Saturday, August 08, 2015

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် တော့မည်မဟုတ်ကြောင်း ဩဂုတ် ၇ ရက်၌ ထုတ်ဖော်ပြောကြားသည်။  ဦးကိုကိုကြီးသည် ရွေးကောက်ပွဲ ဝင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းခဲ့ပြီး ၎င်းကို ထောက်ခံ သည့်ပြည်သူလူထုနှင့်  ဒီမိုကရေစီအင်အားစုများက  အောင်နိုင်ရေးနှင့် မဲဆွယ်စည်းရုံးရေးများအတွက် ဦးကိုကိုကြီးကို ဝန်းရံ ရေးလုပ်ဆောင်နေချိန်တွင် ဒီချုပ်ကထုတ်ပြန်လိုက်သည့်ကိုယ်စားလှယ် လောင်းစာ ရင်း၌ ဦးကိုကိုကြီးပါဝင်လာခြင်းမရှိခဲ့ပေ။  

ဒီချုပ်ကိုယ်စားလှယ်လောင်းစာရင်းနှင့်ပတ်သက်၍ ဒီမိုကရေစီအင်အားစု များအချင်းချင်းကြား စိတ်ဝမ်းကွဲ မှုနှင့် အားပြိုင်မှုများ၊ တစ်ဖက် နှင့်တစ် ဖက်ငြင်းခုံဖြေရှင်းမှုများ ပင်ရှိခဲ့သည်။ ထိုအကြောင်းကို ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင်များကမူ တစ်စုံတစ်ရာပြောကြားခဲ့ခြင်းမရှိ ခဲ့သော်လည်း ဒီချုပ်ဗဟိုကော် မတီဝင်အချို့က ၈၈ ကျောင်းသားခေါင်း ဆောင်များကိုမရွေးချယ်ရခြင်းနှင့်ပတ်သက်၍ မီဒီယာများမှတစ် ဆင့် ဖြေကြားခဲ့ခြင်းများရှိခဲ့သည်။

ဩဂုတ် ၆ ရက်က ဒေါ် အောင်ဆန်းစုကြည်နှင့်  ဦးကို ကိုကြီး၊  ဦးမြအေး၊ ဦးဂျင်မီတို့ တွေ့ဆုံပြီး   နောက် တစ်ရက်တွင် ဦးကိုကိုကြီးက ၈၈ ကျောင်း သား ခေါင်းဆောင်များ၏ နိုင်ငံရေးရည် မှန်းချက်နှင့် ရပ်တည် ချက်များ လက်ရှိ ဒီမိုကရေစီအင်အားစုများ ကြား စိတ်ဝမ်းကွဲမှုများမဖြစ်ပွား စေရေးနှင့် ရွေးကောက်ပွဲမဝင် ရန် ဆုံးဖြတ်ရသည့်အကြောင်းရင်း တို့နှင့်ပတ်သက်၍ ဩဂုတ် ၇ရက်  တွင် 7Day Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မနေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးကိုကိုကြီးတို့တွေ့ဆုံမှုအပေါ်မှာ   လူထုက လက်ရှိ ဒီချုပ်ကိုယ်စား လှယ်လောင်းစာရင်းမှာမပါခဲ့တဲ့  ဦးကိုကိုကြီးတို့နဲ့ပတ်သက်လို့ အပြောင်းအလဲပြန်လုပ်မလားဆိုတဲ့ မျှော် လင့်ချက်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကနေ ဘယ်လိုဆုံးဖြတ်ချက်တွေပေါ်ပေါက်လာ ပါသလဲ။

ကျွန်တော် ရွေးကောက်ပွဲဝင် မယ်လို့ကြေညာခဲ့တာ တစ်နှစ်နီး ပါးရှိနေပါပြီ။ လွှတ်တော်နိုင်ငံ ရေးကို ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်အစောကြီးက တည်းက ပြောထားပြီးပါပြီ။ ကျွန်တော်တို့ တစ်လျှောက် လုံး လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ခဲ့တာကနေ ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့လေ့လာမှု၊ ကျွန်တော် တို့ရဲ့ ဖြတ် သန်းမှုအတွေ့အကြုံတွေကို ထဲ ထဲဝင်ဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံ ရေးပုံစံတစ်ခုပြောင်းဖို့လိုပြီ လို့မြင်တယ်။ ဆုံးဖြတ်ခဲ့တယ်။ ရွေး ကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အခါ မှာလည်း ဒီမိုကရေစီအင်အားစု တွေ အားကောင်းအောင်၊ ရှုပ်ထွေးမှုတွေမဖြစ်အောင်၊ ရှင်းရှင်း လင်းလင်းပြောရရင် မဲမကွဲအောင်ကျွန်တော် NLD  က လျှောက် လွှာတင်ခဲ့တယ်။

