Monday, August 03, 2015

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုများနှင့် ပြည်သူ့အသံ


နာဂစ်နောက်ပိုင်း  အဆိုးရွားဆုံးအဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေပြီး ဒေသအချို့တွင်အရေးပေါ်အခြေအနေဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပတ်ခန့်မှစ၍ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းကာ ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးသင့် ပြည်သူတစ်သိန်းကျော်ရှိနေပြီး လူ ၂၇ဦးသေဆုံးခဲ့ကြောင်း အစိုးရကသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါရေဘေးဒုက္ခသည်များအတွက် အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုလူတန်းစားအသီးသီးက ကူညီ ထောက်ပံ့ရေးများကို ကိုယ်ထူ ကိုယ်ထ စုပေါင်းလှူဒါန်းခဲ့သည်။ ဒေသအသီးသီးမှ ပြည်သူများစွာအတိ ဒုက္ခရောက်၍  ရေဘေးမှအသက်လုစွန့်ခွာသည့်အချိန်ရောက်မှသာ အစိုးရကအထက်ပါဒေသလေးခုကို အရေးပေါ်အခြေအနေကြေညာ ခဲ့ပြီး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပြည်သူများက ဝေဖန်ခဲ့ကြသည်။

ထို့ကြောင့် လတ်တလောရေဘေးအပေါ် အစိုးရကကိုင်တွယ်ပုံနှင့် ဒုက္ခသည်များအတွက် အရေးပေါ်လိုအပ် နေသည့် အကူအညီနှင့် လိုအပ်ချက်များကို စုစည်း၍ ပြည်သူ့အသံအဖြစ် တင်ပြလိုက်ပါသည်။

ဦးထွန်းလွင်

(မိုးလေ၀သပညာရှင်)

အစိုးရက တော်တော်ဆိုးရွားမှ အရေးပေါ်ကြေညာတာကတော့ မအံ့သြဘူး။ ဒါက သူတို့အတွက်က မထူးဆန်းတော့ဘူး။

အရေးပေါ်ဘေးအန္တရာယ်ကျပြီဆိုရင် အစိုးရက အဓိကပထမဆုံး လုပ်ရမှာက ပြည်သူတွေအသက်မသေဖို့။ နောက်ဆက်တွဲကတော့ ရော ဂါဘယတွေ၊ မြွေအန္တရာယ်တွေမဖြစ်အောင် အစိုးရက စောင့်ရှောက်ပေး ရမယ်။ သူတို့စားဝတ်နေရေးကတော့ ရေရှည်လုပ်ပေးရမယ့်အရာပဲ။

အခုဖြစ်ပေါ်နေတဲ့ ရေဘေးကတော့ အဓိကက ရာသီဥတုဖောက် ပြန်လို့ပဲ။ မိုးများတာ၊ မုန်တိုင်းရှိတာတွေ ဖြစ်ပွားတာ။ နောက်ပြီး ဆိုးဆိုး ရွားရွားဖြစ်စေတာကတော့ ကြိုတင်ကာကွယ်တားဆီးရေးမလုပ်နိုင်တာ ပဲ။ အဲဒီလိုကြိုတင်လုပ်ဆောင်တာက သိရသလောက်ဘာမှမရှိဘူး။

ခင်နှင်းကြည်သာ

(ဥက္ကဋ္ဌ၊ တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်)

ရေဘေးအန္တရာယ်အခြေအနေဆိုးရွားတဲ့အဆင့်ရောက်မှ အစိုးရ က ဘေးအန္တရာယ်ကျရောက်တဲ့အခြေ အနေကြေညာတာကတော့ အ ရမ်းနောက်ကျနေပြီလို့မြင်တယ်။ ဒါကြောင့် ပြည်သူတွေကလည်း အစိုး ရကိုယုံကြည်မှုအားနည်းလာတယ်။ အခုလိုအရေးပေါ်အခြေအနေမှာ တော့ ပြည်သူတစ်ယောက်အနေနဲ့ အစိုးရကို လုပ်စေချင်တာက အရေး ပေါ်ဖြစ်နေတဲ့ရေကြီးမှုမှာ ပိတ်မိနေတာတွေကို အရင်ကယ်ဆယ်စေ ချင် တယ်။ ဒါနဲ့တစ်ဆက်တည်းမှာပဲ အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေး ကို လုပ်ပေးစေချင်တယ်။ အခုထက်ပိုပြီး ရေဘေးသင့်ပြည်သူတွေကို အားစိုက်ပြီး ကူညီစေချင်တယ်။ 

