Wednesday, August 05, 2015

သို့ ... ဒေါ်အောင်ဆန်းစုကြည်၊ မှ ... မင်းဒင်


(၁)အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။

ဂါရဝတရား ရှေ့ထားလျက် စာရေးသား ပေးပို့အပ်ပါသည်။ ကျွန်တော်သည် ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် နေထိုင်လျက် စာတိုပေစများ ရေးသားနေသူ ဖြစ်ပါသည်။ ကျွန်တော်သည် မည်သည့်ပါတီသို့မျှ ဝင် ရောက်ထားသူ မဟုတ်ဘဲ သာမန်ပြည်သူတစ်ဦး အနေနှင့် အစ်မကြီးအား ယုံကြည်ချစ်ခင် လေးစားနေ သူမျှသာ ဖြစ်ပါသည်။ ထိုသို့ယုံကြည်လေးစားရခြင်းမှာ ပုဂ္ဂိုလ်ရေး ဆည်းကပ် ကိုးကွယ်မှုကြောင့် မဟုတ်ဘဲ အစ်မကြီးအနေနှင့် လူအများအပေါ် ထားရှိသည့် ကြီးမားနက်ရှိုင်းလှသော စိတ်ရင်း စေတနာနှင့် လူတကာ မယှဉ်သာသည့် ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကြောင့် ဖြစ်ပါသည်။
ယခု ဤစာကို ရေးသားပေးပို့ရခြင်းမှာ အဖွဲ့ချုပ် (၂၀၁၅) ရွေးကောက်ပွဲ လျာထားကိုယ်စားလှယ်များ စာရင်း ထုတ်ပြန်ကြေညာချက်တွင် ဒေါက်တာ ဒေါ်ညိုညိုသင်း၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဒေါက်တာသိန်းလွင် အပါအဝင် အများပြည်သူ ယုံကြည်လေးစားသော စွန့်လွှတ် အနစ်နာခံမှု အစဉ်အ လာကြီးမားသည့် ပုဂ္ဂိုလ်တချို့ မပါဝင်ကြောင်း အဖွဲ့ချုပ်၏ တရားဝင်ထုတ်ပြန်သော သတင်းများအရ သိရှိရသောကြောင့် ဖြစ်ပါသည်။

(၂)

ထိုသို့ သတင်း ထုတ်ပြန်ချက်ကြောင့် အဖွဲ့ချုပ်အား အလေးအနက် ထောက်ခံယုံကြည်ကြသော ကျွန်တော် အပါအဝင် ပြည်သူအများစုမှာ မှင်တက် အံ့အားသင့်ခြင်း၊ တွေဝေခြင်းကြီးစွာ ဖြစ်ကြရပါသည်။ ခံစား ချက်ကို မမျိုသိပ်နိုင်သူများ အနေနှင့်လည်း အဖွဲ့ချုပ်အပေါ် မကျေနပ်ခြင်း၊ ပြင်းထန်စွာ ရေရွတ်ပေါက်ကွဲ ဝေဖန်ခြင်း၊ အဖွဲ့ချုပ်ဝင်များ ကိုယ်တိုင်ပင် မြို့နယ်လုံးကျွတ်ပါတီဝင် အဖြစ်မှ နုတ်ထွက်မည် စသည်ဖြင့် မလိုလားအပ်သော နောက်ဆက်တွဲဖြစ်ရပ်များ နေရာအတော်များများမှ ထွက်ပေါ်လာ ခဲ့ပါသည်။

အဆိုးရွားဆုံးမှာ အဖွဲ့ချုပ်ကို ဝန်းရံခဲ့သော ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အဖွဲ့ချုပ်တို့အကြား ရင်ကြား စေ့၍ မရနိုင်အောင် သဘောထား ကွဲလွဲနေကြပြီဟူသော သတင်းစကား ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော့်အနေနှင့်မူ အစ်မကြီး၏ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဖဆပလခေတ် ရွေးကောက်ပွဲမိန့်ခွန်းကို ပြန်ပြောင်းဆင်ခြင်သတိရလျက် အကောင်းဘက် မှသာ ရှုမြင် နားလည်ခဲ့ပါသည်။

