Friday, August 07, 2015

သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည့် ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေပြန်ကျ


သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည့် ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေပြန်လည်ကျဆင်း နေပြီဖြစ်ကြောင်း သြဂုတ် ၆ ရက်ကရရှိသော သတင်း များအရ သိရသည်။

ယင်းကဲ့သို့ ရေပြန်လည်ကျဆင်းနေပြီဖြစ်သည့် ဒေသအသီးသီးမှ ဆက်စပ်သတင်းများအား စုစည်းဖော်ပြ အပ်ပါသည်။
  
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်ခရိုင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေ မှတ်အထက်မှ အနည်းငယ်ပြန်လည် ကျဆင်းခဲ့ပြီး ဆင်စုရပ်ကွက် ကမ်းနား လမ်းရှိ ဘူးခါးမြောင်းအနီးမြစ်ကမ်းပါးပြိုကျမှုမဖြစ်စေရန် ကြိုတင် ကာကွယ်မှုများပြုလုပ်နေရကြောင်း သတင်းရရှိသည်။

ပြည်ခရိုင်မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ် ၆ ရက် မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက် များအရ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အထက်သို့ ၆၇ စင်တီမီတာမှ တစ်စင်တီမီတာသို့ ပြန်လည်ကျ ဆင်းခဲ့ ကြောင်း သိရသည်။ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာသည့် ဆင်စု ရပ်ကွက် ကမ်းနားလမ်း ကမ်းပါးပြိုကျမှုများမဖြစ်စေရန် သဲအိတ်တမံများ ချခြင်းများကို ကြိုတင်ပြုလုပ်နေရကြောင်း၊ ယင်းနေရာ လမ်းပိုင်းကိုလည်း တာဖို့နေစဉ်အတွင်း ခေတ္တပိတ်ထားကြောင်း သိရသည်။

"နောက်နှစ်ရက်တွင်း မြစ်ရေက နေပြည်တော်မိုးဇလကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြစ်ရေဆက်လက်ကျဆင်းမယ်။ မြစ်ထဲမှာလက်တွေ့ဆင်းတိုင်းတာအရလည်း ဒီနေ့နေ့လယ်ကဆိုရင် မြစ်ရေတန်းနေရာကနေ နည်းနည်းလေးပြန်ကျသွားတာ။ ဒါကောင်းတဲ့လက္ခဏာပဲ" ဟု ပြည်ခရိုင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးမှူး ဦးအောင်မြင့်ကြည်က ပြောကြားသည်။

ပြည်မြို့တွင်း န၀င်းတာရိုးတချို့အစိတ်ပိုင်းများနှင့် ဘူးခါးမြောင်းဘေး မြစ်ကမ်းပါးမှာလည်း တိုက်စားမှု ကြောင့် အနည်းငယ်ပြိုကျလာခဲ့ရာ ထပ်မံ၍ ကမ်းပါးပြိုမှုများမဖြစ်စေရန် သြဂုတ် ၆ ရက် နံနက်ပိုင်းမှစကာ စည်ပင်တာဝန်ရှိသူများ၊ ဆေးရေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့များက သဲအိတ်ဖို့ခြင်း များကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ခရိုင်တွင်း ရေကြီးရေလွှမ်းမိုးကြောင့် အရေးပေါ်ရွှေ့ပြောင်းနေရ မှုများကို ဇူလိုင် ၂၉ ရက်မှစတင်ကာ ယနေ့အချိန်ထိ ၉ ရက် အတွင်း ရွှေ့ပြောင်းနေရသည့် အိမ်ထောင်စုများမှာလည်း မြင့်တက်လျက်ရှိကာ လက်ရှိအချိန် ပြည်မြို့နယ်တွင် အိမ်ထောင်စု ၄၂၇၁၊ ပန်းတောင်းမြို့ နယ်တွင် အိမ်ထောင်စု ၆၇၆၇၊ ရွှေတောင်မြို့နယ်တွင် ၁၀၄၀၈၊ ပေါင်းတည်မြို့နယ်တွင် ၉၄၊ သဲကုန်းမြို့နယ် အိမ်ထောင်စု ၄၆၅ စုစုပေါင်း ၂၂၀၀၄ အိမ်ထောင်စုထိရှိလာကြောင်း ပြည်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရသည်။

