Friday, August 07, 2015

ဧရာဝတီမြစ်ရေ ဟင်္သာတခရိုင်အတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေ


ဧရာဝတီမြစ်ရေသည် ဟင်္သာတခရိုင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်းမြို့များ၌ စိုးရိမ် ရေမှတ်အထက် ရေထပ်တက်လျက်ရှိပြီး င၀န်မြစ်ရေမှာမူ လေးမျက်နှာမြို့၌ စိုးရိမ်ရေမှတ်အထက်တွင် တန့်နေ ကြောင်း သိရသည်။  

ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ် ၄၄ ပေထက် လေးပေ ကျော်လွန်နေကြောင်း၊ ဇလွန်မြို့တွင် စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၅ ပေထက် ၃ ဒသမ ၄၅ ပေ၊ မြန်အောင်မြို့တွင် စိုးရိမ်ရေမှတ် ၆၇ ပေ ထက် ၃ ဒသမ ၇၅ ပေ၊ ကြံခင်းမြို့တွင် စိုးရိမ်ရေမှတ် ၇၂ ပေထက် ၃ ဒသမ၂၅ ပေ၊ အင်္ဂပူ မြို့တွင် စိုးရိမ်ရေမှတ် ၄၈ ပေထက် ၄ ဒသမ  ၅၅  ပေ အသီးသီးကျော်လွန် နေကြောင်း၊ င၀န်မြစ်ရေသည်လည်း လေးမျက်နှာမြို့၏စိုးရိမ်ရေမှတ် ၃၄ ပေထက် ၂  ဒသမ ၃၅ ပေ ကျော်လွန်နေကြောင်း၊ ထို့ပြင် ဧရာဝတီ တိုင်း ဒေသကြီးရှိ ရေလှောင်တမံကြီးလေးခု၌ ရေ ပိုလွှဲအထက် ရေကျော်လွန် နေဆဲဖြစ်သော်လည်း ရေကျလာကြောင်း ဆည်မြောင်းဦးစီးဌာန၏ သြဂုတ် ၆ ရက်၊ ညနေ ၄ နာရီ တိုင်းတာချက်အရ သိရသည်။

ကြံခင်းမြို့နယ်ရှိ ကွန်ချောင်းရေလှောင် တမံ၌ ရေမှတ် ၂၇၇ ဒသမ ၄၀ ပေရှိနေသ ဖြင့် ကန်ရေပြည့် အမှတ် ၂၇၇ ပေထက် ၀ ဒသမ ၄၀ ပေ ကျော်လွန်ကာ ရေပိုလွှဲအထက် ရှိနေဆဲဖြစ်ပြီး အင်္ဂပူမြို့နယ်ရှိ နန်ကသူရေ လှောင်တမံ၌  ရေမှတ် ၂၆၀ ဒသမ ၁၀ ပေရှိ နေသဖြင့် ကန်ရေပြည့်အမှတ် ၂၆၀  ပေထက် ၀ ဒသမ ၁၀ ပေ ကျော်လွန်ကာ ရေပိုလွှဲအထက် ရှိနေဆဲဖြစ်သည်။

လက်ရှိတွင် ဟင်္သာတခရိုင်၌ မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၀၀ နီးပါး ထိ ဖွင့်လှစ်ထားရပြီး ရေဘေးသင့်ဦးရေ တစ်သိန်းနှစ်သောင်းကျော် ရှိလာကြောင်း သတင်းရရှိသည်။