နိုင်ငံရေးဟာ တစ်နိုင်ငံလုံး ရဲ့အရေးဖြစ်တယ်။ တစ်နိုင်ငံလုံး အရေးဖြစ်တဲ့ အတွက် သဘော ထားကြီးကြီး၊ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးတော့ တုံ့ပြန်ခဲ့ တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ ကျွန်တော်မီဒီ ယာတွေကို ဘာတစ်ခုမှထုတ်မပြောခဲ့ဘူး။တမင်ကိုကျွန်တော်မပြောခဲ့တာ။ရေငုံနှုတ်ပိတ် နေခဲ့တယ်။ အန်တီ က ကျွန်တော်တို့ကိုတွေ့တဲ့အခါ မှာ လူထုစိတ်ပျက်အား ငယ်သွား မှာစိုးလို့ ကျွန်တော်တို့ဒီအခြေ အနေကိုပြန်ပြီးကုစားဖို့လိုတယ်။ အဲဒီတော့ လူထုကိုကျွန်တော်တို့ နှစ်ဖွဲ့ပေါင်းပြီးတော့ တစ်ခုခု သတင်း စကား ပါးဖို့လိုတယ်လို့ ကျွန်တော်တို့ ပြောပါတယ်။ နောက်ကျွန်တော်တို့ပါတီ ထောင်ဖို့ ဆန္ဒ ရှိတယ်လို့ လည်း အန်တီ့ကိုပြော ခဲ့ပါတယ်။

အခုလည်း ကျွန်တော်တို့ဆုံး ဖြတ်လိုက်ပြီ။ ဒီရွေးကောက်ပွဲကို မ၀င်တော့ဘူး။ မ၀င်တော့ဘူးလို့ ဆုံးဖြတ် လိုက်တာဟာ အရင်ကတည်းက မဲကွဲမှာစိုးလို့ ကျွန်တော် NLD ကနေ ၀င်ဖို့လုပ်ခဲ့တာ။ အခု NLD က မရွေးချယ်တဲ့နောက် ထပ်ပြီး မဲကွဲမယ့်အခြေအနေမျိုး ဖြစ်လာမှာစိုးလို့ မ၀င်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။ ဒီဆုံးဖြတ် ချက်အတွက် ကျွန်တော်တောင်း ပန်ရမယ့် လူတွေရှိတယ်။ ကျွန် တော့်ကိုအောင်နိုင်ရေးလုပ်ပေး ဖို့၊ မဲထည့်ဖို့၊ တချို့ဆို စင်ကာပူ ကနေ ဦးကိုကိုကြီးကို မဲထည့်ဖိုဆို ပြီး ပြန်လာမယ့်သူတွေတောင်ရှိ နေ တယ်။ နောက် တိုက်တိုက် တွန်းတွန်းပြောနေတဲ့ ကျွန်တော့် ပြည်သူ တွေကို ပြောချင်ပါတယ်။ နိုင်ငံရေး ဆိုတာ ဒီတစ်ကွေ့တည်း မဟုတ်ပါဘူး။ သူတို့ဆန္ဒကို မ လိုက်လျောပေးနိုင်ခဲ့တဲ့အတွက် နောက်ကျွန်တော် စဉ်းစားတာ တစ်ခုက ကိုယ့်ကြောင့်၊ ကိုယ့်ဆုံး ဖြတ်ချက်တစ်ခုကြောင့် ဒီမိုကရေ စီအင်အားစုတွေ မဲဆန္ဒ နယ်တစ်ခု ဆုံးရှုံးသွားတယ်။ တစ်ဖက်က နိုင် သွားတယ်ဆိုတာမျိုးမဖြစ်စေချင်လို့ ကျွန်တော့်ကို တစ်သီး ပုဂ္ဂလ ပြိုင်စေချင်တဲ့ ပြည်သူတွေရဲ့ဆန္ဒ ကိုလည်း မလိုက်လျောပေးနိုင်တဲ့ အတွက် ကျွန်တော့်ကိုနားလည် ပေးပါ။ ဒါပေမဲ့ ကျွန်တော်နိုင်ငံ ရေးမှာသေတစ်ပန် သက်ဆုံး အကျိုးပြုလုပ်ကိုင်ဖို့   ပြင်ဆင်ထားပါတယ်။ ရေရှည်နိုင်ငံရေးကို ဆက်ပြီးတော့ အားပေးကြပါလို့။

