါ ကျနော့်မှာ တာဝန်ရှိတယ်။ အဲဒီတော့ ကျနော့်ကို မည်သည့်လူငယ်ခေါင်းဆောင်မဆို ပါတီဥက္ကဋ္ဌတာဝန်ပေးဖို့ရှိရင် ကျနော်က ကြိုဆိုပြီးမှ နေရာဖယ်ပေးမယ်။ ကျနော်လည်း နောက်ကနေ အားပေးမယ်။”
ဆရာ့အနေနဲ့ ဒီကနေတဆင့် ရခိုင်ပြည်သူတွေကို ဘာပြောချင်လဲ။
“နိုင်ငံရေးမှာတော့ ရှုံးခြင်း၊ နိုင်ခြင်းဆိုတာ ကာလသတ်မှတ်ချက် ရှိပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲတခုမှာ မနိုင်ဘူးဆိုပေမယ့်လို့လည်း ထာဝရရှုံးသွားတာ မဟုတ်ပါဘူး။ ကျနော်တို့ ဆောင်ရွက်နိုင်တာတွေ အများကြီး၊ ပြည်သူ့ကိုယ်စား လုပ်နိုင်တာတွေ အများကြီးပါ။ ကျနော်တို့ကတော့ ဦးတိုက်ထားတဲ့ မိဘပြည်သူများအတွက် ဘယ်နေရာကပဲဖြစ်ဖြစ်၊ ဘယ်နေရာကပဲ သည်ပိုးသည်ပိုးရ၊ လွှတ်တော်အမတ် မဟုတ်သေးလည်းဘဲ ရတဲ့ကဏ္ဍလေးက ဆောင်ရွက်ဖို့ အစီအစဉ်ဆွဲထားပါတယ်။ ပါတီသည် လူထုနဲ့ ထပ်တူကျတဲ့ပါတီ ဖြစ်သွားရင် ကျေနပ်ပါတယ်။ ကျနော်တို့ကိုယ်စား၊ ပါတီကိုယ်စားပေါ့ဗျာ ရွေးချယ်ခံဖြစ်သွားတဲ့ လွှတ်တော်အမတ်တွေကိုလည်းပဲ ပြည်သူတွေကို ထိန်းကွပ်ပေးကြပါ၊ ကြီးကြပ်ပေးကြပါ။ အဲဒီတော့ ပြည်သူ့အမတ်များသည် တကယ့် ပြည်သူ့ကိုယ်စားပြုတဲ့ အမတ်တွေအဖြစ် ဒီကာလမှာ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်ပြီဆိုရင် ပါတီလည်းပဲ ကျေနပ်ပါတယ်။”
DVB
No comments:
Post a Comment