ဟင်္သာတခရိုင်တွင်း မြို့နယ်ခြောက်ခု၌ မြို့နယ် ငါးခုတွင် ကယ်ဆယ်ရေး စခန်းပေါင်း ၉၇ ခု ဖွင့်လှစ်ထား ရကြောင်း၊ ဟင်္သာတမြို့နယ်၌ ကယ်ဆယ် ရေးစခန်း ၂၃ ခု၊ ဇလွန်မြို့နယ်၌ ကယ်ဆယ်ရေးစခန်း တစ်ခု၊ မြန်အောင် မြို့နယ်၌ ကယ်ဆယ်ရေးစခန်း ၂၃ ခု၊ ကြံခင်းမြို့နယ်၌ ကယ်ဆယ်ရေးစခန်း ခုနစ်ခု၊ အင်္ဂပူမြို့ နယ်၌ ကယ်ဆယ်ရေးစခန်း ၄၃ ခု ဖွင့်လှစ်ထားရပြီး အိမ်ထောင်စု ၃၆၉၈ စု၊ လူဦးရေ ၁၃၇၀၇ ဦး ခိုလှုံ လျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ရရှိသောစာရင်း များအရ သိရသည်။ ဟင်္သာတခရိုင်တွင်း မြို့ နယ်ခြောက်ခု၌ ရေဘေးသင့်အိမ်ထောင်စု ၃၆၁၅၄  စု၊ ရေဘေးသင့်လူဦးရေ  ၁၂၈၂၃၁ ဦးရှိကြောင်း၊ မြစ်ရေကြီးမှုကြောင့် ရေကာ တာ အပြင်ဘက်ရှိ ကျေးရွာများအားလုံးနှင့် လယ်ဧက ၁၂၄၇၄၁ ဧက ရေမြုပ်ရေ၀င် လျက် ရှိကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နာ၊ ငသိုင်းချောင်း၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့များတွင် မြို့ကြီးများအတွင်းတာများ မထိခိုက်သေးသောကြောင့် ရေများဝင်ရောက်မှုများ မရှိသော်လည်း၊ တာပြင်ကျေးရွာများနှင့် ရပ်ကွက်များတွင် ရေများဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူ နှစ်သိန်းဝန်းကျင်ခန့် ထိရှိလာပြီး ရေဘေးသင့်မှု ရက်ရှည်လာမှုကြောင့် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“သာပေါင်းမှာ မြို့ပေါ်အနိမ့် လမ်းတွေကို ရေ၀င်လာပြီ၊ ကျေးရွာတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်က မြုပ်ကုန်ပြီဗျ၊ ရေ၀င်လာမှု အရမ်းများ နေတယ်။ တာတွေခိုင်ခန့်မှုကလည်းစိတ်မချရတော့ဘူး” ဟု သာပေါင်း လူငယ်များ ရေဘေးကူညီရေးအဖွဲ့မှ ကိုဇေယျာက ပြောကြားသည်

ညောင်တုန်းမြို့တွင် လိမ္မော်ရောင်အဆင့် အရေးပေါ်အခြေအနေကို ကြေညာထားဆဲဖြစ်ကာ၊ မြို့တွင်းသို့ရေများ ၀င်ရောက်မှု မရှိသော်လည်း မြို့ပြင်ရှိ ကျေးရွာများမှာ ရေနစ်မြုပ်မှုများလာပြီး အကူညီများစွာ လိုအပ်နေသည်ဟု သိရသည်။

“ညောင်တုန်းမှာတော့ ရွှေဒင်္ဂါးကျွန်း၊ ဓမ္မသုခကျွန်း၊ ပေစိကျွန်း၊ ဒေါင့်ကြီးသောင် အပေါ်နဲ့အောက်၊ ကပ္ပလီကျွန်း၊ ကျွန်းသာဝ၊ ကန္နားတန်း၊ အညာစု၊ အေးရွာ၊ ကျောင်းကြီးစု၊ ရွှေသောင်ယံနဲ့ ငွေသောင်ယံ တွေမှာ အကူညီတော်တော် လိုအပ်နေတယ်။ မြို့ထဲမှာတော့ တာတွေက လုံနေသေးတော့ သိပ်ပြီးတော့ မထူးဘူး။ ကယ်ဆယ်ရေးစခန်းတွေလဲ ဆက်ပြီးတော့ ဖွင့်ထားတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ လုံလောက်မှုရှိပြီး၊ စက်လှေနဲ့မှ သွားလို့ရမယ့် နေရာတွေမှာတော့ တော်တော်ကို ခက်ခဲနေပါတယ်” ဟု ညောင်တုန်းဒေသခံ ကိုဆင်ပေါက်က ဆိုသည်။

ပန်းတနော်မြို့နယ်တွင် ဒီရေများထက်မံ တိုးမြင့်လာမှုကြောင့် ကျေးရွာအုပ်စုများတွင် ရေ၀င်ရောက် လာမှုကြောင့် အရေးပေါ် အကူညီများ လိုအပ်နေလျက်ရှိကာ အရေးပေါ် လိုအပ်နေသည်မှာ မြေဆိပ်ဖြေ ဆေးများ ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့မှ လေးမျက်နှာမြို့ထိ လမ်းဘေးဝဲယာ တစ်လျှောက်တွင် ရေများဝင်ရောက်မှု များပြားနေပြီး ဒါကကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်းမအား ရေကျော်နေကြောင်း ရေကြည်မြို့နယ် လက်ပံပင် ကျေးရွာ အုပ်စု အတွင်းရှိ ကက္ကူလေး၊ ကုလားကုန်း၊ ရသ၊ သပေါ့ကုန်း၊ ပုဇွန်ဆိပ်ချောင်း ကျေးရွာများတွင် ကုန်းလမ်း ဆက်သွယ်ရေးများပါ ပျောက်လျှက် စက်လှေများကိုသာ အသုံးပြု၍ သွားလာနေရကြောင်း၊ လေးမျက်နှာ မြို့ တံတားအဆင်းမှ စတင်ကာ ရေများ ၀င်ရောက်မှု များပြားနေသောကြောင့် ကျေးရွာများကို စွန့်ခွာ၍ ကားလမ်းမပေါ်တွင် လူများနှင့် ကျွဲနွားတိရစ္ဆာန်များပါ ရေဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း ကန်ကြီးထောင့်၊ ကျောင်းကုန်းမြို့များတွင် ရေများစတင်ဝင်ရောက် လာနေကြောင်း၊ လက်ရှိအချိန်တွင် ရေဘေးအား ဆိုးရွားစွာ ကြုံတွေ့နေရသည့် ဒေသများမှာ ဟင်္သာတခရိုင် အတွင်းရှိ မြို့နယ်များ ဖြစ်နေပြီး၊ သာပေါင်းမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်များတွင် မြို့ကြီးများအတွင်း လုံခြုံမှုများ ရှိနေသေးသော်လည်း အနီးဝန်းကျင် ကျေးရွာများတွင် အရေးပေါ် အခြေ အနေကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

