Friday, August 07, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ အစိုးရထံ ကမ်းလှမ်းဟုဆို


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် ရခိုင်တပ်မတော်(AA) တို့က အစိုးရထံ ကမ်းလှမ်း ခဲ့သည်ဟု ၎င်းတို့က မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံ အမှန်တကယ် ငြိမ်းချမ်းရေးရရှိရန်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် NCA အမြန်ဆုံး လက်မှတ်ရေး ထိုးရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပနိုင်ရန်အ တွက် ၄င်းတို့အဖွဲ့ သုံးဖွဲ့အပါအ၀င်  တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ အစိုးရတို့ တပြိုင်တည်း အပစ်အခတ် ရပ်စဲရေးပြုလုပ်ကြရန် သြဂုတ် ၅ ရက်က ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

AA ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြင့်နိုင်က “ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက ချမှတ် ထားတဲ့မူနဲ့အညီ တကယ်စစ်မှန်သော အဓိပါယ်ရှိသော အန်စီအေ လက်မှတ်ရေးထိုးတဲ့အချိန်မှာ တညီတညွတ်ထဲ အကုန်လုံးပါဝင်နိုင်ဖို့ရာအတွက် ဖြစ်တယ်။ အစိုးရဘက်က လက်ခံဖို့ သူတို့အပြောအရ ဆိုရင် အခွင့်အလမ်း နည်းပါးတယ်လို့ မြင်တယ်။ ဒီလိုမြင်တဲ့အတွက် ပိုပြီးတော့ အန်စီအေ ဆွေးနွေးပွဲမှာ အကုန်လုံး ပါဝင်ဖို့ ပိုပြီး လေးနက်အောင် ကျွန်တော်တို့က ထပ်ပြီး ကမ်းလှမ်းတဲ့သဘောလေ” ဟု မဇ္ဈိမကို ပြောသည်။

PSLF/TNLA ၏ ဥက္ကဋ္ဌ မိုက်အိုက်ဘုန်းကလည်း  “ဦးအောင်မင်းတို့ဘက်က ပြောနေတာက Bilateral မလုပ်ရသေးတဲ့ အဖွဲ့တွေက အန်စီအေမှာ ပါဝင်ဖို့ အခက်အခဲ ရှိတယ် ဆိုပြီး အကြောင်းပြနေတာ။ အဲဒီလို အကြောင်း ပြလို့ မရအောင် ကျွန်တော် တို့ဘက်က အပစ်အခတ် ရပ်စဲရေး၊ တွေ့ဆုံ ဆွေးနွေးပွဲ လုပ်နိုင် အောင် ကမ်းလှမ်းတာပေါ့နော်၊ သူတို့ တကယ်လို့ တွေ့ချင်တယ်ဆိုရင် အဆင်သင့် ရှိနေတယ် ဆိုတာ ကျွန်တော်တို့ အဖွဲ့သုံးဖွဲ့က ထုတ်ပြန်တာပါ”ဟု  မဇ္ဈိမကို ပြောသည်။

အစိုးရဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆန္ဒရှိမည်ဆိုပါက ၎င်းတို့၏ ကမ်းလှမ်းချက်ကို လက် ခံသင့်ကြောင်းနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရန် ကမ်းလှမ်းခြင်း ဖြစ်၍ အလေးအနက်ထားပြီး လက်ခံလိမ့်မည်ဟုလည်း မျော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။

မိုက်အိုက်ဘုန်းက “အဲဒီကမ်းလှမ်းချက်ကို အစိုးရက အလေးအနက်ထား ပြီးတော့ တုံ့ပြန်ပေးဖို့ လိုတယ်။ နောက်တခုက တပ်မတော်ဘက်ကလည်း အဲဒါကို အလေးထားဖို့လိုတယ်။ တဖက်က အပစ်အခတ် ရပ်စဲမယ်ပြော ပြီးတော့ တဖက်မှာ တပ်တွေ တိုးချဲ့ပြီးတော့ တိုက်ပွဲ ထိုးစစ်ဆင်နေမယ် ဆိုရင်တော့ ဘယ်လိုဘဲ လုပ်လုပ်တိုက်ပွဲက ရပ်မှာမဟုတ်ဘူး။ တပ်မတော် ဘက်က ဒါကို အလေးထားဖို့ လိုတယ်လို့ ပြောချင်တယ်”ဟု  ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က အပစ်အခတ် ရပ်စဲရန် PSLF/TNLA တို့ သမ္မတထံ စာဖြင့် တစ်ကြိမ် ကမ်းလှမ်းခဲ့ ဖူးသော်လည်း အစိုးရဘက်က တရားဝင်  အကြောင်းပြန်ကြားခဲ့ခြင်း မရှိကြောင်းဟုလည်း ၎င်းက ဆိုသည်။

NCA လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များက အားလုံးပါဝင်ရေးမူကို ညှိနှိုင်းနေကြသော်လည်း မြန်မာအစိုးရဘက်မှ ပြည်နယ်/ပြည်ထောင်စုအဆင့် Bilateral သဘောတူညီ ချက် မရရှိသေးသော အဖွဲ့များအား တပြိုင်တည်း ပါဝင်ခွင့်ပြုရန် ခက်ခဲသည်ဟု ဆိုထားကြောင်း တိုင်းရင်း သားအဖွဲ့များထံက သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ NCA လက်မှတ်ရေးထိုးမည် ဖြစ်သလို၊ အခြားအဖွဲ့အစည်း များ အားလုံး ပါဝင်ရေးကိုလည်း ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဇူလိုင်  ၂၆ ရက်မှ ၂၉ ရက်ထိ ပြုလုပ်ခဲ့သော SD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

သြဂုတ်လ ၆ ရက်က ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား အဆင့် မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ (UPWC) တို့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲလည်း ကျင်းပနေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List