ရခိုင်ပြည်နယ် ရေဘေးဒဏ်ခံခဲ့ရသောမြို့နယ်များတွင် ရေပြန်ကျဆင်း ခဲ့ပြီဖြစ်သော်လည်း လမ်းပျက်စီး ခြင်းနှင့် တံတားကျိုးခြင်းတို့ကို ပြင်ဆင်နေရဆဲဖြစ်သဖြင့် မင်းပြား၊ အမ်းနှင့် မောင်တောမြို့နယ်များသို့ သွားလာရေးပြတ်တောက်နေဆဲဖြစ်

ရခိုင်ပြည်နယ်ရေဘေးဒဏ်ခံခဲ့ရသောမြို့နယ်များတွင် ရေပြန်ကျဆင်းခဲ့ပြီ ဖြစ်သော်လည်း လမ်းပျက်စီး ခြင်းနှင့် တံတားကျိုးခြင်းတို့ကို ပြင်ဆင် နေရဆဲဖြစ်သဖြင့် မင်းပြား၊ အမ်းနှင့်မောင်တောမြို့နယ်သို့ သွားလာ ရေးပြတ်တောက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် စစ်တွေမှ မြောက်ဦးမြို့သို့ မော်တော်ကားလိုင်းများ ပြေးဆွဲပေးနေပြီဆိုသော်လည်း မင်းပြားအထိ သွားလာလို့မရသေး ဘဲရှိနေကြောင်း သိရသည်။ ထို့အပြင် တောင်ကျချောင်းရေကြောင့် ဒလက်ချောင်းရေမြင့်တက်လာပြီး ရေစီးနှုန်းပြင်းထန်သဖြင့် အမ်းမြို့နယ် ကဇူးကိုင်းရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမိုင်တိုင်အမှတ် ၂၆/၇ ရှိအရှည် ၉၉၀ ပေ၊ အကျယ် ၁၆ ပေရှိ ဒလက်ချောင်း သံဘေ လီတံတား၏ အလယ်အုတ်ခုံတိုင်သည် ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ကြောင်း၊ ထို့ကြောင့် တံတားကိုယ် ထည်ကွေးသွားပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ယင်းအပြင် မောင်တောမြို့နယ် မေယုတောင်တန်းတွင် တောင်မြေပြို လမ်းပိတ်နေသဖြင့် တောင်ပေါ်မှ အသစ်ဖြတ်လမ်းတစ်ခုကို ပြည်သူ့ ဆောက်လုပ်ရေးမှ ဖောက်လုပ်လျက်ရှိသော်လည်း ပြီးစီးမှုမရှိသေး သဖြင့် ကားသွားလာလို့မရဘဲ ခရီးသည်များ ကားနှစ်ဆင့်စီးသွားလာနေရသလို နယ်စပ်သို့ ပို့ကုန်များအား လမ်းပြင်နေသည့် နှစ်ဖာလုံခန့် တောင်ပေါ် လမ်းကို အထမ်းသမားများဖြင့် ခက်ခက်ခဲခဲသယ်ယူနေရရာ ကုန်ပို့ဆောင် စရိတ်မြင့်တက်နေပြီး နယ်စပ်တွင် ကုန်ဈေးနှုန်း အဆက်မတန်မြင့်တက်မှု ရှိနေကြောင်း သိရသည်။