ဒါဆို အခုရွေးကောက်ပွဲနဲ့ပတ် သက်လို့ ဦးကိုကိုကြီးရဲ့ရပ်တည် ချက်က ဘယ်လိုရှိပါသလဲ။
၂၀၁၅ ရွေးကောက်ပွဲအ တွက် ကျွန်တော်တို့ရပ်တည်ချက် ကတော့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေကို ၀န်းရံမယ်ဆိုတဲ့ NLD နဲ့ပူးတွဲကြေ ညာချက်ထုတ်တားတဲ့အတိုင်းပဲ ဆက်လက်ရပ်တည်သွားမှာပဲ။ ကျွန်တော်ပြောတဲ့စကားလုံးက အရေးကြီးပါတယ်။ ဒီမိုကရေစီ အင်အားစုများပါ။ ဒီမိုကရေစီ အင်အားစုလို့ ကျွန်တော်ယုံကြည် ရတဲ့လူပုဂ္ဂိုလ်တွေကို ၀န်းရံသွား မယ်။ တိုင်းရင်းသားအင်အားစု တွေကို ၀န်းရံမယ်။ အဲဒီရပ်တည် ချက်အတိုင်း ကျွန်တော်တို့၂၀၁၅ အထိသွားမယ်။

ကျွန်တော်တို့သွားမယ့် ရေ ရှည်နိုင်ငံရေးဟာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကြောင့် ၂၀၁၅ ရွေး ကောက်ပွဲ အပေါ်မှာတစ်စုံတစ်ရာ ဖြစ်သွားမှာကိုတော့ အဖြစ်မခံ ဘူး။ ၂၀၁၅ ကွက်ကွက်ကလေး အတွက် လုပ်မှာ မဟုတ်ဘူး။ အထူးသဖြင့် ရွေးကောက်ပွဲအပေါ် ပြည်သူတွေ အာရုံမရှုပ်ထွေး အောင် မူဝါဒတွေ ချပြစည်း ရုံးသွား မယ်။ ကျွန်တော်တို့ရဲဘော်တွေ၊ ပြည်သူတွေအတွက်လည်း နိုင်ငံ ရေးဆိုတာ မူဝါဒကိုရွေးချယ်ရ တာဖြစ်တယ်ဆိုတာ နားလည် လာဖို့လိုတယ်။ ဘာကြောင့်လဲဆို တော့ နှစ် ၃၀ ကျော်အတွေ့အကြုံ လေ။ တကယ့်မှန်ကန်တဲ့ ဦး ဆောင်မှု၊ ၀ါဒတွေချမှရမယ်ဆို တာ ကျွန်တော်တို့ရှစ်လေးလုံးပန်း တိုင်ကိုရောက် ဖို့ပဲ။

ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် များအပေါ် နက်နက်ရှိုင်းရှိုင်း ထောက်ခံနေ တဲ့သူတွေကတော့ အားမလျှော့ဘဲ ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့ ဖွဲ့တဲ့အခါမှာများ ပါကောင်းပါလာနိုင် မလားဆိုတဲ့ မှန်းဆချက်တွေလည်း  ရှိနေပါတယ်။ ဒီလို Appointed တစ်ခုခုများကမ်းလှမ်းခံလာရတာ မျိုးဖြစ်လာရင်ကော ဘယ်လိုဆုံးဖြတ်ပါ မလဲ။ကျွန်တော်က ရွေးကောက်ပွဲ ရလဒ်ကို ကိုယ့်ကြောင့်တစ်စုံ တစ်ရာအထိအခိုက်မခံနိုင်လို့ မ၀င်ဘူး ပြောလိုက်တာ။ နိုင်ငံရေးတာဝန် နဲ့ပတ်သက်လို့တော့ ကျွန်တော် က တာဝန်ကို ဘယ်တော့မှခေါင်း ရှောင်တတ်တဲ့သူမဟုတ်ပါဘူး။ ကျွန်တော်ပြည်သူတစ်ရပ်လုံးကို အကျိုး ပြုနိုင်တဲ့ အခြေအနေတစ်ခု ဘယ်လိုအခြေအနေပဲရရ ကျွန်တော်လုပ်နိုင်သလောက်တော့ ဆောင်ရွက်သွား မှာပဲ။ တစ်ခုတော့ ရှိတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်မှာ မဲအများဆုံးရဖို့ အစိုးရ အဖွဲ့နိုင်တဲ့ စနစ်မဟုတ်ဘူး။ သမ္မတဖြစ်မှသာလျှင် အစိုးရကို ဖွဲ့စည်းနိုင်တာဖြစ်တယ်။ အခုအခြေအနေမှာ ကျွန် တော်စိုးရိမ်တယ်။ သမ္မတဖွဲ့နိုင် လောက်တဲ့အမတ်အရေအတွက် လွှတ်တော်ကိုယ်စားလှယ် အရေ အတွက် ရဖို့ဆိုတာဟာ တော်တော့်ကို မေးခွန်းထုတ်စရာဖြစ်တယ်။ ဘယ်သူက သမ္မတဖြစ်နိုင်တဲ့ မဲအရေ အတွက်ကိုရမလဲ။

သမ္မတအရည်အချင်းမှာ ကျွန်တော်တစ်ခုပဲ အာရုံစိုက် တယ်။ ဖြစ်လာတဲ့ သမ္မတဟာ လက်ရှိရှိနေတဲ့ အကွဲ အပြဲတွေ၊ ပါတီတစ်ခုချင်းစီမှာရှိတဲ့ ပြဿ နာတွေ၊ လူ့အဖွဲ့အစည်းထဲမှာရှိ တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင် ဖို့ပဲ။ စစ်ရေးအမြင်တွေဆိုတာထက် နိုင်ငံတော်ကို ဘယ်လိုပြန်ပြီးစုစည်းနိုင်မလဲဆိုတာ ကျွန်တော်တို့နိုင်ငံ ရဲ့ သမ္မတအတွက် အရည်အချင်းပဲ။ အဲဒီလို လူမျိုးကိုရရင်တော့ ကျွန်တော်တို့ပြည်သူတွေ လူထုအတွက် ကောင်းခြင်း မင်္ဂလာပေါ့။

အဲဒီလိုမဟုတ်ဘဲ အကွဲတွေ ကိုကိုင်ပြီးကစားတာ၊ အကွဲတွေကို စုစည်းတာ မဟုတ်ဘဲ အကွဲတွေထဲမှာမှ အကွဲအကြီးကြီးကိုကိုင်ပြီး ကစားမယ်ဆိုတဲ့ စိတ်ကူးနဲ့ ကြိုးစားချက်ကတော့ တိုင်းပြည် အတွက်အန္တရာယ် ကြီးတယ်။ ဒီမိုကရေစီမှာ တိုင်းပြည်အတွက် ဘယ်လောက်အလုပ်အကျွေးပြု မယ်ဆိုတာပဲဖြစ်သင့်တယ်။ ကိုယ့်ကိုကိုယ်စားပြုတဲ့ အင်အား စုမကဘဲ နိုင်ငံ့အကြီးအကဲ Head of State ဆိုတာ ကိုယ့်ကို မထောက်ခံ တဲ့အင်အားစု တွေကိုပါ ကိုယ်စားပြုပြီး အကြီးအကဲလုပ်ရမယ်။။ အဲဒီ Concept ပျောက်ပြီးတော့ အုပ်စုတွေ ကြားထဲကလူ တွေပဲ သမ္မတဖြစ်မယ်ဆိုရင်တိုင်း ပြည်က ပိုပြီးအန္တရာယ်ကြီးတယ်။

