Tuesday, August 04, 2015

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီးလီ ပြည်တွင်းလူ့အခွင့်အရေး လုပ်ဆောင်နေသူများ၊ မီဒီယာများနှင့် တွေ့ဆုံ


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီးလီသည် သြဂုတ် ၃ ရက်က ရန်ကုန်မြို့ ကုလ သမဂ္ဂရုံးတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို မေးမြန်းနိုင်ရန်အတွက် ပြည်တွင်းရှိ လူ့အခွင့်အရေးဆိုင်ရာကိစ္စ လုပ်ဆောင်နေသူများ၊ မီဒီယာအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။

“သူသိချင်တဲ့ လက်ပံတန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းသားကိစ္စ ဆွေးနွေးဖြစ်ပါ တယ်။ အမှုဖြစ်တဲ့ အခြေအနေ၊ နောက်ဆုံးရောက်နေတဲ့ အခြေအနေ၊ အာမခံရထားတဲ့ အခြေအနေ ဒီလောက်ပါပဲ။ ကျွန်တော်တို့နဲ့ မသိတဲ့ နယ်ကသူတွေ၊ တိုင်းရင်းသားတွေ များပါတယ်။ အခုလိုလာတော့ ကောင်းပါတယ်။ ကျောင်းသူကျောင်းသား တွေအတွက် ကမ္ဘာက စောင့်ကြည့်နေတယ် ဆိုတာကို အားဖြစ်စေတာပေါ့။ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်က အားကိုးလောက်တဲ့ အနေအထားကို မရောက်သေးတဲ့အတွက် အခုလို နိုင်ငံခြား က တိုက်ရိုက်လာရတာပေါ့။ လူ့အခွင့်အရေး ကော်မရှင်က သီးခြားလွတ်လပ်တဲ့ ကော်မရှင်တစ် ရပ်ဖြစ် အောင် ကြိုးစားဖို့ လိုတယ်။ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တတ်ဖို့ လိုတယ်။ နောက်ပြီး တော့ ကျောင်းသားတွေ မကြိုက် တဲ့ ဦးဇော်ဝင်းလို ပုဂ္ဂိုလ်မျိုးကို အနားပေးသင့်တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် က ပြောကြားသည်။

ပြည်တွင်းရှိ မီဒီယာများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် Eleven Media Group မှ အယ်ဒီတာချုပ် ကိုဝေဖြိုး၊ မြန်မာဂျာနယ်လစ်ကွန် ရက်မှ ဦးမြင့်ကျော်၊ ဒီဗွီဘီမှ ဦးတိုးဇော်လတ်၊ မဇ္ဈိမမှ အယ်ဒီတာ ကိုဝိုင်းနှင့် ဧရာဝတီမှ Lawi Weng တို့ တက်ရောက်ခဲ့ကြသည်။

“အစိုးရ၀န်ကြီးဌာနက မီဒီယာကို တရားစွဲဆိုတာတွေ အပါအ၀င် ကျွန်တော်တို့ကို ပြန်ကြားရေးက ပုဒ်မ ၅၀၀ နဲ့ ငါးယောက်အထိ တရားစွဲတာ၊ ၁၇ ယောက်ကို တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ တရားစွဲထားတာနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တယ်။ ကျွန်တော်တို့ Eleven Media Group, CEO လုပ်ကြံခံရတဲ့ ဖြစ်စဉ်နဲ့ နောက်ကွယ်က ဆက်စပ်ပတ်သက်ပါဝင်နိုင်မှု အခြေအနေတွေကိုလည်း ပြောပြခဲ့တယ်။ UN အနေနဲ့ ဒီကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိရှိအောင် လိုအပ်သလို လုပ်ဆောင်နိုင်အောင် ရှင်းပြခဲ့တာပါ။ ကရင်ပြည်နယ်မှာ NLD ရပ်/ကျေးဥက္ကဋ္ဌ အသတ်ခံရတာ၊ ရှမ်းပြည်နယ် နမ့်စန်မှာ NLD ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတဲ့ ကိစ္စမျိုးတွေနဲ့ ဆက်စပ်ပြီး ရွေးကောက်ပွဲ အကြိုကာလမှာ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပြီးချိန်မှာ ဆက်တိုက်ပေါ်ပေါက်လာတဲ့ ပဋိပက္ခ၊ အဓိကရုဏ်း ဖန်တီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်စရာ ဖြစ်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ ပြီးတော့ နယ်ပယ်အသီးသီးမှာရှိတဲ့ ထင်ရှားသူတွေကို လုပ်ကြံတာ မျိုးတွေ အတွက်လည်း သတိပြုရမယ့် အနေအထား ဖြစ်နေတယ် ဆိုတာတွေကိုလည်း အချက်အလက် တချို့နဲ့ ရှင်းပြခဲ့ပါတယ်” ဟု Eleven Media Group အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် အနေဖြင့် ယခုနှစ်အောက်တိုဘာလတွင် တင်သွင်းမည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး လာရောက်တွေ့ဆုံ မေးမြန်းခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ပေးအပ်ထားတဲ့ လုပ်ငန်းစဉ်တွေကို မျှမျှတတ၊ မျက်နှာမလိုက်ဘဲနဲ့ ပွင့်ပွင့်လင်းလင်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီးလီက ဆိုသည်။

မစ္စရန်ဟီးလီ အနေနှင့် မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် ခရီးစဉ်ကို သြဂုတ် ၃ ရက်က စတင်ခဲ့ပြီး အမျိုးသားအဆင့် မူဝါဒပိုင်းဆိုင်ရာနှင့် ဆက်စပ်သော အာဏာပိုင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့် အခြားသော တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် သြဂုတ် ၂ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံ၌ နေထိုင်မည် ဖြစ်ကြောင်း သိရသည်။ မစ္စရန်ဟီးလီသည် မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ်ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက လာရောက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List