အခုရေဘေးသင့်တဲ့ဒေသတွေမှာဆိုရင် ပထမအဆင့်အနေနဲ့ လူတွေကိုကယ်ဆယ်ပြီး ဒုက္ခသည်စခန်းဖွင့်ရ မယ်။ အစားအသောက်၊အ၀တ်အထည်တွေ ပြည့်ပြည့်စုံစုံ ကူညီပေးရ မယ်။ ကျန်းမာရေးအတွက်လည်း ဆေးဝါးအပြည့်အစုံလုပ်ပေးထားရ မယ်။ ရေပြန်ကျသွားတဲ့အချိန်မှာ မြွေတွေကျန်ရှိနေတတ်တာကြောင့် မြွေအန္တရာယ်ကာကွယ်ဖို့ကိုလည်း လုပ်ဆောင်ပေးထားရပါမယ်။

ကိုမျိုးဝင်း

(ရွှေညီကို ဒံပေါက်၊ ကျောက္ကာလမ်း၊ မုံရွာမြို့)

အစိုးရက အသိပေးကြေညာတာနောက်ကျတယ်။ သတင်းထုတ် ပြန်ဖို့ ထိန်းချုပ်တာတွေရှိနေတယ်လို့ မြင်တယ်။ အစိုးရအနေနဲ့ တာဝန် အရှိဆုံးဖြစ်တဲ့အတွက် ပြည်သူတွေကို ဦးဆောင်ဦးရွက်လုပ်ပြဖို့တော့ လိုတယ်။ လက်ရှိအခြေအနေမှာ အသင်းအဖွဲ့တွေ၊ လူသားချင်းစာနာတဲ့ သူတွေ ဦးဆောင်ဦးရွက်လုပ်နေ တာ အာဏာပိုင်တွေဘက်က ၀န်းရံမှု အင်မတန်နည်းပါးနေသေးတယ်။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုကြောင့် အခုလိုရေဘေးဒုက္ခကြုံတွေ့နေရ တာပါ။ အရေးပေါ်အခြေအနေမှာ အစိုးရအနေနဲ့ စီမံခန့်ခွဲမှုကောင်းဖို့ တော့လိုတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ရမယ်။ ကူညီထောက် ပံ့ရေးလုပ်ငန်းတွေကို တစ်ပြေးညီသတင်းထုတ်ပြန်ပေးဖို့ သင့်ပါတယ်။

ဒေါ်သန်းမြင့်အောင်

ဒုဥက္ကဋ္ဌ-နာရေးကူညီမှုအသင်း(ရန်ကုန်)

ဒီတစ်ခါဖြစ်တဲ့အဖြစ်က တော်တော်ဆိုးတယ်။ နာဂစ်တုန်းကဆိုး  တာက တစ်မျိုး။ အခုဆိုးတာကတစ်မျိုး။ အခုက မြန်မာနိုင်ငံတစ်နိုင်ငံ လုံးနီးပါးကို ဖြစ်နေတာလေ။ သူတို့ရင်ထဲမှာ ဘယ်လောက်ပူဆွေးသော ကရောက်နေမလဲဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေက ထပ်တူနဲ့ အမျှ ခံစားနေရတယ်။

အန်တီတို့နာရေးကူညီမှုအသင်းမှာရော တခြားတခြားသောနေရာ တွေမှာပါ ပြည်သူလူထုအားလုံးက အဲဒီလူတွေအတွက် အလှူခံနေ ကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ရောက်အောင်ပို့ကြတယ်။ ဒီဆယ်စုနှစ် မှာတော့ ပြည်သူလူထု ပူပင်ကြောင့်ကြရတဲ့ အကြီးမားဆုံးရင်ဆိုင်မှုတစ်ခု ပဲ။ ပြည်သူတစ်ယောက်ထက် ပိုပြီးလုပ်နိုင်တာအစိုးရပါ။ လမ်းပန်း ဆက်သွယ်ရေးကို တကယ်ကြီးကြီးမားမားလုပ်ပေးနိုင်တာ အစိုးရပါပဲ။ အဓိကကတော့ သူတို့ရဲ့ အသက်အန္တရာယ်ပဲ။ အသက်အန္တရာယ်ကင်းဝေးပြီဆိုရင် သူတို့ရဲ့အာဟာရပဲ။ ရေကျသွားရင် ပြန်လည်ထူထောင်ရေး။ အဲဒါကို ပြည်သူတွေလုပ်ပေးနေတယ်။ ပြည်သူတွေဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး ပြည်သူတွေထက်ပိုပြီးလုပ်ပေးနိုင်တာ အစိုးရပဲ။