ထို့ပြင် သြဂုတ် ၆ ရက်က ဒါးကမြို့အနီး ပုသိမ်-ရန်ကုန်ကားလမ်း ရေကျော်နေ၍ လမ်းပိုင်းဆိုင်ရာ တာဝန် ခံများက သဲအိတ်များချ၍ ပြင်ဆင်နေပြီး ပုသိမ်ကြံခင်း ရထားလမ်းတွင် ရထားလမ်းပေါ်သို့ ရေကျော်နေ သဖြင့် သြဂုတ် နံနက် ၇ နာရီတွင် ပုသိမ်ကြံခင်း အမြန်ရထားအား ဒါးကမြို့ ဘူတာရုံ၌ ရပ်နားထားရ ကြောင်း သတင်းရရှိသည်။

“မနက် ၇ နာရီ တိုင်းတာချက်အရ ၆ ပေလောက် ကျော်နေလို့ ဒါးကဘူတာမှာ ရပ်ထားရတယ်။ ရထား သံလမ်းပေါ်ကနေ ခြောက်လက်မအထိပဲ မောင်းလို့ရတယ် ခြောက်လက်မကျော်ရင် စက်ခေါင်းထဲမှာရှိတဲ့ စက်ပိုင်းတွေရေ၀င်ရင် မောင်းလို့မရတော့ ရေကျပြီး လမ်းအပိုင်းလည်း စိတ်ချရတော့မှ ပုံမှန်ပြန်ပြီး ပြေးဆွဲနိုင်မယ်” ဟု ဒါးကဘူတာရုံမှ ရုံပိုင်ဦးကျော်မြတ်သန်းဦးက ပြောကြားသည်။ ထိုပြင့်ရထားအား ဘဲကရက်ဘူတာသို့ ပြန်၍ မောင်းနှင်မည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်-ရန်ကုန် ကားလမ်းမှာ ဒါးကမြို့အနီး အရှည်နှစ်ဖာလုံခန့်တွင် ရေတစ်ပေခန့် ကျော်နေပြီဖြစ်ကြောင်း သိရသည်။

“သဲအိတ်တစ်ထောင်လောက် ပြင်ဆင်ထားတယ်။ ကျောက်တွေနဲ့လည်း ကာထားတယ်။ အတတ်နိုင်ဆုံးပြင် ဆင်ပြီး လုပ်ဆောင်နေတယ်” ဟု လမ်းပိုင်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ရေက အရင်နှစ်တွေ ကြီးတာထက်ပိုတယ်။ နဂိုက အပေါ်မိုး အောက်ကရေ တက်မှ ဒီလောက်ကြီးတာ။ အခုကအောက်ရေ တစ်ခုတည်းနဲ့တင် ရေတော်တော်တက်နေပြီ။ ဒီမှာ အနိမ့်ပိုင်းတွေဆို ရေတော်တော် တက်နေပြီ။ အခုအထိတော့ ဘာအကူညီမှ မရသေးဘူး” ဟု ဒါးကမြို့မှနေထိုင်သူ ဦးဝင်းမောင်က ပြော ကြားသည်။

ပုသိမ်-ကြံခင်း ရထားလမ်း ဂုံမင်းနှင့် ပုသိမ်ကြားတွင် ရထားသံလမ်းပေါ်သို့ ခုနစ်နေရာခန့်တွင် ရေကျော် နေပြီး ပုသိမ်-ရန်ကုန် ကားလမ်းမပေါ်တွင် ရေကျော်မည့် နေရာများ ရှိနေကြောင်း သိရသည်။

Eleven Media Group  

No comments:

Post a Comment

My Blog List