"လမ်းပျက်နေတဲ့အတွက် ကားတွေသွားလို့မရဘူး။ ဆန်တစ်အိတ်သယ်ခ သပ်သပ် ၅၀၀၀ လောက်ကုန် နေတယ်။ ဒါကြောင့် နယ်စပ်မှာ ဆန်ဈေးနှုန်း ဟာ တစ်အိတ်ကို တစ်သောင်းခွဲကနေ နှစ်သောင်းအထိ မြင့်သွားတယ်။ အရင်ကသုံးသောင်းဝန်းကျင်ရှိနေခဲ့တဲ့ ဆန်က အခုဆိုရင် ငါးသောင်းထိပေး ၀ယ်နေရ တယ်။ စားဖို့လိုနေတော့လည်း တောင်းတဲ့ဈေးနဲ့ ၀ယ်ယူနေရတာ ပါပဲ" ဟု မောင်တောမြို့မှ ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ရွှေပြည်သစ် ကားဂိတ်မှူးတစ်ဦးက "ကျွန်တော်တို့မြောက်ဦးအထိ ကားတွေထွက်နေပါတယ်။ ဒါပေမဲ့ မင်းပြားထိသွားလို့မရသေးဘူး။ နောက်ပြီးရင် အမ်းမြို့နယ် ကဇူးကိုင်းတံတားကျိုးနေတော့ ရန်ကုန်ကိုသွား လို့မရသေးပါဘူး" ဟုပြောကြားသည်။

အောင်သစ္စာကားဂိတ်မှူးက "ရန်ကုန်ကနေ အမ်းအထိတော့ သွားလို့ရနေတယ်။ ဒါပေမဲ့ စစ်တွေအထိသွား ဖို့ဆိုတာမှာ ရေနဲ့ပါသွားတဲ့ ကဇူးကိုင်းတံတားမရှိတော့ သွားလို့မရသေးဘူး။ အခု ဇက်ရေယာဉ်ကိုမှာထား တယ်လို့ကြားတယ်။ ဇက်ရေယာဉ်ရောက်ရင်တော့ သွားလို့ရပါမယ်" ဟုဆိုသည်။

ဘီးလင်းမြစ်ရေပြန်လည်ကျဆင်းနေပြီး ရေဘေးသင့်ခဲ့သည့်ဒေသများ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်

ဘီးလင်းမြစ်ရေသည် သြဂုတ် ၆ ရက် နံနက်ပိုင်းအချိန်တွင် ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၀၂၂ အောက် သို့ ထပ်မံကျဆင်းနေပြီဖြစ်ကြောင်းနှင့် ရေဘေးရှာင်ပြည်သူအတော်များများ မူလနေထိုင်နေရာများသို့ ပြန် လည်ပြောင်းရွှေ့နေကြပြီးဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်များအရ သိရသည်။

"ဘီးလင်းမြစ်ရေက သြဂုတ် ၆ ရက် မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ ၉၇၇ စင်တီမီတာဖြစ်နေ တယ်လို့ သိရတယ်။ မြစ်ရေလည်း တော်တော်ပြန် ကျသွားပြီဖြစ်ပါတယ်။ ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ပြည်သူတွေလည်း ပြန်နေကြပြီဖြစ်ပါတယ်။ ရေဘေးရှောင်စခန်းတွေဖွင့်ခဲ့တဲ့ စာသင် ကျောင်းတွေလည်း ပြန်ဖွင့်နေပါပြီ" ဟု ဘီးလင်းမြို့ခံတစ်ဦးဖြစ်သည့် ကိုပြည့်စုံကပြောကြားသည်။

၎င်းကဆက်လက်ပြီး "ဘီးလင်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားတုန်းက မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရေတွင်း၊ ရေကန်တွေ ရေလွှမ်းတာခံရတယ်။ ရေတွင်းတွေဆိုရင် ညစ်ညမ်းတဲ့မြစ်ရေတွေ စိမ့်ဝင်တာတွေရှိတယ်" ဟုပြောကြားသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေလိမ့်ဆင်းမှုတို့ကြောင့် ဇူလိုင် ၂၉ ရက်မှစတင်ကာ ဘီးလင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ် ပွားခဲ့ပြီး  ဒေသခံပြည်သူ ၄၆၀၀ ကျော်မှာ ရေဘေးရှောင်စခန်း ၂၇ ခုတွင် သြဂုတ် ၃ ရက်ခန့်အထိ ခိုလှုံနေခဲ့ရသည်။