ဒီလိုရေဘေးအန္တရာယ်ဖြစ်တာ သဘာဝဂေဟနစ်ကြီးပျက်စီးလို့ပါပဲ။ ဒီဂေဟစနစ်ကြီး ပျက်စီးလို့ နောက် လည်းကြုံစရာတွေရှိလာနိုင်ပါတယ်။ ရှိကောင်းရှိလာနိုင်တယ်။ အခုလည်းရှိနေတာပဲ။ ရေဘေးသင့်ပြည်သူ တွေ အဓိကလိုအပ်နေတာက ရေသန့်နဲ့ ရေသန့်ဆေးတွေပါပဲ။

ဒေါ်မကြိုင်

(ကြက်လျှာကျွန်းရပ်ကွက်၊ မြောက်ဦးမြို့)

တစ်ရပ်လုပ်မှ တစ်ရက်စားရတဲ့ဘ၀မို့ သတိပေးချက်တွေကိုလည်း သိပ်ပြီးတော့ စိတ်ဝင်စားဖို့အချိန်မရ လိုက်ပါဘူး။ သေချာတာတစ်ခုက တော့ ရေတက်လာတဲ့နေ့တွေမှာတောင် နေရာပြောင်းရွှေ့ကြဖို့ ဌာန ဆိုင်ရာတွေက သတိပေးတာမရှိပါဘူး။ ကိုယ့်အသိနဲ့ကိုယ် ပြောင်းရွှေ့ လာကြတာဖြစ်ပါတယ်။

ဒုက္ခရောက်ရင်တော့ အားကိုးမယ့်သူကို စဉ်းစားတတ်ကြပါတယ်။ အဓိကကတော့ ပြည်သူတွေက အစိုးရကို အားကိုးတတ်ကြပါတယ်။ ဒါပေမဲ့ အစိုးရက အားကိုးမထိုက်ဘူးလို့ ဆိုရမလားမသိတော့ဘူး။ ပွဲ သိမ်းမှပဲ ရောက်လာကြပါတယ်။

လက်ရှိမှာတော့ ရေဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေက အဓိကလိုအပ်ချက်ဖြစ် နေပါတယ်။ နောက်ထပ်လို အပ်ချက်တွေကတော့ အများကြီးပါပဲ။ နေအိမ်ပြိုပျက်သွားတာတွေကို ဆောက် ပေးဖို့လိုပါတယ်။ မိုးစပါးပြန်စိုက်နိုင်ဖို့ လိုအပ်တာတွေစီစဉ် ပေးစေချင်ပါတယ်။ လေးမြို့မြစ်ကနေ မြောက် ဦးမြို့ကို လွန်ခဲ့တဲ့ ၁၉၉၇ လောက်က  ဖောက်ချောင်းတစ်ခု ဖောက်လုပ်လိုက်ပါတယ်။ အဲဒီဖောက်ချောင်း ကြောင့် လေးမြို့မြစ်ကရေတွေ တစ်ဖြောင့်တည်းမစီးတော့ဘဲ ဖောက် ချောင်းကတစ်ဆင့် မြောက်ဦးမြို့ကို လျှံတက်လာတာဖြစ်ပါတယ်။ ပြီး  တော့ ရေထွက်ပေါက်ဖြစ်တဲ့ ချောင်းတွေမှာ စွန့်ပစ်အမှိုက်တွေကြောင့် ရေမစီးဘဲ ရေလျှံတာလည်ြး့ဖစ်နိုင်ပါတယ်။

ရေဘေးဒုက္ခသည်တွေကို အစိုးရအနေနဲ့ တာဝန်ကျေမဟုတ်ဘဲနဲ့ စေတနာထားပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာလည်း အဆက်မပြတ်ကူညီဆောင်ရွက်ပေးဖို့ တောင်းဆို ချင်ပါတယ်။

ဦးစိုးမင်းလွင်

(ဆည်မြောင်းဦးစီးအရာရှိ၊ မကွေးတိုင်း)