ဒီမိုကရေစီအင်အားစုတွေကြား မှာ လူထုစိုးရိမ်သလိုမျိုး အကွဲအ ပြဲတွေ ဖြစ်နေတာတွေ ဆက်ပြီးမ ကြီး ထွားအောင် အင်အားစုတွေ အချင်းချင်း ဘယ်လိုဆက်ပြီး စု စည်းလုပ်ဆောင်သွားဖို့ရှိလဲ။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်တယ်ဆိုတာ သက်ဆိုင် ရာလူပုဂ္ဂိုလ် အဖွဲ့အစည်းများရဲ့ အခွင့်အရေးပဲ။ ရွေးကောက်ပွဲနိုင် လို့ လွှတ်တော်ထဲ ရောက်သွားရင် လည်း ဒီအင်အားစုတွေအချင်း ချင်းပဲ ပြန်တွေ့ရမှာပဲ။ ဥပမာ တကယ်လို့ ဒေါ်ညိုညိုသင်းဝင် ပြိုင်လို့ အနိုင်ရသွားရင်တောင်မှ လွှတ်တော်ထဲမှာ ဒီအင်အားစု တွေ ပူးပေါင်းဆောင်ရွက်သွားကြ ရမှာဆိုတော့ အနုတ်လက္ခဏာ ဖြစ်မယ်လို့တော့ မထင်ပါဘူး။

သမ္မတဦးသိန်းစိန်က မကြာခင်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောသွားပါတယ်။ တိုင်းပြည်ကို ဦးဆောင် နိုင်မယ့် လူငယ်လူလတ် ပိုင်းတွေမရှိတဲ့အတွက် သူဒုတိယ သက်တမ်းကို ထမ်းဆောင်ဖို့ဆန္ဒရှိပါ တယ်တဲ့။ နှစ် ၃၀ နီးပါးဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့ ဦးကိုကိုကြီးတို့ မျိုးဆက်အနေနဲ့ သူ့မှတ်ချက်အပေါ်မှာဘယ်လို တုံ့ပြန်လိုပါသလဲ။

လူငယ်တွေမှာ အဲဒီလိုအ ရည်အချင်းမျိုးမရှိဘူးလို့ ပြော မယ့်အစား လူငယ်တွေကို နေရာ ပေးပြီးတော့ အဲဒီလိုအတွေ့အ ကြုံမျိုးယူခိုင်းသင့် တယ်။ ဘာ တစ်ခုမှမလုပ်ဘဲနဲ့၊ လုပ်ခွင့်မရဘဲနဲ့ တော့ ဘယ်လိုမှကြိုပြီး ဆုံးဖြတ် တာမဖြစ်သင့်ဘူး။ လုပ်နိုင်ကိုင် နိုင်တဲ့ လူငယ်တွေအများကြီးရှိပါ တယ်။ 

လုပ်ခွင့်ကိုင်ခွင့်မရသေးတာပါ။ မပေးလို့ပါ။ ဥပမာ မစ္စတာ အိုဘားမား သမ္မတဖြစ်တော့ ၄၀ ကျော်၊ ကျွန် တော်တို့ ဘေး အိမ်နီးချင်းမှာ ယင်လပ်ဝန်ကြီး ချုပ်ဖြစ်တော့ ၄၃ နှစ်။ ကျွန်တော်တို့မှာ အခုထိ ခုနစ်ဆယ် တန်း တွေအချင်းချင်း လူပုဂ္ဂိုလ်ကို ဗဟိုပြုတဲ့ နိုင်ငံရေးဖြစ် နေတယ်။ အဲဒါနိုင်ငံအတွက် ကောင်းတဲ့အ လားအလာမဟုတ်ဘူး။ ကျွန် တော်လူကြီးတွေတော်တော်များ များနဲ့ စကားပြောဖြစ်ပါတယ်။ တစ်ခါတလေ မှာ သူတို့ပြော ကြားချက်တွေကို နားထောင်ရင် ကျွန်တော် အံ့အားသင့်မိတယ်။ အပြစ်ပြောတာမဟုတ်ပါ ဘူး။ လူ ငယ်တွေမှာ အဲဒီထက်ကောင်းတဲ့ စဉ်းစားချက်တွေရှိပါတယ်။ လုပ် ခွင့်မရသေးတာပါ။