သံလွင်မြစ်ရေကျဆင်းနေသော်လည်း ရေဘေးသင့်ဒုက္ခသည်များ အများစု နေရပ်သို့မပြန်နိုင်သေး

သံလွင်မြစ်ရေသည် သြဂုတ် ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ၎င်း၏စိုးရိမ်ရေမှတ်အောက် စင်တီမီတာသို့ရောက်ရှိနေသော်လည်း မြေနိမ့်ရပ်ကွက်များတွင် ရေလွှမ်းနစ်မြုပ်မှုရှိနေသဖြင့် ရေးဘေး သင့်ဒုက္ခသည်အများစုမှာ ကယ်ဆယ်ရေးစခန်းကိုးခုတွင် ဆက်လက်ခိုလှုံနေရပြီး နေရပ်သို့မပြန်နိုင်သေး ကြောင်း သိရသည်။

"ကျွန်တော်တို့ ဘားအံမြို့မှာ ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားတယ်။ လက်ရှိအနေအထားက မြစ်ရေကျဆင်းနေပေမယ့် အမြင့်ပိုင်းရပ်ကွက် တချို့မှာ ရေပြန်ပေါ်လာပြီး ပြည်နယ်ကမ္မဋ္ဌာန်း ကယ်ဆယ် ရေးစခန်းတစ်ခုသာ ရုပ်သိမ်းနိုင်သေးပါတယ်။ အားလုံးကလည်း နေအိမ်ပြန်ချင်ကြပါတယ်။ ကယ်ဆယ်ရေး စခန်းမှာ လိုအပ်တဲ့အထောက်အပံ့က ခါတိုင်းနှစ်ရေ ကြီးသလိုမျိုး ထောက်ပံ့ကူညီမှု မပြည့်စုံပါဘူး။ ရေပြန် လည်ကျသွားရင်တောင် နေအိမ်ကိုပြန်လည်ထူထောင်ဖို့ ရင်လေးနေရတဲ့အဖြစ်ပါ" ဟု ဘားအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုမှ ရေဘေးဒုက္ခသည်တစ်ဦးက ပြောကြားသည်။

သံလွင်မြစ်ရေလွှမ်းမိုးမှုကြောင့် ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေး စခန်းကိုးခုနှင့် သံလွင်မြစ် အနောက်ခြမ်း ဖားပုကျေးရွာအုပ်စု ဖားပု အမကကယ်ဆယ်ရေးစခန်းတစ်ခုအပါအ၀င် ကယ်ဆယ်ရေး စခန်း ၁၀ ခုရှိပြီးအိမ်ထောင်စုဝင်ပေါင်း ၁၂၂၂ စု၊ လူဦးရေ ပေါင်း  ၆၄၄၄ ဦးရှိကာ သြဂုတ် ၅ ရက်က ပြည်နယ် ကမ္မဋ္ဌာန်းကယ်ဆယ်ရေးစခန်းတစ်ခုသာ ရုပ်သိမ်းနိုင်ပြီး အိမ်ထောင်စုဝင် ၂၀၊ လူဦးရေ ၁၁၃ ဦးသာ နေရပ်သို့ပြန်လည်နေထိုင်နိုင် ကြောင်း သိရသည်။

မင်းပြားမြို့နယ်အတွင်း ရေကြီးမှုဖြစ်စဉ်တွင် လူ ၁၇ ဦးသေဆုံးကာ အိမ်ပေါင်း ၁၂၀၀ ခန့် ပျက်စီး