ဘေးအန္တရာယ်ကျရောက်တဲ့ဒေသ ကြေညာလိုက်တဲ့ဟာတောင်  ကျွန်တော်မသိပါဘူး။ ကျွန်တော်လည်း ဒီဘက်မှာလုပ်နေတာနဲ့  အစိုးရ အဖွဲ့ကလည်း လုပ်တော့လုပ်နေတာပဲ။ မီးသတ်တို့၊ တပ်တို့က ဒေသခံ အာဏာပိုင်တွေကလည်း လုပ်တော့လုပ်နေတယ်။ ကျွန်တော်ကိုယ်တိုင် ကလည်း ကယ်ဆယ်ရေးနေရာကို အခုမှရောက်တာဆိုတော့။ အဓိက ကတော့ ရွာတိုင်းစေ့ အရေးပေါ်လိုအပ်တဲ့အကူအညီပေါ့။ ဆန်၊ ဆီ၊ ဆား၊ ရေထဲမှာပါလာတဲ့ အကောင်လေးတွေရှိတော့ ဓာတ်မီးတွေ၊ဆိုလာ မီးလေးတွေပေါ့။ ဒါလေးတွေအ ရေးပေါ်ပို့ပေးစေချင်တာပေါ့။ အ၀တ် အထည်တွေကျတော့ ကြိုတင်ပြင်ဆင်တာတွေရှိတဲ့အတွက် အ၀တ် အ ထည်တွေဆုံးရှုံးတာနည်းတယ်။ စားဖို့သောက်ဖို့ ဆန်၊ ဆီ၊ ဆား၊ အ ခြောက်အခြမ်းလေးတွေလည်းလို တယ်။ အခုရွာတွေကိုလိုက်လေ့လာနေ တယ်။ တတ်နိုင်သလောက် လိုက်လှူနေတာပေါ့။ ဒေသခံအဖွဲ့တွေ နဲ့ လည်းပေါင်းပြီး လှူဖို့ပြင်ဆင်နေတယ်။ နိုင်သလောက်တော့စနေပြီ။ ဘယ်လိုကြောင့်ဖြစ်သွားလဲဆိုတော့ မုန်တိုင်းရယ်၊ မုတ်သုံရယ်၊ မိုးရယ်ကြောင့်၊ မုန်တိုင်းမိုး၊ မုတ်သုံမိုးစုံသွားတာပေါ့။ မုန်းချောင်းရေကလည်း ကြီးသွားတယ်။ တစ်နိုင်ငံလုံးတော့ဖြစ်တယ်။ ဒီမှာတော့ မုန်းချောင်းရေကြီးလို့ဖြစ်သွားတာပေါ့။

ကိုထွန်း

(သီရိမင်္ဂလာဈေး၊ သစ်သီးရောင်းဝယ်ရေး)

ရေဘေးအန္တရာယ်အရမ်းဆိုးရွားမှ အရေးပေါ်အခြေအနေကြေ ညာတာတော့ အရမ်းနောက်ကျနေပြီ။ အစောပိုင်းကတည်းက ရေဘေး အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်တယ်။ အသက်ဘေးကာကွယ် ရေးအတွက် အဓိကထားလုပ်သင့်တယ်။ ကယ်ဆယ်ရေး၊ ကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေးကို အဓိကလုပ်ပေးစေချင်တယ်။ ဒီလိုရေကြီးတာ မျိုး တစ်ခါမှမကြုံဖူးဘူး။ သဘာဝဘေးအန္တရာယ်ကျ ရောက် နိုင်တဲ့ ဒေသတွေမှာ ကြိုတင်ကာကွယ်မှုတွေလုပ်ထားသင့်တယ်။ အ၀တ်အထည်၊ အစားအသောက်၊ ဆေး ၀ါးနဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေ လှူဖို့လိုတယ်။ ရေဘေးလှူဖို့ လိုက်ကောက်နေတဲ့လူငယ် အဖွဲ့တွေကို တတ်နိုင်သလောက် လှူဖြစ်တယ်။

ဦးသြကြီး

(ဒူးရင်းသီးလက်ကားရောင်းချသူ၊ သီရိမင်္ဂလာဈေး)