“ခင်ဗျားတို့ဒေသကို ရွေးချယ်ခံဖို့ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းကို ခင်ဗျားတို့ ကြိုက်ချင်မှကြိုက် မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့မို့ လူရွေးမှားတာ ပါကောင်းပါမယ်။ အရေးကြီးတာက ဖဆပလ အနိုင်ရ ဖို့လိုတယ်။ ဖဆပလထက် တိုင်းပြည်ကို ပိုလုပ်ပေးတဲ့ အဖွဲ့အစည်းမရှိဘူး။ ဒီတော့ လွှတ်လိုက်တဲ့ ကိုယ်စား လှယ်ကို ခင်ဗျားတို့မကြိုက်လည်း ဖဆပလ အဖွဲ့ချုပ်မျက်နှာကို ထောက်ပြီး မဲထည့်လိုက်ပါ” (ဗိုလ်ချုပ် အောင်ဆန်း)

ဗိုလ်ချုပ် မိန့်မှာဘိသကဲ့သို့ ယခုကာလသမယ သည်လည်း ဖဆပလခေတ် နည်းတူ တိုင်းပြည်ရှေ့ရေး အလှည့်အပြောင်း အတွက် အမှားမခံ၊ ညီညွတ်ရေး မပြိုကွဲသင့်သောအချိန် ဖြစ်လေရာ ရွေးကောက်ပွဲ ကိုယ်စားလှယ် စာရင်းသည် အမှားအယွင်း အားနည်းချက်တချို့ ပါရှိနိုင်သည်၊ နားလည်ခွင့်လွှတ်ကြရမည် ကိုလည်း ပြည်သူအများစု အနေနှင့် ကောင်းစွာ သိရှိ သဘောပေါက်ကြပါသည်။

(၃)

ကျွန်တော်အပါအဝင် ကိုးဆယ်ရာခိုင်နှုန်းကျော် မျှသော မြန်မာ ပြည်သူလူထုသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အနစ်နာခံ စွန့်လွှတ်မှုနှင့် အစ်မကြီး၏ သူမတူသော စွမ်းဆောင်ရည်ကို အလေးအနက်ယုံ ကြည် ကြသူများဖြစ်ရာ အထက်ရည်ညွန်းပါ ကိစ္စရပ်အား သွေးရိုးသားရိုးသဘော ဟုသာ မှတ်ယူ ယုံကြည်ခဲ့ပါသည်။

သို့သော် အထိုက်အလျောက် ဘဝအတွေ့အကြုံ စုံခဲ့သော ကျွန်တော့် အနေနှင့် ခိုင်လုံသည်ဟု ယုံကြည် လောက်သည့် အဖွဲ့ချုပ်ကြီး၏ အတွင်းပိုင်းကျကျ သတင်းများအရ လည်းကောင်း၊ တောင်ဥက္ကလာ၊ ဗဟန်း အပါအဝင် မြို့နယ်အချို့၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး မှတ်တမ်းများ အရ လည်းကောင်း၊ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော ကိုယ်စားလှယ်စာရင်း လွဲချော်မှုသည် သွေးရိုးသားရိုး မဟုတ်ကြောင်း သံသယ ဖြစ်ဖွယ် ရှိနေပါသည်။ အစ်မကြီးနှင့် အလွန်နီးစပ်သော ပုဂ္ဂိုလ်တချို့ အနေနှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး တတ်သိပညာရှင်များ၏ သဘောဆန္ဒကို ကျော်လွန်လျက် ထင်ရာ စိုင်းခဲ့ကြသည်ဟု ထင် ကြေးပေးလျက် ရှိပါသည်။ အဆိုပါ ထင်ကြေးသည် အမှန်တရားနှင့် အလွန်နီးစပ်နေဟန် ရှိကြောင်းကို လည်း အလေးအနက် ဖော်ပြလိုပါသည်။