မင်းပြားမြို့နယ်အတွင်း အိမ်ပေါင်း ၁၂၀၀ ခန့် ပျက်စီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ် နေရသော မိသားစု ၇၅၀ ကျော်ရှိကြောင်း ဒေသခံလူမှုအဖွဲ့အစည်းများထံမှ သိရသည်။ ယင်းသို့ပျက်စီးရာတွင် ရေပြည့်နေစဉ် လေပြင်းတိုက်ခိုက်ခဲ့ခြင်း၊ ကမ်းပါးပြိုခြင်း၊ သစ်ပင်ပိခြင်း၊ ရေမျောသစ်တုံးများကြောင့် ပျက်စီးခြင်း များဖြစ်ကာ လူ  ၁၇ ဦးသေဆုံးပြီး ကျွဲ ၃၆၅ ကောင်၊ နွား ၇၈၂ ကောင်နှင့် ဆိတ် ၁၅၀ ခန့်တို့သေဆုံးခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးမှ သြဂုတ် ၅ ရက်အထိ ကောက်ခံထားသောစာရင်းများအရ သိရသည်။

အလားတူစွာပင် ပုစွန်မွေးမြူရေးကန် ၆၂၅၅ ဧကကျော်ပျက်စီးခဲ့ပြီး စပါးစိုက်ပျိုးမြေဧက ၅၅၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါစာရင်းများသည် လက်ရှိကောက်ခံရရှိထားသော စာရင်းများ သာဖြစ်ပြီး စာရင်းကောက်ယူမရနိုင်သေးသည်များလည်း ရှိနိုင်သေးကြောင်း သိရသည်။

မင်းပြားမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူဦးရေပေါင်း ၁၉၆၃၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း ယင်းတို့အနက် မိသားစုပေါင်း ၇၅၀ ကျော်တို့အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ နီးစပ်ရာမိဘဆွေမျိုးများထံတွင် နေထိုင်ကြရပြီး မိမိအစီစဉ်ဖြင့် တဲအိမ်ထိုး၍ နေထိုင်ရသူများလည်းရှိ နေကြောင်းနှင့် ကျေးရွာများတွင် ဒုက္ခသည်စခန်း ဖွင့်လှစ်ထားခြင်းမရှိ ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ ၆၀၀၀ ကျော်အထိရှိ

ညောင်ဦးမြို့နယ်အတွင်း သြဂုတ် ၄  ရက်အထိ သက်ဆိုင်ကယ်ဆယ်ရေး စခန်းများ၊ ဘုန်းတော်ကြီး ကျောင်းများသို့ ရောက်ရှိလာသော စာရင်းများအရ ရေဘေးသင့်ပြည်သူ ၆၁၂၂ ဦးအထိ ရောက်ရှိလာ ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ ၆၀၀၀ ကျော် အိမ်ထောင်စု အားဖြင့် ၁၄၄၃ စု ကျွဲနွား တိရစ္ဆာန် ၃၇၅၃ ကောင်အထိရှိလာကာ ကယ်ဆယ်ရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်နေသည့် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က "ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ခဲ့ကြ ပါတယ်။ ခုလို ပြောင်းရွှေ့ခိုလှုံလို့ရနိုင်မယ့် ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်းတွေ စာရင်းကြိုလုပ်ခဲ့ကြတယ်။ ဌာနဆိုင်ရာ တွေအားလုံးကို တပ်လှန့်တယ်။ ကူညီပေးနိုင်တဲ့အဖွဲ့တွေ လူမှုရေးအသင်းတွေနဲ့တိုင်ပင်တယ်။ အခက်အခဲ တော့မှန်တယ် အချိန်မီကူညီနိုင်ခဲ့တယ်။ ပြီးတော့ လူမှုအဖွဲ့တွေအားလုံး ပါဝင်ကူညီလာကြတာတွေ့ ရတယ်" ဟုပြောကြားသည်။

ချင်းပြည်နယ်နှင့် ကလေးမြို့ရေဘေးသင့်ဒေသများအတွက် အိန္ဒိယနိုင်ငံ၏ အကူအညီများ ကလေးမြို့သို့ရောက်ရှိ