ရေဘေးအန္တရာယ်ဆိုးရွားအဆင့်ရောက်မှ အစိုးရကဘေးအန္တရာယ် ကျရောက်တဲ့ အခြေအနေဆိုပြီး ပြန်လိုက်တာ တော်တော်နောက်ကျ သွားပြီ။ အဓိကကတော့ ရေဘေးသင့်ပြည်သူတွေအတွက် အစိုးရက စီးပွားရေး၊ ကျန်းမာရေးတွေကို ပြန်လုပ်ပေးသင့်တယ်။ ဘာကြောင့် ဒီ လောက်ကြီးရေကြီးတာလဲဆိုတော့ သစ်ပင်တွေမရှိတော့လို့ဖြစ်တာလို့ ထင်တယ်။ လက်ရှိ ရေဘေးသင့်တဲ့ပြည်သူတွေကိုကြည့်ပြီး စိတ်ထဲမ ကောင်းဘူး။ နေရာတော်တော်များများမှာ လူငယ်တွေဦးဆောင်ပြီး အ လှူခံနေကြလို့ အဲဒီနေရာတွေမှာ တတ်နိုင်သလောက် ငွေတွေလှူဒါန်း ဖြစ်ပါတယ်။

ကိုမင်းမင်း

(မှော်ဘီမြို့မ ပရဟိတအဖွဲ့)

အခုရေဘေးမှာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးချင်ပါတယ်။ အခုရေဘေးက ရာသီဥတုနဲ့အဓိကဆိုင် ပြီးတော့ မိုးကလည်း မနှစ်က ထက် နှစ်ဆလောက်ပိုရွာတဲ့အတွက် နေရာတော်တော်များများမှာ ရေ ကြီး ရေလျှံမှုတွေဖြစ်နေတာလို့ မြင်ပါတယ်။ ဆည်တွေဆောက်တာ ကြောင့်လည်းပါမယ်ထင်တယ်။ ရေဘေး အန္တရာယ်ဆိုးရွားတဲ့အဆင့် ရောက်မှ အစိုးရက ရေဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသကိုထုတ် ပြန်ဖို့ နောက်ကျတာလည်း သူတို့မှာအားနည်းချက်တွေရှိလို့ဖြစ်မှာပါ။အခုတော့ ရေဘေးအတွက် ကျွန်တော်တို့ လူငယ်တွေ မနက်ကအလှူ လိုက်ခံနေပါတယ်။ ပြီးရင် အဖွဲ့နဲ့လိုအပ်နေတဲ့နေရာတွေမှာ သွားလှူ ကြမှာပါ။ ပွင့်ဖြူအထိသွားဖို့ ရည်ရွယ်ထားတယ်။

ဦးသာအောင်

(ကုန်သည်တန်းရပ်ကွက်၊ မြောက်ဦးမြို့)

အခုလိုအရေးပေါ်အခြေအနေ ကြုံတွေ့နေရတဲ့အချိန်မှာ ပြည် ထောင်စုနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ လာရောက်ကြည့်ရှုတာ အရမ်း နောက်ကျပါတယ်။ သြဂုတ် ၁ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ရှိသူတွေ ရောက်ပါတယ်။ ပျက်စီးမှုတွေကို အကုန်လုံးပြန်လုပ် ပေးဖို့ ပြောပါတယ်။ မျိုးစပါးနဲ့ ဓာတ်မြေသြဇာတွေကိုလည်း အားလုံး ပံ့ပိုးပေးဖို့ပြောသွားပါတယ်။ ရေကြီးမယ်ဆိုတာကို ကြိုတင်သတိပေး ချက် တစ်ယောက်မှ မထုတ်ပြန်ခဲ့တဲ့အတွက် အခုလိုတစ်မြို့လုံး ရေနစ် ရတဲ့အခြေအနေ ရောက်သွားတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်းတွေ ကို စပြီးပြောင်းရွှေ့လာကတည်းက ကိုယ့်အစီအစဉ်နဲ့ကိုယ် ရပ် တည်ခဲ့ ကြပြီးတော့ အခုတော့ အစိုးရအဖွဲ့တွေက ထောက်ပံ့ပစ္စည်းတွေလာပေး နေပါတယ်။ အခုအချိန်မှာ စားနပ်ရိက္ခာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေပါတယ်။ ကျွန်တော့်အသက် (၇၂) နှစ်မှာ ဒီတစ်ခါရေကြီးတာအဆိုးဆုံးပါပဲ။

ဦးဇင်မင်းဆွေ

(ဒါရိုက်တာ၊ Regal Hospitality Co.,Ltd ၊ မန္တလေး)

