Tuesday, August 04, 2015

ဇေကမ္ဘာဝင်း စိတ်ကြွဆေးပြား ဖမ်းမိမှု စီးပွားရေးလုပ်ငန်းရှင်များပါဝင်ဖွယ် ရှိဟုဆို



မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အတွင်းရှိ ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကန်ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၆ သန်း ဖမ်းဆီးရမိမှု၏ နောက်ကွယ်တွင် စီးပွားရေးလုပ်ငန်းများ ပါဝင်ပတ်သက်ဖွယ်ရှိပြီး ထွက်ပြေးလွတ်မြောက်နေကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက ပြောကြားသည်။


ကမ္ဘာတွင် ဒုတိယအများဆုံးနှင့် အရှေ့တောင်အာရှတွင် အများဆုံး စိတ်ကြွဆေးပြား ဖမ်းဆီးမှုကို စုံစမ်းရာမှ သြဂုတ်လ ၃ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၁ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် စိတ်ကြွဆေးပြား ၁၅ သိန်းကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းဆေးပြား အမြောက်အမြား တွေ့ရှိမှုတွင် “ရေလုပ်ငန်း ကုမ္ပဏီ အမည်ခံပြီး နောက်ကွယ်မှာ မူးယစ်ဆေးဝါး လုပ်ငန်းတွေ လုပ်နေတာပါ။ သိမ်းဆည်းရမိတဲ့ ကွန်တိန်နာကားတွေရဲ့ ယာဉ်ပိုင်ရှင်ကို စုံစမ်းရာက ရေလုပ်ငန်းကုမ္ပဏီက လူတွေ မှန်းသိခဲ့ပြီး သူတို့နေခဲ့တဲ့ မြောက်ဒဂုံက နေအိမ်တွေကို ဒီနေ့မနက် ဝင်စစ်ဆေးတာ၊ နေအိမ်တစ်လုံးမှာ ဆေးပြား ၁၅ သိန်း တွေ့ခဲ့ တယ်။ အခြားနေအိမ်တွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပါ” ဟု ရဲမှူးချုပ် ကျော်ဝင်းက ဆက်လက်ပြောကြားသည်။



အလေးချိန် ၂ ဒသမ ၆၇ တန်ရှိ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ ဥယျာဉ်မြို့တော် ဝင်း (ဇေကမ္ဘာဝင်း) တွင် ရပ်နားထားသော KIA BONGO အမျိုးအစား ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ သိမ်းဆည်းရမိခဲ့ပြီး ယင်း အမှုကို နိုင်ငံတော်အဆင့် စုံစမ်းခဲ့ရာမှ ဆာလာအိတ် ငါးအိတ်ဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွဆေးပြား ၁၅ သိန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၄၁ ရပ်ကွက်၊ ပဒေသရာဇ်လမ်းရှိ အိမ်အမှတ် ၂၂၈ နေအိမ်တွင် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။



“ရှစ်မိုင်လမ်းဆုံ ရွှေကမ္ဘာ အိမ်ရာဝင်းနဲ့ ရခိုင်ပြည်နယ်ဘက်မှာ ရေလုပ်ငန်းကုမ္ပဏီရုံးခန်းတွေဖွင့်ပြီး ကုမ္ပဏီအမည်ခံ လုပ်နေသူ တွေနဲ့ အခုဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေက ပတ်သက်နေတယ်။ ကုမ္ပဏီက ဝန်ထမ်းတွေကို လိုက်စုံစမ်းပေမယ့် အားလုံးက ထွက်ပြေးတိမ်းရှောင်သွားပြီ။ သူတို့နေထိုင်ခဲ့တဲ့ နေအိမ်တွေနဲ့ ကုမ္ပဏီရုံးခန်းတွေကို ဝင်စစ်ဆေးခဲ့ရာက ဆေးပြားတွေ ထပ်မိတာပါ” ဟု မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်ဝင်းက ပြောကြားသည်။



အဆိုပါ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့သည့် ကွန်တိန်နာယာဉ်မှ ယာဉ်ပိုင်ရှင်ဖြစ်သူ အသက် ၂၀ ကျော် အရွယ်ရှိ ကိုလှမောင်မှာ ယင်းရေလုပ်ငန်း အမည်ခံ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ရာထူးခံယူထားသူ ဖြစ်ကြောင်း၊ ၎င်းတို့ မိသားစု နေထိုင်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ နေအိမ်ကို စုံစမ်းရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းကုမ္ပဏီနှင့် ဆက်နွှယ်သူများ နေထိုင်သည့် သာကေတမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့ရှိ နေအိမ်ခြောက် လုံးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။



“ဒီ Case က အရမ်းကြီးတယ်။ ကျပ် ၁၃၃ ဘီလီယံကျော် ဆေးပြားတွေ ဖမ်းမိမှုရဲ့ နောက်ကွယ်မှာ အင်မတန်ကြီးတဲ့ အဖွဲ့အစည်း တစ်ခု ရှိနိုင်တယ်။ အခု စုံစမ်းမိတဲ့သူတွေက ငွေကြေး အရမ်းချမ်းသာသူတွေ မဟုတ်ဘူး။ ပါးနပ်လိမ္မာလို့ ဒီဆေးပြားတွေ သယ်ယူ ပို့ဆောင်ရေးမှာ စေခိုင်းခံရသူတွေလို့ ယူဆထားတယ်။ ရေထွက်လုပ်ငန်း ကုမ္ပဏီ အမည်ခံပြီး ပင်လယ်ရေကြောင်းက တစ်ဆင့် စိတ်ကြွဆေးပြားတွေကို သယ်ယူနေတာ။ စိုးရိမ်တာက ခန့်မှန်းထားသလို နောက်ကွယ်မှာ အင်မတန် ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခု တကယ်ဖြစ်ခဲ့မယ်ဆို အခု လိုက်စုံစမ်းခံနေရသူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ အမှုမှန် မဖော်နိုင်အောင်လို့ မူးယစ်လော ကမှာ အချင်းချင်း အပျောက်ရှင်းပစ်တာမျိုးတွေကရှိနေတတ်လို့ပါ” ဟု မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အကြီး တန်း ရဲအရာရှိတစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။



အဆိုပါ စိတ်ကြွဆေးပြားများနှင့် ပတ်သက်ဆက်နွှယ်နေသည့် ရေလုပ်ငန်းကုမ္ပဏီမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ ဆွေမျိုးများကို ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ်က စိတ်ကြွဆေးပြား သုံးသိန်းကျော် ဖမ်းမိမှုတွင် ယင်းကဲ့သို့ စီးပွားရေးလုပ်ငန်း အမည်ခံကာ ရေလုပ်ငန်းများ လုပ်ကိုင်နေသည့် Natural Force ကုမ္ပဏီပိုင်ရှင် ဖြစ်သူ၏ နေအိမ်မှ စိတ်ကြွဆေးပြား သုံးသိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly


No comments:

Post a Comment

My Blog List