မြန်မာနိုင်ငံသည် ခေတ်ဆိုးစနစ်ဆိုးကို ဖန်တီးခဲ့ကြသော ကိုယ်ကျိုးရှာသမား တို့ကြောင့် ခရုဆန်ကျွတ် ဘဝဖြင့် နှစ်ပရိစ္ဆေဒများစွာ လူမှုဒုက္ခမျိုးစုံကို ကျောကော့နေအောင် ခံစားနေခဲ့ကြရရာမှ ယခုကဲ့သို့ ဒီမိုကရေစီ ခေတ်ဦးဆီသို့ မှုန်ပျပျ မြင်လာရချိန်တွင် အဖွဲ့ချုပ်သည်လည်းကောင်း၊ အစ်မကြီးသည် လည်းကောင်း၊ တစ်တိုင်းပြည်လုံး၏ တာဏံ၊ လေဏံ မှီခိုလဲလျောင်း ပုန်းအောင်းရာဟူ၍ ပြည်သူအများမှ ယုံကြည်ကိုးစားကြ သည်ဖြစ်ရာ အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ် အတွက် အစ်မကြီးအား အောက်ပါအတိုင်း လေးစားစွာ အကြံပြုလိုပါသည်။

(၄)

(က) အဆိုပါ ရွေးချယ်ထုတ်ပြန်မှုသည် ပြည့်စုံ လုံလောက်သော ဆင်ခြင်တုံတရား အပေါ်တွင် အခြေခံခြင်း ရှိ မရှိ၊ အစ်မကြီးကိုယ်တိုင် နာရီပိုင်းမျှ အချိန်ပေး စိစစ်စေလိုပါသည်။ (ခ) အကယ်၍ မှန်ကန်သည်ဆိုပါက မည်သည့်အကြောင်း တို့ကြောင့် ယင်းသို့ ထုတ်ပြန်ရကြောင်း၊ ပြည်သူလူထုသို့ အစ်မကြီးကိုယ်တိုင် တစ်ခွန်းတစ်ပါဒ ဖွင့်ဟအသိပေး နှစ်သိမ့် ကျေအေးစေလိုပါသည်။ (ဂ) အကယ်၍ ပုဂ္ဂိုလ်ရေးတင်းမာမှု၊ မကျေနပ်မှု၊ မရိုးသားမှု၊ လုပ်ပိုင်ခွင့်လွန်ဆွဲမှု၊ ပါဝါအာဏာပြမှု များကြောင့် ဖြစ်ပေါ်ခဲ့သည်ဆိုပါက အဆိုပါအမှားကို အစ်မကြီးအနေနှင့် အကောင်းဆုံး ကုစားမှုတစ်ခုခု အလျင်အမြန် ဆောင်ရွက်ပေးစေလို ပါသည်။ သို့တည်းမဟုတ် ထိုသို့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကိုယ်တိုင် ကတိပြုစေလိုပါသည်။ ဆိုလိုသည်မှာ ကိုယ်စားလှယ်လောင်းစာရင်းတွင် မကျန်ရစ်သင့်ဘဲ ကျန်နေခဲ့သော ပုဂ္ဂိုလ်များ ပါဝင် လာနိုင်မည့် ပိုမိုကောင်းမွန်သော ရှေ့နိုင်ငံရေး အခင်းအကျင်းတစ်ရပ်ကို မြင်သာအောင် ဖော်ပြကြေညာ ပေးရန် ဖြစ်ပါသည်။

(၅)