ရှစ်လေးလုံးအရေးတော်ပုံ (၂၇) နှစ်ပြည့်ပြီးတဲ့အခါမှာ ဦးကိုကို ကြီးတို့လို တပ်ဦးကလှုပ်ရှားခဲ့တဲ့ ကျောင်း သားခေါင်းဆောင်တွေ အနေနဲ့ အရေးတော်ပုံရည်မှန်း ချက်တွေ အောင်မြင်ဖို့ လမ်းစနီး လာပြီလို့ ပြောနိုင် ပါသလားရှင့်။

၂၇ နှစ်တာကာလကိုသုံး သပ်ရရင် ရေရှည်နိုင်ငံရေးကို သွားမယ်ဆိုရင် ခိုင်မာတဲ့မူဝါဒကို အခြေခံတဲ့နိုင်ငံ ရေးမျိုးလိုတယ်။ ကျွန်တော့်ကို By name နဲ့ နာ မည်တပ်ပြီး ကျော်ကြားတာ၊ ကျွန်တော်လာတယ်ဆို လက်ခုပ် လက်ဝါးတီးလို့ ကြိုကြပြုကြတာ ထက် စီးပွားရေးနဲ့ပတ်သက်လို့ ဘယ်လိုအယူအဆ၊ ဘယ်လိုမူဝါ ဒတွေရှိတယ်။ ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် ကျွန်တော်ဘယ်လို အယူအဆရှိတယ်။ အဲဒီမူဝါဒကို ကြိုက်လို့ ကျွန်တော့်ကို ထောက်ခံ တယ်ဆိုတာပဲဖြစ်စေချင်တယ်။ အဲဒါမှ ရေရှည်နိုင်ငံရေးလုပ်နိုင် မယ်။ ပြည်သူကို မျှော်လင့်ချက် ခိုင်ခိုင်မာမာပေးနိုင်မယ်။ အဲဒီလို မှ မဟုတ်ရင်တော့ တစ်နေ့တော့ အောင်မြင်ရမှာပေါ့ဆိုတဲ့ေ၀၀ါး တဲ့မျှော်လင့်ချက်တွေ ပြည်သူကို မပေးချင်တော့ဘူး။

လူတစ်ဦးချင်းစီက ကိုယ့် ဆန္ဒကိုယ်ပြောကြတာပဲ။ ဒါပေမဲ့ ဆုံးဖြတ်တဲ့အခါမှာ ရလဒ်ကိုဦး တည်တဲ့ဟာကို ဆုံးဖြတ်ရမယ်။ ဖြစ်ချင်တာတွေ အများကြီးထဲမှာ ဘယ်ဟာကိုဦးစားပေးလဲ။ အဲဒီ ဦးစားပေးအဆင့်ကို ရအောင် တစ်ဖက်အင်အားစုကို ဘယ်လို အပေးအယူလုပ်မလဲ။ ရေရှည်မ ဟာမိတ် အင်အားစုတွေနဲ့ ဘယ် လိုနီးနီးကပ်ကပ် ဆွေးနွေးတိုင် ပင်ညှိနှိုင်းဖြတ်သန်းမယ်ဆိုတဲ့ မ ဟာမိတ်ဆက်ဆံရေးကို ထူ ထောင်ဖို့လို တယ်။ တစ်ဖက်အင် အားစုတွေနဲ့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး တော့ ဦးစားပေးအစီ အစဉ်တွေ ချ မှတ်ပြီးသွားဖို့လိုတယ်။ ဒါမှသာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတဲ့ ယေဘုယျကျတဲ့ စကားလုံး တွေကို ကျော်လွန်ပြီးတော့ တိုင်းပြည် ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ ဖြည့်စွက်ပြီးပြောချင်တာများရှိ ရင် ပြောပါဦး။

မဲကွဲမှာစိုးလို့ NLD က ၀င်ခဲ့ တယ်။ အခုမဲကွဲမှာစိုးလို့ တစ်သီး ပုဂ္ဂလလည်း ၀င်မပြိုင်တော့ဘူး။ ကျွန်တော် ရွေးကောက်ပွဲမ၀င် တော့ပါဘူး။ မဲဆန္ဒရှင်ပြည်သူ တွေကိုတော့  အနူးအညွတ် တောင်းပန်ပါတယ်။  ဒါပေမဲ့ ရေ ရှည်နိုင်ငံရေးအတွက်တော့ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပေးသွားမယ်ဆို တာကို ယုံကြည်လိုက်ပါ။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List