ချင်းပြည်နယ်အတွင်းရှိဒေသများနှင့် ကလေးမြို့ရေဘေးသင့်ဒေသများ အတွက် အိန္ဒိယနိုင်ငံ၏အကူအညီများ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ကျော်က ကလေးမြို့သို့ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ဆန်ကိုးတန်၊ ခေါက်ဆွဲ ၂၃၅ ကီလိုဂရမ်၊ ဆေးဝါး ၉၃၅ ကီလိုဂရမ်ကို ရေဘေးသင့်ဒေသများသို့ ပေးအပ်နိုင်ရန် အိန္ဒိယနိုင်ငံဒေလီမှ သယ်ဆောင်လာကြောင်း သိရသည်။ အဆိုပါလှူဒါန်းမည့်ပစ္စည်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်သို့ ပေးအပ်ခဲ့ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးမှ သိရသည်။

"ဒီနေ့ ဒေလီကနေ ကလေးနဲ့ မန္တလေးမြို့ကို လေယာဉ်နှစ်စင်းနဲ့ အကူအညီပေးဖို့ စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ မန္တလေးသွားတဲ့ လေယာဉ်ချို့ယွင်းမှုကြောင့် သတ်မှတ်ချိန်ထက် နောက်ကျမှရောက်တယ်။ ကလေးကတော့ ပစ္စည်းတွေရောက်သွားပါပြီ။ ကလေးမှာ လေယာဉ်ကြီးတွေဆင်းဖို့ ခဲယဉ်းလို့ ပစ္စည်းတွေခွဲပြီး ပို့နေရတယ်။ နောက်ထပ် ကလေးရယ် စစ်တွေဘက်ရယ်ကို ထပ်မံပို့ဖို့ အစီစဉ်ရှိပါတယ်" ဟု အိန္ဒိယကောင်စစ်ဝန် ဒေါက်တာ N.Nandakuma က ပြောကြားခဲ့သည်။

ယခုကူညီထောက်ပံ့မည့်ပစ္စည်းများသည် ရေဘေးဒဏ်ဆိုးရွားစွာခံရသည့် ကလေး၊ ဟားခါးနှင့် ချင်းပြည်နယ်အတွင်းရှိဒေသများကို အဓိကပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆက်လက်ပြီး မန္တလေးတံတားဦးလေဆိပ်သို့လည်း သြဂုတ် ၆ ရက် ၅ နာရီတွင် ဆန်၊ ဆေးဝါးနှင့် ခေါက်ဆွဲခြောက်များ သယ်ဆောင်လာမည့် လေယာဉ်ဆိုက်ရောက်မည်ဖြစ်သည်။ မန္တလေးသို့ရောက်ရှိမည့် ပစ္စည်းများသည် အထက်မြန်မာပြည် ရေဘေးသင့်ဒေသများသို့လှူဒါန်းရန် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ကူညီမှုများသည် သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ ပေးအပ်လှူဒါန်း ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ရေဘေးကျေးရွာအုပ်စု ၉၇ ရွာမှ လယ်ဧကသုံးသောင်းနီးပါး ထိခိုက်ပျက်စီး