‘တိုက်ပွဲကာလမှာ တိုက်ရည်ခိုက်ရည် ရှိတဲ့သူတွေလိုအပ်တယ်။ ပြန်လည် တည်ဆောက်ရေးကာလ ရောက် ရင်တော့ တတ်သိ ပညာရှင်တွေ လိုအပ်တယ်။ သစ်ပင်ခုတ်တဲ့အခါ သစ်ခုတ်သမားက ခုတ်ရပေမယ့် အဲဒီသစ်ကို ပန်းပုထုတဲ့ အခါမှာတော့ သစ်ခုတ်သမား ထုလို့ မရတော့ပါဘူး။ ပန်းပုဆရာနဲ့ပဲ ထုရမှာပါ’

အထက်ပါစကားရပ်မှာ အစ်မကြီး ပြောကြားဖူးသော မိန့်ခွန်းတစ်ခုမှ ကောက်နုတ်ချက်ဖြစ်ပါသည်။ အငြင်းပွားရန်မရှိပါ။ သို့သော်...။ ရည်ညွန်းပါဖြစ်ရပ်မှာ တိုက်ရည်ခိုက်ရည်နှင့် တတ်သိပညာရှင် များပါ တစ်ပြိုင်တည်း အပူတပြင်း လိုအပ်နေချိန်တွင် သစ်ခုတ်သမားရော၊ ပန်းပုဆရာတို့ကပါ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြရန် ကိုယ်တိုင် ဆန္ဒပြု ပါဝင်ကြပါလျက် မယုံကြည်ဖွယ်ရာ အဖယ်အကြဉ် ခံကြရသကဲ့သို့ ရှိနေပါသည်။

နှစ်ပေါင်းငါးဆယ်ကျော်မျှ အစိုးရအဆက်ဆက်၏ ညံ့ဖျင်းယုတ်မာ ပက်စက်မှုများကြောင့် နာကြည်းခံပြင်း နေသော လူထုသည် လာမည့် ရွေးကောက်ပွဲတွင် (မရိုသေ့စကား) ခွေးကိုအမြီးဖြတ်လျက် အဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်လျှင်ပင် အနိုင်ရမည်ကို ကျွန်တော် ကောင်းစွာ ခန့်မှန်းရိပ်စားမိပါသည်။

သို့သော် စနစ်ဆိုးကို အချိန်တိုတိုအတွင်း တွန်းလှန်ဖြိုဖျက်နိုင်ရေး အတွက် တောင်ပြိုကမ်းပြို အနိုင်ရဖို့ လိုပါသည်။ တိုက်ရည်ခိုက်ရည် အပြင် နှလုံးရည်ပြည့်ဝသော ဒေါင်ဒေါင်မြည် ကိုယ်စားလှယ်များ ဖြစ်ပါမှ အဖွဲ့ချုပ်အနေနှင့် ခိုင်မာသည့် အစိုးရတစ်ရပ်ကိုဖွဲ့စည်းနိုင်ကာ အဘက်ဘက်မှ ချွတ်ခြုံကျနေသော တိုင်းပြည်ကို အမြန်ဆုံး အဖတ်ဆယ်နိုင်ပါလိမ့်မည်။

နိဂုံးချုပ်အနေနှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်အရွယ်နှင့် မမျှ ပင်ပန်းခြင်းကြီးစွာ အချိန်ပြည့် ရုန်းကန် ပူပန်နေရသော အစ်မကြီး၏ နေ့စဉ်ဘဝကို ကျွန်တော်ကောင်းစွာ စာနာနားလည်ပါသည်။ ကျွန်တော်၏စာတွင် အမှားအယွင်း တစ်စုံတစ်ရာ ပါရှိပါကလည်း မေတ္တာတရား ဖြင့် ခွင့်လွှတ်ပါ မည့်အကြောင်း တောင်းပန်စကား ဆိုအပ်ပါသည်။

ကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါ၏။

ဂါရဝတရားဖြင့်၊
လေးစားမှု များစွာဖြင့်၊
မင်းဒင်
ဖူးခက်ကျွန်း
ထိုင်းနိုင်ငံတောင်ပိုင်း၊ 
(၂၀၁၅) သြဂုတ်လ (၃) ရက်။
The Voice Weekly

No comments:

Post a Comment

My Blog List