Tuesday, August 04, 2015

သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်း ထပ်မံထမ်းဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ တိုက်တွန်း


အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဒုတိယသက်တမ်း ထပ်မံထမ်း ဆောင်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့က တိုက်တွန်းကြောင်း (KNU) ဗဟိုကော်မတီဝင် ဖဒိုကွယ်ထူးဝင်းက ပြော ကြားသည်။

သြဂုတ်လ ၃ ရက်နေ့ နေပြည်တော်ကောင်စီ နယ်မြေ နိုင်ငံတော်သမ္မတ လယ်တောအိမ်ရာ (တောင်သူပညာပေး စံပြစိုက်ခင်း စက်ရုံ) တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ တွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ အနေနှင့် ဒုတိယသမ္မတ သက်တမ်း ထပ်မံထမ်းဆောင်ရန် KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အချို့က တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လာမယ့်ရွေးကောက်ပွဲက ကျွန်တော်တို့နဲ့လည်း မဆိုင်တော့။ အဲဒီအပေါ်မှာတော့ ဆွေးနွေးတာ မရှိဘူး။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲ ရေး လုပ်ငန်းစဉ်မှာ အတူတူတွဲလုပ်ကြခဲ့တာ ဆိုတော့ ဥက္ကဋ္ဌကြီး အနေနဲ့ အဲဒီသဘော ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ သမ္မတသက်တမ်း ထပ်မံထမ်းဆောင်ရန် တိုက်တွန်းမှုအချို့ ရှိသော်လည်း RCSS/SSA ကမူ မည်သည့်မှတ်ချက်ကိုမျှ မပေးခဲ့ကြောင်း RCSS/SSA ဗိုလ်မှူးကြီးစိုင်းလှက ဆိုသည်။

“အခြားအဖွဲ့တွေက ပြောတာတွေတော့ ကြားတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားနိုင်ဖို့ ရည်ရွယ်ပြီး ပြောကြတာပေါ့။ ကျွန်တော်တို့တော့ အဲဒါကို ဘာမှမပြောခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လက်နက်ကိုင်အဖွဲ့ပေါင်း ၁၄ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် မူကြမ်းပါ အချက်များ အပြီးသတ်နိုင်ရေး ညှိနှိုင်းလျက် ရှိသည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယသက်တမ်း ထပ်မံထမ်း ဆောင်လိုကြောင်းနှင့် အခြေခံဥပဒေအရ သမ္မတလောင်းသည် ရွေးကောက် ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်ကြောင်း ဇူလိုင်လ နောက်ဆုံးပတ်အတွင်း Nikkei Asian Review သတင်းဌာနသို့ ပြောဆိုထားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်း ထပ်မံထမ်းဆောင်ရန် KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးက ပထမအကြိမ် တိုက်တွန်းထားပြီး သမ္မတသက်တမ်း ထပ်မံထမ်းဆောင်ရန် ရှိမရှိကို ပြည်သူလူထု၏ တောင်းဆိုမှု ဆန္ဒအပေါ်တွင် မူတည်စဉ်းစားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆို ထားသည်။


The Voice Weekly

No comments:

Post a Comment

My Blog List