အခုခေတ်မှာ သတင်းအချက်အလက်တွေက အရမ်းအားကောင်း လာတော့ တစ်ခုခုဆိုရင် ဆိုရှယ်မီဒီယာ တွေကနေ လူထုကချက်ချင်းသိ ပြီလေ။ အစိုးရအနေနဲ့ အရေးပေါ်အခြေအနေကြေညာဖို့က သူတို့ရဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ရှိနေပုံရပါတယ်။တကယ် ဆိုရင် ဒီထက်ပိုပြီးမြန်မြန်ဆန်ဆန် ဆောင်ရွက်သင့်တဲ့ကိစ္စပါ။ ဒါမျိုးက တုံ့ဆိုင်းမနေသင့်ဘူးလို့မြင်တယ်။ ကိုယ်တိုင် ၂၀၁၄ ဖေဖော်ဝါရီလမှာ ဂျပန်ရောက်တုန်းက အဆိုးရွားဆုံးနှင်းမုန်တိုင်းနဲ့ ကြုံခဲ့ဖူးတယ်။ ချက် ချင်း အရေးပေါ်အခြေအနေကြေ ညာတယ်။ ကယ်ဆယ်ရေးတွေ၊ ရ ဟတ်ယာဉ်တွေနဲ့ တောက်လျှောက်လုပ်ဆောင်နေတာကို တွေ့တယ်။ အဲဒီမှာ အစိုးရက ဦးဆောင်ပြီး အချိန်နဲ့တစ်ပြေးညီ ကယ်ဆယ်နေတာ ကို မျက်မြင်တွေ့ခဲ့ဖူးတယ်။ အစိုးရရဲ့ ကယ်ဆယ်ရေး Plan တွေနဲ့ ကြိုတင်ပြီး ထိထိရောက်ရောက်ဆောင်ရွက်ထားစေချင်တယ်။ ဖြစ်လာပြီးမှ ဆိုရင်တော့ ဆုံးရှုံးမှုတွေ ပိုပြီးတော့များတယ်။ ပြောင်းရွှေ့သင့်တာ၊လုပ် သင့်တာတွေ အခုလျင်လျင်မြန်မြန်နဲ့ထိထိရောက်ရောက် အင်တိုက် အားတိုက်ဆောင်ရွက်စေချင်တယ်။

ကိုထက်မြက်

(ကုန်သည်၊ သလ္လာရပ်ကွက်၊ မုံရွာမြို့)

အစိုးရအနေနဲ့ ကြိုတင်သတိပေးသင့်တယ်။ အရေးပေါ်ကယ်ဆယ် ရေးလုပ်ငန်းတွေ၊ သတင်းထုတ်ပြန်ရေး လုပ်ငန်းတွေကို ကြိုတင်ဆောင် ရွက်သင့်တယ်။ သတင်းအမှန်ကို ပြည်သူတွေဆီရောက်အောင် ပို့ပေး သင့်ပါတယ်။ ဘေးဒုက္ခကြုံတွေ့ရသူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့ တွေက သွားရောက်ကူညီတဲ့အခါ အာဏာပိုင်တွေအနေနဲ့ စစ်ဆေးမေး မြန်းခြင်းမရှိဘဲ အဘက်ဘက်က ပံ့ပိုးကူညီပေးသင့်တယ်။ ဒီရေဘေး အန္တ ရာယ်က နိုင်ငံက သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုသာမက နိုင်ငံ သားတိုင်းရဲ့ သဘာဝပတ်ဝန်း ကျင် ပျက်စီးဆုံးရှုံးမှု ဆိုးကျိုးတွေကြောင့် ဖြစ်တယ်လို့မြင်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် အစား အ သောက်၊ ဆေးဝါးတွေလိုမယ်။ ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေ လိုမယ်။ ကယ်ဆယ်ရေးစခန်းတွေ ကို မြို့ပေါ်သာမက ကျေးရွာပါဆောင် ရွက်ပေးသင့်တယ်။ မုံရွာမြို့ပေါ်  အစိုးရရော ကူညီကယ်ဆယ်ရေး အဖွဲ့ပါ စောင့်ကြည့်နေကြပေမယ့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေနဲ့ မုံရွာတောင်ဘက် ကျွန်းထဲဒေသမှာ ရေဘေးဒုက္ခရောက်နေတဲ့ ကျေးရွာတွေကို ကူညီစောင့်ရှောက်တာ မတွေ့ရသေးဘူး။

ကိုဇော်ထွန်း

(န၀င်းရပ်ကွက်၊ ပြည်မြို့)