၂၀၁၅ ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်က ကချင်ပြည်နယ်အတွင်း မိုးများရေကြီးမှုကြောင့် ကျေးရွာအုပ်စု ၉၇ ရွာမှ လယ်ဧကသုံးသောင်းနီးပါး ထိခိုက်ခဲ့ပြီး လယ်ဧကတစ်သောင်းနီးပါးမှာ လုံးဝပျက်စီးသွားကြောင်း ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးဘီထောဇောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကချင်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးဘီထောဇောင်းက "ဇူလိုင်ရေကြီး မှုဟာ တစ်ပြည်နယ်လုံးနီးပါး ထိခိုက်တယ်။ အများဆုံးက မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်ဒေသတွေမှာ ထိခိုက်မှုများခဲ့တာ။ မိုးကောင်းမြို့ နယ်အထိ အများဆုံးပါ။ ကျေးရွာ ၂၃ ရွာ ရေဘေးထိပြီး လယ်ဧက ၉၄၇၀ ဧကထိခိုက်ပြီး ၈၂၅၀ ဧကက လုံးဝပျက်စီးသွားတယ်။ မိုးကောင်းမြို့ နယ်ထဲက လွဲလောဆည်ကျိုးပြီး တစ်ပတ်လောက်ရေနစ်သွားတယ်။ ဗန်းမော်မှာ ပေါက်နက်ဆည်ကျိုးတယ်။ တစ်ပြည်နယ်လုံး ၉၇ ကျေးရွာအုပ်စု ရေလွှမ်းခံရပြီး ရေမြုပ်တာ ၂၉၀၀၀ ကျော်ရှိတယ်။ ထိခိုက်ဧက ၁၁၁၂၈ ဧက ထိခိုက်တယ်။ လုံးဝပျက်စီးဧက ၉၀၅၉ ဧက ပျက်စီးသွားတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့က မျိုးပေးတယ်။ ထွန်ယက်ပေးဖို့ စက်မှုလယ်ယာနဲ့ ကွင်းဆင်းပြီးလုပ်နေပြီ။ စိုက်ရာသီမမီမှာကြောင့် တချို့က တိုက်ရိုက်အစေ့ချတယ်။ ပျိုးထောင်ထားဆဲလည်းရှိတယ်။ အမြန်ဆုံးပြန်စိုက်နိုင်အောင်တော့ အဘက်ဘက်ဝိုင်းကူနေတယ်။ မိုးရာသီမကုန်သေးတော့ စိုးရိမ်စရာရှိနေသေးတယ်" ဟုပြောကြားသည်။

ဇူလိုင်လလယ်ပိုင်းမှစတင်ကာ တစ်ပတ်အတွင်း မိုးရေချိန် ၁၀ လက်မအထိ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ်တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက် ပိုင်းတို့တွင် ရေကြီးမှုများဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ပြောကြားသည်။

ကချင်ပြည်နယ် မိုး/ဇလမှ ညွှန်ကြားရေးမှူး ဦးတင်ထိုက်က "စစ်ကိုင်း တိုင်းနှင့် ကချင်ပြည်နယ်တောင် ပိုင်းမှာပဲ ဇူလိုင်လလယ်ပိုင်းက မိုးကြီးမှုဖြစ်သွားတာပါ။ မုတ်သုံလေကြောင့်ပဲဖြစ်တာပါ။ မိုးရေချိန်က ငါးရက်အတွင်း ၁၀ လက်မကျော်သွားတယ်။ မိုးကောင်း နန့်ရင်းနှင့် နန့်ကောက်ချောင်းရေကြီးမှုဖြစ်သွား တယ်။ ထိခိုက်မှုလည်း များသွားတာပေါ့။ ကျန်တစ်ပြည်နယ်လုံးက ပုံမှန်ပါပဲ။ ပြည်နယ်အတွင်းမှာတော့ သြဂုတ်လမှာ ပုံမှန်ဖြစ်နိုင်ပေမယ့် စက်တင်ဘာလလယ်ပိုင်းမှာ စိုးရိမ်စရာရှိနေသေးတယ်" ဟုပြောကြား သည်။

၂၀၁၅ခုနှစ် ဇူလိုင်လလယ်ပိုင်းတွင်း စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ရထားလမ်း၊ ကားလမ်းများပျက်စီးကာ မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်းကို ဇူလိုင် ၁၇ ရက်မှ သြဂုတ် ၅ ရက်အထိ ရပ်နားခဲ့ရသည်။ ဇူလိုင် ၂၅ ရက်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ နယ် မှော်လူး-ဟဲနုကားလမ်းတံတား ရေထဲပါသွားမှုကြောင့် ကားလမ်းများပြတ်တောက်မှုဖြစ်ပွားခဲ့သည်။ ဗန်းမော်-မန္တလေးကားလမ်းပိုင်းကို ဇူလိုင် ၁၉ ရက်မှ စတင်ရပ်နားခဲ့ပြီး သြဂုတ် ၄ ရက်တွင် ပြန်လည်ပြေး ဆွဲနေပြီဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List