ရေဘေးနဲ့ပတ်သက်လို့ အစိုးရပိုင်းက ကြိုတင်ပြင်ဆင်မှုအားနည်း တယ်။ ရေကြီးပြီး အန္တရာယ်ရှိ အခြေ အနေကြေညာတာတောင် အမှန် တကယ်ရေကြီးနေတဲ့ နေရာတွေမပါတာတွေရှိနေတယ်။ အစိုးရအနေနဲ့ ရေဘေးသင့်ရာဒေသတွေကို အကူအညီ၊ ကယ်ဆယ်ရေးထောက်ပံ့မှု တွေပေးနိုင်ဖို့ ရပ်ကျေးအဆင့်အထိ ကော်မတီဖွဲ့ပြီး ထိထိရောက်ရောက် ကူညီပေးပါ။ ရေဘေးက သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေတာ တွေ လုပ်လို့ဖြစ်တာပါ။ သစ်ခုတ်တာ၊ မြောင်းတွေ၊ ချောင်းတွေကော၊ မြစ်တွေသောင်းထွန်းအောင်လုပ် တာ။ ဒါတွေကြောင့် သဘာဝကိုပျက်စီး စေလို့ ဖြစ်ရတာ။ ဆည်တွေကလည်းလယ်ယာမြေအတွက် လိုအပ် တာ မှန်ပေမယ့် နည်းစနစ်မကျ၊ လိုအပ်တာထက်များပြီး တည်ဆောက်တာမျိုးကလည်း သဘာဝကို ပျက်စီး စေတယ်။ လက်ရှိတော့ ရေဘေးသင့်ဒေသတွေမှာ အစားအသောက်နဲ့ နေထိုင်မှုအဆင်ပြေရေးဆောင်ရွက် ရမယ်။ နောက်ပိုင်း တာရှည်လာရင် ကျန်းမာရေးနဲ့ကယ်ဆယ်ကူညီမှုတွေ လိုမယ်။ ကျွန်တော်တို့အနေနဲ့ ဒေသကလည်း ကြီးတဲ့အထဲပါနေတော့ ဒေသခံတွေနဲ့ပူးပေါင်းပြီး ဆန်ရယ်၊ ရေသန့်နဲ့ အဆာပြေမုန့်တွေ လှူဖြစ်တယ်။

ဦးကျော်လွင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး၊

အထက်မြန်မာပြည် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

မြန်မာနိုင်ငံအနေနဲ့ ရာသီဥတုပြောင်းလဲမှု (Climate Change) ၊ ရာသီပြောင်းလဲမှု (Climate Variability) နှစ်မျိုးစလုံး ကြုံတွေ့နေရပါ တယ်။ ရာသီပြောင်းလဲမှုက အယ်လ်နီညို၊ လာနီညာလိုမျိုးဖြစ်စဉ်တွေဖြစ် တာ။ မုတ်သုံလေစနစ် အင်အားပြောင်းလဲမှုများတာ၊ လေထုထဲမှာ ရွေ့ လျားပြောင်းလဲနေတဲ့ လေထုဖိအားစနစ် အပြောင်းအလဲတွေများတာ တွေကြောင့်ဖြစ်ရတယ်။ တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲမှုက သိသိသာသာ ရှိတယ်။ မနှစ်က မိုးဦး၊ မိုးလယ် အညာမှာ ဆိုးရွားစွာ မိုးခေါင်ခဲ့တယ်။ နောက်တစ်ချက်က မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ကာ ထူးခြားတဲ့လက္ခဏာဖြစ် ပါတယ်။ မုတ်သုံ ရာသီအားကောင်းနေတဲ့အချိန်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ခဲ့တဲ့အ တွက် မိုးကြီးမှု ရဲ့နောက်ဆက်တွဲ ဘေးအန္တရာယ်တွေဖြစ်ရတာပါ။ ဌာနမှာကြိုတင်သတိပေးချက်တွေကျယ် ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ပြောင်းလဲနေတဲ့ရာ သီဥတု 
အခြေအနေမှာ လိုက်လျောညီထွေစွာနေထိုင်နိုင်ဖို့အတွက် မိုးလေ၀သ၊ ဇလဗေဒ၊ မြေငလျင်ဆိုင်ရာ သဘာဝဘေးများ ကြိုတင်ကာကွယ်မှုအတွက် အစဉ်သတိရှိသင့်တယ်လို့ အကြံပြုချင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List